Thursday, November 8, 2018

သာယာလှသည့် တောမြိုင်အလယ်မှ နွားလပို့တောင် ဆံတော်ရှင်စေတီ

တောတောင်များအလယ်၌ တည်နေပုံ ထူးခြားလှတဲ့ နွားလပို့တောင် ဆံတော်ရှင်စေတီအကြောင်း တင်ပြပေးခြင်ပါတယ်။ မြင့်မားလှတဲ့ တောင်ပေါ်တွင် ကျောက်တုံးများ အထပ်ထပ်ဆင့်ပြီး တည်ရှိနေပုံက ဖူးမြင်ရသူအပေါင်း အံ့မခန်း ဖြစ်ကြရပါတယ်။ ထို့ပြင် နွားလပို့တောင်ပေါ်မှ ကြည့်လိုက်လျှင် သာယာအေးချမ်းလှတဲ့ သဘာဝတောတောင်ရေမြေအလှကလည်း သွားရောက်ဖူးသူတိုင်း အမြဲအမှတ်တရ ရှိနေစေပါတယ်။ နွားလပို့တောင်ပေါ်မှ ဆံတော်ရှင်စေတီသည် ကျိုက်ထီးရိုးစေတီတော်ကို တည်ထားခဲ့သော ရှင်တိဿရသေ့မှ ကျိုက်ထီးရိုးစေတီတော်ထက် ( ၅ ) နှစ်စောပြီး ဗုဓ္ဒဆံတော်မြတ်အစစ်တဆူကို အလယ်ကျောက်တုံး၌ဋ္ဌာပနာကာ ကျောက်တုံးသုံးလုံးဆင့်၍ တည်ထားခဲ့ခြင်း ဖြစ်ပါတယ်။ ဘွဲ့တော်မှာ ဗိန္ခိသေလာ ( ကျောက်များဆက်စပ်နေသောဘုရား ) ဖြစ်ပါတယ်။

နွားလပို့တောင်သည် မွန်ပြည်နယ် ၊ ပေါင်မြို့နယ်အတွင်း သဘာဝတောတောင်များ အလယ်၌ တည်ရှိနေပြီး ရန်ကုန်ဘက်မှသွားလျှင် ပေါင်မြို့အလွန် မော်လမြိုင်မြို့သို့ အသွားကားလမ်းပေါ်ရှိ
ကျုံကကျေးရွာမှ သွားရပါမည်။ တောင်ပေါ်သို့ တက်ရန် ယဉ်ရပ်နားစခန်းနှင့် တောင်တက်ကားများလည်း ရှိပါတယ်။ ယဉ်ရပ်နားစခန်းမှ နွားလပို့တောင်အထိ ၄ မိုင်ခန့် ဝေးပါတယ်။

တောင်တက်ကားများနှင့် တက်သွားလျှင် လမ်းခရီး၌ တောတောင်စိမ်းစမ်းများကိုဖြတ်ကာ တစ်တောင်တက် တစ်တောင်ဆင်း သွားရပါတယ်။ တောင်တက်ကားလမ်း အကွေ့အကောက်အတက်အဆင်းများကြား သာယာလှပတဲ့ ရှု့ခင်းများကို လုကာခံစားရပါတယ်။ နွားလပို့တောင်ပေါ်ရှိ ယဉ်ရပ်နားစခန်းမှ ဆံတော်ရှင်စေတီတော်ရင်ပြင်တော်ဆီ တက်ရောက်ရပါတယ်။ ရင်ပြင်တော်သို့ ရောက်သည်နှင် တည်ပုံဆန်းကြယ်လှတဲ့ နွားလပို့တောင် စေတီတော်ရဲ့ ထက်ဝက်ခန့်ကို ဖူးမြင်ရမည် ဖြစ်ပါတယ်။


ရင်ပြင်တော်ပေါ်မှ ဖူးမျှော်လျှင် ကျောက်တုံးသုံးလုံးဆင့်တွင် အလယ်နှင် အပေါ်ဆုံးစေတီတည်ရာ ကျောက်တုံးတော်သာ ဖူးမြင်ရမည် ဖြစ်ပါတယ်။ အနည်းငယ်အောက်ဆင်းကြည့်မှ ကျောက်တုံးသုံးလုံး ပြိုတော့မယောင် တိမ်းစောင်းကာ တည်ရှိနေသည်ကို ဖူးမြင်နိုင်မည် ဖြစ်ပါတယ်။ ထို့ကြောင်ပင် နွားလပို့တောင်စေတီတော်ကို ပြိုမယောင်ဘုရားဟုလည်း တင်းစားပူဇော်ကြလေ့ ရှိပါတယ်။

နွားလပို့တောင် ဆတော်ရှင်စေတီ၏ မူလဘုရားဘွဲ့ တော်မှာ ဗန္ဓိသေလာ (ကျောက်များဆက်စပ်နေသောဘုရား) ၊ ကရင်ဘာသာအရ လုံးထိုမို (ကျောက်တို့ ဘုရား) ၊ မွန်ဘာသာအရ ကျိုက်ဗောာ့ဂလ် ဖြစ်ပြီး သာသနာသက္ကရာဇ် ၄၇ ခုနှစ်တွင် ရှင်တိဿရသေ့မှ ကျိုက်ထီးရိုးစေတီတော်ထက် ( ၅ ) နှစ်စောပြီး တည်ခဲ့ပါတယ်။ ပင်လယ်ပြင်ရေမျက်နှာပြင်အမြင့် (၁၈၈၈)ပေ အမြင့်တွင် ထီးထီးကြီး တည်ရှိနေပြီး အပေါ် ကျောက်တုံး အမြင့် (၈.၂၅) ပေ၊ အပေါ် ကျောက်တုံး ပတ်လည် (၂၅.၅၀) ပေ၊ အလယ် ကျောက်တုံး အမြင့် (၁၀.၅၀) ပေ၊ အလယ် ကျောက်တုံး လုံးပတ် (၄၂.၇၅) ပေ၊ အောက်ခံကျောက်တုံးအမြင့် (၇.၅၀) ပေ၊ အောက်ခံကျောက်တုံးလုံးပတ် (၅၂.၅၀) ပေရှိကြောင်း သိရှိရပါတယ်။

နွားလပို့တောင် ဆံတော်ရှင်စေတီရင်ပြင်တော်ပေါ်မှ ကြည်လျှင် သာယာလှပသော တောတောင်များကို အပေါ်စီးမှ တွေ့မြင်ရမည် ဖြစ်ပါတယ်။ လေတဖြူးဖြူးဖြင့် သဘာဝတောတောင်များအလှကို ခစားရသည်မှာ သွားရတဲ့ ခရီးလမ်း ဘယ်လောက်ကြမ်းကြမ်း အမောအပန်းပြေစေမည် ဖြစ်ပါတယ်။

အထူးသဖြင့် ရာသီဥတုသာယာသော အချိန်များတွင် တောင်စဉ်တောင်တန်း အထပ်ထပ် ၊ အောက်ခြေမြေပြင်ညီမှ စီးဆင်းနေသော မြစ်ပြင် တို့နှင်အတူ တိုက်ခက်နေသော လေပြေအေးတို့မှာ အလွန်ပင် လိုက်ဖက်ညီပြီး ရှု့မဆုံးဖွယ် ဖြစ်ရပါတယ်။ နွားလပို့တောင်၏ အနီးအနားတွင် သီတဂူဆရာတော် ဦးဥာဏိဿရ၏ တောရဆောက်တည်ခဲ့ဖူးသည့် သပိတ်အိုင်တောရကျောင်း ရှိကြောင်း သိရပါတယ်။

နွားလပို့စေတီ၏ အောက်ခံကျောက်တုံးပေါ်၌ တရုတ်စာ သုံးလုံးထွင်းထားသည်ကို တွေ့ခဲရပြီး အဓိပ္ပါယ်မှာ ပြိုမယောင်ကျောင်းတော်ဟု သိရပါတယ်။ အလွန်ရှေးကျသောအချိန်ကတည်းက တရုတ်သူတော်စင်များ နေထိုင်ခဲ့ခြင်း အထိမ်းအမှတ်ဖြစ်ကြောင်း သိရပါတယ်။

( ၁၂ ) လရာသီပတ်လုံး ဘုရားဖူးများ သွားရောက်ဖူးမျှော်နိုင်ပြီး နှစ်စဉ်ပွဲတော်ကျင်းပရက်မှာ သင်္ကြန်အကြတ်နေ့ မှ နှစ်ဆန်းတစ်ရက်နေ့  အထိ စည်ကားသိုက်မြိုက်စွာကျင်းပမြဲဖြစ်ပါတယ်။ ယခင်က လူအရောက်အပေါက် နည်းသော်လည်း ယခုအခါ ဘုရားဖူးခရီးစဉ်များတွင် ထည်သွင်းကာ လာရောက်တတ်ကြပါတယ်။
တောင်တက်ကား စီးရမည့်တောင်ခြေစခန်း

ပြိုမယောင် တည်ရှိနေသည့် နွားလပို့တောင် စေတီတော်
တောင်ပေါ်ယဉ်ရပ်နားစခန်းမှ ရင်ပြင်ပေါ်သို့ အတက်လမ်း
တောင်ပေါ်မှ တွေ့မြင်ရသော ရှု့ခင်းများ

နွားလပို့တောင် တည်ရှိရာ မြေပုံ

မွန်ပြည်နယ်တွင် တန်ခိုးကြီး ဘုရားစေတီများ ၊ သဘာဝလှိုဏ်ဂူများ ၊ စိမ်းစမ်းရေတခွန်များ ၊ ပင်လယ်ကမ်းခြေများ နှင့်အတူ သဘာဝတောတောင်ရေမြေအလှများ ပေါများစွာ တည်ရှိနေပါတယ်။ ယခု နွားလပို့တောင် ဆံတော်ရှင်စေတီသည်လည်း အံ့မခန်းဖွယ် တည်ပုံဆန်းသည့် စေတီတော်ကို ဖူးမြင်ရမည် ဖြစ်သလို သဘာဝအလှအပများကို တ၀ကြီး ခစားနိုင်မည့် ခရီးစဉ်တစ်ခုပင် ဖြစ်ပါတယ်။ ထို့ကြောင့် သူငယ်ချင်းတို့အနေဖြင့် မွန်ပြည်နယ်သို့ရောက်လျှင် နွားလပို့တောင် ဆံတော်ရှင်စေတီတော်ကို ၀င်ရောက်ဖူးမျှော်နိုင်ကြပါစေရန် တိုက်တွန်းရေးသားလိုက်ပါတယ်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...