Thursday, November 29, 2018

ကမ္ဘာ့ အပူဆုံး ဒေသများ

ကျွန်ုပ်တို့ ကမ္ဘာကြီးပေါ်တွင် အလွန်အမက်း အေးတဲ့နေရာတွေရှိသလို စံချိန်တင်လောက်အောင် အပူဒဏ်ခံရတဲ့ နေရာတွေလည်း ရှိကြပါတယ်။ ယခင်က နေခရမ်း Page တွင် ကမ္ဘာ့အအေးဆုံး ဒေသများကို တင်ပြပေးပြီး ဖြစ်သလို ယခုလည်း အပူဆုံးဒေသများကို (၁) မှ (၁၀) အထိစုစည်း တင်ပြပေးလိုက်ပါတယ်။ ဘယ်နေရာတွေက အပူဒဏ်ဘယ်လောက်ခံရသလဲဆိုတာ ကြည့်လိုက်ရအောင်နော်…
ကမ္ဘာပေါ်မှ အပူဆုံး နေရာဒေသများပြမြေပုံ

1. Death Valley, California, USA
ကမ္ဘာ အပူဆုံးဒေသဆိုသည်နှင့် အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်မှ မာရဏတောင်ကြားကို ပြေးမြင်မိတတ်ကြပါတယ်။ ထိုဒေသသည် နာမည်နှင့်လိုက်အောင်ပင် အလွန်ပူပြင်းမှုရှိပြီး မှတ်တမ်းများအရ ၁၉၁၃ ခုနှစ် နွေရာသီတွင် အပူချိန် ၅၆.၇ ဒီဂရီအထိ ရောက်ရှိခဲ့ပါတယ်။ ဒါဟာ ကမ္ဘာ့အပူဆုံးစံချိန်မှတ်တမ်းအဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ထိုအပူချိန်သည် လူသားများ အသက်ရှင်ဖို့ မလွယ်လောက်အောင်ပင် ဖြစ်ပါသည်။ ယခုအချိန်တွင်တော့ နှစ်စဉ်ပျှမ်းမျှအပူချိန် ၄၇ ဒီဂရီထိ ရှိပြီး အမေရိကန်နိုင်ငံရဲ့ အခြောက်သွေ့ဆုံး ဒေသတစ်ခုလည်း ဖြစ်ပါတယ်။ မာရဏတောင်ကြားဒေသတွင် စိတ်ဝင်စားဖွယ် အကြောင်းအရာများနှင့် နေရာဒေသများကြောင့် နှစ်စဉ်ခရီးသွားများ သွားရောက်လည်ပတ်တတ်ကြပါတယ်။

2. Aziziyah, Libya
လစ်ဗျားနိုင်ငံ အက်ဇီဇီယာ့ဒေသကတော့ အလွန်ပူပေမယ့် လူနေထိုင်မှုရှိတဲ့ နေရာတစ်ခုပါ။ ထိုဒေသသည် တစ်ချိန်က ကမ္ဘာ့အပူဆုံးဒေသအဖြစ် စံချိန်တင်ခဲ့ပါတယ်။ ဒါကလည်း ၁၉၂၂ ခုနှစ်တွင် အပူချိန် ၅၈ ဒီဂရီစင်တီဂရိတ်အထိ ရှိခဲ့တယ်လို့ဆိုပါတယ်။ ဒါပေမယ့် နောက်ပိုင်း ၂၀၁၂ ခုလောက်တွင် ပြန်လည်စီစစ်ရာ၌ ထိုယခင်မှတ်တမ်းတွင် အမှားအယွင်းများရှိနေသည်ဟုဆိုကာ အပူဆုံးစံချိန်အဖြစ် သတ်မှတ်ခြင်း မရှိကြတော့ပါ။ ဒါပေမယ့် ထိုဒေသသည် ယခုအချိန်၌ နှစ်စဉ်ပျမ်းမျှ ၄၈ ဒီဂရီထက်ပိုပြီး ပူပါတယ်။ ထိုဒေသရှိ မြို့လေးသည် ကမ္ဘာပေါ်တွင် အပူဆုံးဒေသတွင်ရှိသော မြို့အဖြစ် သတ်မှတ်ကြပါတယ်။ 
Aziziyah, Libya တည်ရှိရာပြ မြေပုံ
 
3. Dallol, Ethiopia
သဘာဝအတိုင်း ဖြစ်တည်နေသော ပုံစံများကြောင့် ကမ္ဘာ့သတင်းစာမျက်နှာများတွင် မကြာခဏဖော်ပြခံရသော ဒေသတစ်ခုဖြစ်ပါတယ်။ အီသီယိုးပီးယားနိုင်ငံ ၊ ဒဲလော့ဒေသသည် ဆားပုံဆောင်ခဲများ၊ အက်စစ်ဓာတ်ပြင်းသော ရေပူစမ်းများ၊ ဓာတ်ငွေ့များကြောင့် ထိုကဲ့သို့ ထူးခြားသော ပုံစံဖြစ်တည်နေခြင်း ဖြစ်ပြီး ၁၉၆၀ မှ ၁၉၆၆ ကာလအတွင်း ပျမ်းမျှအပူချိန် ၄၁ ဒီဂရီအထိ ရှိခဲ့ပါတယ်။ သဘာဝအတားအဆီးများကြောင့် လူသူနေထိုင်ခြင်း မရှိတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။
Dallol, Ethiopia တည်ရှိရာပြ မြေပုံ

4. Wadi Halfa, Sudan
ယခုနှစ်များတွင် တစ်နှစ်လုံးမိုးရွားသွန်းမှု မရှိတဲ့အထိ ပူလောင်နေတဲ့ မြို့တစ်မြို့ ဖြစ်ပါတယ်။ ဝါ့ဒီဟဲလ်ဖာမြို့သည် ဆူဒန်နိုင်ငံ၊ Nubia ရေကန်ကြီးရဲ့ ကမ်းခြေတွင် တည်ရှိနေပြီး ဇွန်လသည် အပူဆုံးဖြစ်ပြီး ပျမ်းမျှအပူချိန် ၄၁ ဒီဂရီအထိ ရှိပါတယ်။ ထိုမြို့လေးသည် ၁၉၆၇ ခုနှစ် ဧပြီလမှာ အပူချိန်အမြင့်ဆုံးအဖြစ် ၅၁ ဒီဂရီ အထိ ရောက်ရှိခဲ့ပါတယ်။

5. Dasht-e Loot, Iran
ဒီကန္တာရကတော့ ကမ္ဘာပေါ်တွင် မြေပြင်အပူချိန် အမြင့်ဆုံး သဲကန္တာရအဖြစ် သတ်မှတ်ထားကြပါတယ်။ ၂၀၀၃ ကနေ ၂၀၀၉ ခုနှစ်အတွင် ဂြိုလ်တုမှ တိုင်းတာချက်အရ အပူချိန် ၇၀.၇ ဒီဂရီအထိ ရှိခဲ့ပါတယ်။ ဒါဟာ ကြောက်စရာကောင်းသော အပူချိန်မှတ်တမ်းဖြစ်ပြီး လူနေထိုင်ခြင်း ကင်းမဲ့တဲ့ ဒေသတစ်ခု ဖြစ်ပါတယ်။
Dasht-e Loot, Iran တည်ရှိရာပြ မြေပုံ

6. Tirat Zvi, Israel
အစ္စရေးနိုင်ငံ Tirat Zvi ဒေသရှိ kibbutz စုပေါင်းလယ်ယာလေးဟာ ၁၉၄၂ ခုနှစ်တွင် အမြင့်ဆုံးအပူချိန်အဖြစ် ၅၄ ဒီဂရီအထိ ရောက်ရှိခဲ့ပါတယ်။ ယခုအချိန်ထိ နှစ်စဉ်ပျမ်းမျှ ၃၇ ဒီဂရီလောက်ထိ အပူချိန်ရှိပါတယ်။ ခြောက်သွေ့ပူလောင်တဲ့ ဒေသမှာ စိမ်းလန်းသော စိုက်ပျိုးမြေများ ဖော်ဆောင်နိုင်တာကတော့ ချီးကျူးစရာ ကောင်းလှပါတယ်။
Tirat Zvi, Israel တည်ရှိရာပြ မြေပုံ

7. Timbuktu, Mali
Timbuktu မြို့ဟာ မာလီနိုင်ငံ၊ ဆာဟာရသဲကန္တာရရဲ့ တောင်ဘက်စွန်းပိုင်းတွင် တည်ရှိနေပါတယ်။ ဆောင်တွင်းဘက်တွင်ပင် ပူလောင်မှုကို ခံစားကြရပြီး ဇန်န၀ါရီလတွင် ပျမ်းမျှအပူချိန် ၃၀ ဒီဂရီ ရှိပါတယ်။ အမြင့်ဆုံးအပူချိန်စံချိန်မှတ်တမ်းမှာ ၄၉ ဒီဂရီအထိ ရှိခဲ့ပါတယ်။
Timbuktu, Mali တည်ရှိရာပြ မြေပုံ

8. Kebili, Tunisia
တူနီးရှားနိုင်ငံမှ ထိုကန္တာရဒေသဟာ နွေရာသီဆိုလျှင် ပျှမ်းမျှ အပူချိန် ၄၀ ထက်ပိုပြီး ပူပါတယ်။ အမြင့်ဆုံးအပူချိန်စံချိန်မှတ်တမ်းမှာ ၅၅ ဒီဂရီအထိ ရှိခဲ့ပါတယ်။
Kebili, Tunisia တည်ရှိရာပြ မြေပုံ

9. Ghadames, Libya
သဲကန္တာရအလယ်မှ အိုအေစစ်လေးတစ်ခုအဖြစ် တည်ရှိနေတဲ့ ထိုဒေသလေးဟာ ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဒေသတစ်ခု ဖြစ်ပါတယ်။ ရွံ့နဲ့တည်ဆောက်ထားတဲ့ များပြားလှတဲ့ တဲအိမ်လေးတွေ၏ ပုံစံကြောင့်လည်း လူသိများ ကြော်ကြားရခြင်း ဖြစ်ပါတယ်။ ထိုသဲအိမ်လေးများဟာ နေထိုင်သူ ၇၀၀၀ ခန့်ကို ပူပြင်းလှတဲ့ အပူဒဏ်မှ ကာကွယ်ပေးပါတယ်။ ထို့ကြောင့်ပင် ထိုဒေသကို ကန္တာရ၏ ပုလဲလို့ တင်စားခေါ်ကြပါတယ်။ ပျမ်းမျှအပူချိန် ၄၀ ဒီဂရီ ရှိတတ်ပါတယ်။ အမြင့်ဆုံးအပူချိန်စံချိန်မှတ်တမ်းမှာ ၅၅ ဒီဂရီအထိ ရှိခဲ့ပါတယ်။ အထက်တွင်လည်း လစ်ဗျားနိုင်ငံမှ ဒေသတစ်ခု ပါဝင်နေပါသေးတယ်။ ဒါကလည်း လစ်ဗျားနိုင်ငံရဲ့ ဧရိယာ အတော်များများဟာ သဲကန္တာရ ဖြစ်နေသဖြင့် အပူချိန်အများဆုံး ဒေသများတွင် များစွာပါဝင်နေရခြင်း ဖြစ်ပါတယ်။
Ghadames, Libya တည်ရှိရာပြ မြေပုံ

10. Bandar-e Mahshahr, Iran
အီရန်နိုင်ငံမှ Bandar-e Mahshahr မြို့လေးဟာ အပူချိန်အမြင့်ဆုံးစံချိန်မှာ ၅၁ ဒီဂရီအထိ ရှိခဲ့ပါတယ်။ 
Bandar-e Mahshahr, Iran တည်ရှိရာပြ မြေပုံ
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...