ရေတံခွန်ဆိုလျှင် တောတောင်ရေမြေထဲ၌ တောင်ပေါ်မှ တစ်ရှိန်ထိုး ကျဆင်းလာတတ်သည်ဟု ထင်မြင်ကြသော်လည်း ယခု Ruby ရေတံခွန်ကတော့ မြေအောက်အနက် ၁၁၂၀ ပေတွင် တည်ရှိနေခြင်း ဖြစ်ပါသည်။ သဘာဝထုံးကျောက်လှိုဏ်ဂူအတွင်း မြင့်မားစွာ တစ်ရှိန်ထိုး ကျဆင်းနေသည့် ရေတံခွန်တစ်ခုပင် ဖြစ်ပါသည်။

Ruby ရေတံခွန်သည် အမေရိကန်နိုင်ငံ၊ Tennessee ပြည်နယ်ရှိ Lookout တောင်ကြီး၏ အတွင်းပိုင်း လှိုဏ်ဂူထဲတွင် ရှိနေပါသည်။ အထက်မှ အောက် အမြင့်အားဖြင့် ၁၄၅ ပေထိ ရှိပါသည်။ အမေရိကန်နိုင်ငံ၏ အမြင့်ဆုံး နှင့် မြေအောက် အနက်ဆုံးတွင် တည်ရှိသော မြေအောက်ရေတံခွန် ဖြစ်ပါသည်။

Ruby ရေတံခွန်မှ မြင့်မားစွာ ကျဆင်းလာသော ရေများသည် အောက်ဘက်ရှိ ရေကန်ငယ်အတွင်း ကျဆင်းကြပါသည်။ ထိုမှတစ်ဆင့် တောင်ခြေရှိ Tennessee မြစ်အတွင်းသို့ စီးဝင်သွားကြပါသည်။ Ruby ရေတံခွန်တည်ရှိရာ လှိုဏ်ဂူသည် လွန်ခဲ့သော နှစ်သန်းများစွာကတည်းက ထုံးကျောက်လွှာများကို ရေတိုက်စားမှုကြောင့် ဖြစ်တည်လာခြင်းဖြစ်ပြီး ရေတံခွန်ကြီး၏ သက်တမ်းသည် နှစ်သန်း ၃၀ ခန့် ရှိပြီးဟု ယုံကြည်ထားကြပါသည်။

Ruby ရေတံခွန်သည် သဘာဝ မိုးရွာသွန်းမှုကြောင့် စိမ့်ဝင်ကျဆင်းလာသော ရေများနှင့် သဘာဝ စမ်းချောင်းရေထွက်ပေါက်များမှ အစပြု ကျဆင်းလာခြင်းဖြစ်ကြောင်း ဆိုကြပါသည်။ Ruby ရေတံခွန်တည်ရှိရာ လှိုဏ်ဂူသည် နှစ်ဆယ်ရာစု မတိုင်ခင်အထိ အခြားဂူများကဲ့သို့ သဘာဝအတိုင်း ဂူပေါက်ပွင့်နေသောဂူ မဟုတ်ဘဲ လူများသိရှိရောက်ဖူးခြင်း မရှိခဲ့ကြပါ။ ၁၉၀၅ ခုနှစ်တွင် Lookout တောင်အတွင်းပိုင်းကို ရထားလမ်းဥမင်ဖြတ်ဖာက်ရန် စီစဉ်ခဲ့ပြီး လှိုဏ်ဂူကို တွေ့ရှိခဲ့ပါသည်။ ထို့နောက်ပိုင်းနှစ်များတွင် Leo Lambert ဆိုသူမှ အများပြည်သူအတွက် ဖွင့်လှစ်ပေးသင့်ကြောင်း ကြံစည်ကြိုးစားခဲ့ရာမှ လူအများသိရှိခဲ့ခြင်း ဖြစ်ပါသည်။

ယခုအခါ ကမ္ဘာမြေအောက် ပေ ၁၁၂၀ တွင် ထူးထူးခြားခြား တည်ရှိနေသော Ruby ရေတံခွန်ကို မီးအလှများဆင်ခြင်း ၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန် စီစဉ်ခြင်း စသည့်တို့ ပြုလုပ်ပေးထားပါသည်။ ထို့ကြောင့်လည်း ကမ္ဘာကျော် မြေအောက်ရေတံခွန်အဖြစ် လူသိများကာ နှစ်စဉ်ခရီးသွား ဧည့်သည်များ လာရောက်လည်ပတ် တတ်ကြပါသည်။ (Ruby ရေတံခွန်ကဲ့သို့ ကမ္ဘာပေါ်တွင် မြေအောက်ရေတံခွန်များ များစွာ ရှိပါသေးသည်။ ထိုမြေအောက်ရေတံခွန်များကို စုစည်းပြီး နေခရမ်း - ထူးဆန်းထွေလာ Page တွင် တင်ပြထားပြီး ဖြစ်ပါသည်)
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။