Saturday, November 17, 2018

ကနေဒါခွဲစိတ်ကုဆရာဝန်က ၈ နှစ်သားရဲ့ ဝက်ဝံရုပ်ကို ခွဲစိတ်ပေး


- ကနေဒါနိုင်ငံသား ခွဲစိတ်ဆရာဝန်တစ်ဦးဟာ သူ့လူနာရဲ့ စုတ်ပြဲနေတဲ့တက်ဒီဝက်ဝံရုပ်ကို  မေ့ဆေး မပါဘဲ ခွဲစိတ်ကုသမှုတစ်ခုလုပ်ဆောင်ခဲ့အပြီး အင်တာနက်မှာ လူပြောများနေတဲ့သတင်းတစ်ခု ဖြစ်လာပါတယ်။
ဒေါက်တာ ဒန်နီရယ် မက်နီလီဟာ နိုဗာစကော့ရှာပြည်နယ်၊ ဟဲလီဖက်က IWK ကျန်းမာရေးစင်တာမှာ ဦးနှောက်ခွဲစိတ်ကု ဆရာဝန်တစ်ဦးဖြစ်ပြီး ရဲတင်းတဲ့ခွဲစိတ်မှုကို တနင်္ဂနွေနေ့က တွစ်တာပေါ်မှာ တင်ခဲ့ပါတယ်။
သည် ကြည်နူးအားရဖွယ် ပို့စ်ကို ပြန်လည်ရေးသားသူ ၁၁၀၀၀ ကျော်နဲ့ လိုက်ခ်ပေးသူ ၂၆၀၀၀ ကျော်ရရှိထားပြီးဖြစ်ပါတယ်။
အသက်ရှစ်နှစ်အရွယ် ဂျက်ဆန်မက်ကီက ခွဲစိတ်ခန်းအတွင်းကို သူ ယူဆောင်လာခဲ့တဲ့ သူ့အချစ်ဆုံး အရုပ်ကလေးကို ခွဲစိတ်ပေးနိုင်မလားလို့ ဒေါက်တာ မက်နီလီကို မေးမြန်းခဲ့ပါတယ်။
ဂျက်ဆန်မှာ ဦးနှောက်အတွင်း ရေအများအပြားရှိနေတဲ့ အခြေအနေတစ်ခုဖြစ်တဲ့ hydrocephalus ရောဂါနဲ့ ဆိုးရွားတဲ့ ခေါင်းကိုက်ဝေဒနာကို ခံစားနေရပါတယ်။
ဒေါက်တာ မက်နီလီဟာ ဂျက်ဆန် မွေးကတည်းက ဦးနှောက်ခွဲစိတ်စောင့်ရှောက်ပေးထဲ့တဲ့ဆရာဝန်တွေထဲက တစ်ဦးဖြစ်ပြီး ဖိအားတွေကိုလျှော့ချဖို့ ဦးနှောက်ကနေ အရည်စီးဆင်းမှုကို ကူညီပေးနိုင်တဲ့ လမ်းလွှဲ (shunt) တစ်ခုကို ပြန်လည်ပြုပြင် ပေးခဲ့ပါတယ်။
သူ့ရဲ့တွစ်တာစာမျက်နှာပေါ်က တစ်ခုတည်းသော ရေးသားချက်မှာ ဒေါက်တာမက်နီလီက 'ကျွန်တော် လုပ်မပေးနိုင်ဘူးလို့ ဘယ်လိုပြောရက်မှာလဲ' လို့ ရေးသားခဲ့ပါတယ်။
သူဟာ အရုပ်ကို ချိုင်းမှာ ဒဏ်ရာတစ်ခုရှိတယ်လို့ ရောဂါအမည်သတ်မှတ်လိုက်ပြီး 'အောက်ဆီဂျင်မျက်နှာဖုံး' တစ်ခုနဲ့ သည်ခွဲစိတ်မှုကို ဆောင်ရွက်ခဲ့ပါတယ်။
ဂျက်ဆန်ရဲ့အဖေဖြစ်သူ မစ္စတာ ရစ်မက်ကီ က သူတို့ရဲ့သား မမွေးခင်ကတည်းက သည်အရုပ်ကို သူတို့မိသားစုက လက်ဆောင်ရခဲ့တယ်လို့ ပြောပြပါတယ်။
'သူက အရမ်းကို ဂုဏ်ယူနေတယ်။ သူ့ရဲ့ အရုပ်ကလေးက ဆေးရုံခုတင်မှာ သူ့နဲ့အတူ လဲလျောင်းနေပြီး အရာအားလုံး အတူရှိနေတယ်' လို့ မစ္စတာမက်ကီက ပြောပါတယ်။
သူ့ရဲ့ တွစ်တာရေးသားချက်က ပျံ့နှံ့သွားပြီး ပြည်တွင်းမီဒီယာတွေနဲ့ အင်တာဗျူးတစ်ခုမှာ ဒေါက်တာ မက်နီလီက 'သည်ကောင်လေးကို စိတ်ချမ်းသားမှုခံစားရစေဖို့ ကျွန်တော် ဘာများလုပ်ပေးနိုင်မလဲလို့ တွေးခဲ့တယ်၊ ဒါဟာ သာမန်အပြုအမူလေးတစ်ခုပါပဲ၊ ကူညီပေးရတဲ့အတွက် ကျွန်တော် အရမ်းပျော်ရပါတယ်'
သည်လုပ်ဆောင်ချက်က ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ သူတို့ရဲ့ လူနာတွေကို ဆေးပညာနည်းလမ်းနဲ့မဟုတ်ဘဲ ဝေဒနာသက်သာအောင် ဘယ်လိုလုပ်ပေးနိုင်သလဲဆိုတာရဲ့ ဥပမာတစ်ခုပဲလို့ သူက ထပ်ပြောခဲ့ပါတယ်။
အောင်မြင်စွာ ခွဲစိတ်အပြီးမှာ လူနာနှစ်ဦးစလုံး ပြန်လည်ကောင်းမွန်လာပါပြီ။
မေသက်
Ref: TST. Oct 5, 2018
Credit:ကုမုဒြာ

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...