
အင်္ဂလန်နိုင်ငံ တိုက်ဆိုက်(ဒ်) ကောင်တီ လွန်ဘန်တန်ခရိုင်တွင် နေထိုင်သော စတီဖင် ကော်လန်အမည်ရှိ အမျိုးသားတစ်ဦးသည် ညအချိန်မတော် ၄င်း၏ Range Rover ကားကို ခိုးရန် ကြိုးစားခဲ့သည့်ကားသူခိုးကို ကိုယ်လုံးတီးဖြင့် ဖမ်းဆီးခဲ့ရသည်။
အသက် ၂၉ နှစ်အရွယ် မစ္စတာကော်လန်နှင့် သူ၏ချစ်သူ နီကိုလာဘော(လ်)(ဒ်)ဝင် (၃၃ နှစ်) တို့သည် ပြီးခဲ့သော အပတ် အင်္ဂါနေ့က နေအိမ်၌ တီဗွီကြည့်နေကြစဉ် အိမ်ရှေ့တွင် ရပ်ထားသော Range Rover ကားမှ အချက်ပေးသံ မြည်လာခဲ့သည်။ ကားအချက်ပေးသံကြားလျှင် ကြားချင်း ကော်လန် သည် အိပ်ယာမှ ခုန်ထပြီး အကျီဝတ်ရန်ပင် တစ်စက္ကန့်မျှ အချိန်ကုန်မခံတော့ဘဲ ကိုယ်လုံးတီးဖြင့် အိမ်အပြင်သို့ ပြေးထွက်သွားခဲ့သည်။ စီစီတီဗွီမှတ်တမ်းတွင် ကော်လန်သည် ထွက်ပြေးရန် ကြိုးစားသော ကားသူခိုးကို ဆွဲကိုင်ပြီး မြေကြီးပေါ်သို့ လှဲချကာ ချုပ်နှောင်ခဲ့သည်ကို တွေ့ရသည်။
ကော်လန်၏ စတာလင်ပေါင် (၁ဝဝဝဝ) တန် Range Rover ကားကို ခိုးယူရန် ကြိုးပမ်းခဲ့သူမှာ ဆယ်ကျော်သက်အရွယ် လူငယ်တစ်ဦးဖြစ်ပြီး အဆိုပါ လူငယ်သည် ကားစက်နှိုးရန် ကြိုးပမ်းစဉ် အချက်ပေးအသံများ ထွက်လာသောကြောင့် ကြောက်လန့်ပြီး ကားပေါ်မှ ဆင်းပြေးစဉ် ကော်လန်၏ ဖမ်းဆီးခြင်းခံခဲ့ရသည်။
ကော်လန်က “ဒီကားက ကျွန်တော်ရဲ့ သိက္ခာနဲ့ ပျော်ရွှင်မှုပါ။ ဒီကားကို ဘယ်သူ့လက်ထဲကိုမှ အပါမခံနိုင်ဘူး”ဟု သတင်းဌာနတစ်ခုသို့ ပြောကြား ခဲ့သည်။ ကော်လန်၏ချစ်သူ ဘော(လ်)(ဒ်)ဝင်က “မနေ့ညက ကျွန်မတို့ကားကို တစ်စုံတစ်ယောက်က ခိုးဖို့ ကြိုးစားခဲ့တယ်။ ဒါပေမယ့် ကျွန်မချစ်သူက ကိုယ်လုံးတီးနင်ဂျာဆိုတာကို ကားသူခိုးက ကြိုမသိခဲ့ဘူး”ဟု သူမ၏ ဆိုရှယ်မီဒီယာအကောင့်တွင် ရေးတင်ခဲ့သည်။ ကားသူခိုး မှာ အသက် (၁၇) နှစ်အရွယ် ကောင်လေးဖြစ်ပြီး အရက်သေစာ သောက်စားထားကြောင်း သိရသည်။ အဆိုပါလူငယ်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားပြီ ဖြစ်ကြောင်း သိရသည်။
Credit:Tomorrow news journal
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။