
ကမ္ဘာပေါ်မှာ ချစ်စရာအကောင်းဆုံး ခွေးလေးအဖြစ် သတ်မှတ်ခံထားရတဲ့ ခွေးလေး ဘူး (Boo) ဟာ ဝမ်းနည်းပူဆွေး နှလုံးကြေကွဲပြီး သေဆုံးသွားခဲ့ပြီလို့ စီအန်အန်သတင်းမှာ ဖော်ပြပါတယ်။
ပိုမေရေနီယန် အမျိုးအစား ခွေးလေး ဘူးနဲ့ သူ့အဖော်ဖြစ်သူ ဘတ်ဒီတို့ဟာ အမေရိကန် ပိုင်ရှင်တွေ လက်ထဲမှာ ကြီးပြင်းလာခဲ့သူတွေဖြစ်ပြီး သူတို့ရဲ့ ချစ်စရာဓာတ်ပုံလေးတွေ လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာခဲ့ရာက တဆင့် အင်တာနက် အသုံးပြုသူတွေရဲ့ ချစ်ခင်သဘောကျမှုကို ရရှိခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ဘူးရဲ့အကောင်းဆုံးမိတ်ဆွေဖြစ်တဲ့ ခွေးလေး ဘတ်ဒီဟာ ပြီးခဲ့တဲ့နှစ်က သေဆုံးသွားခဲ့တာဖြစ်ပြီး အဲဒီအချိန်တည်းက ဘူးဟာ တကောင်တည်း အထီးကျန်နေခဲ့တာပါ။
ဘူးရဲ့သေဆုံးမှုကို သူ့ရဲ့ပိုင်ရှင်ဖြစ်သူက ဖော်လိုဝါ ၁၆ သန်းရှိတဲ့ ဘူးရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပြီး သေဆုံးချိန်မှာ ဘူးဟာ အသက် ၁၂ နှစ် ရှိနေပါပြီ။
ဘတ်ဒီ သေဆုံးသွားခဲ့ပြီးနောက် ဘူးမှာ တကောင်တည်း အထီးကျန်နေတဲ့ အရိပ်အယောင်တွေ မြင်တွေ့ခဲ့ရကြောင်းနဲ့ ဘတ်ဒီသေဆုံးမှုက သူ့အတွက် ပြင်းထန်တဲ့ ဝေဒနာကို ဖြစ်စေခဲ့တယ်လို့ ယူဆရကြောင်းလည်း သူတို့ပိုင်ရှင်ဖြစ်သူက လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။
“ဒါပေမယ့် ဘူးက ကျနော်တို့နဲ့ နောက်ထပ်တနှစ် အတူတူဆက်ရှိနေခဲ့ပြီးတော့ အခုချိန်မှာတော့ ဘူးနဲ့ ဘတ်ဒီတို့ဟာ ကောင်းရာမွန်ရာ နေရာတခုမှာ ပြန်လည်တွေ့ဆုံနိုင်ပြီ ဖြစ်တာကြောင့် ဒါဟာ သူတို့အတွက် ကောင်းမွန်တဲ့ အခြေအနေတရပ်လည်း ဖြစ်ပါတယ်။ ဘူးသေဆုံးမှုက ကျနော်တို့မိသားစုအတွက် အသည်းကွဲစရာဖြစ်ပေမယ့် ဘူးက သူခံစားနေရတဲ့ ဝေဒနာကို ထပ်မခံစားရတာတွေကို တွေးမိလိုက်ရင် ဒါကို ကျေနပ်မိပါတယ်” လို့လည်း ပိုင်ရှင်ဖြစ်သူက ရေးသားထားပါတယ်။
ဘူးနဲ့ ဘတ်ဒီတို့ဟာ ကမ္ဘာတဝန်းလုံးက လူပေါင်းများစွာကို ပျော်ရွှင်ကြည်နူးမှုတွေ ပေးစွမ်းနိုင်ခဲ့ပြီး ဘူးရဲ့သေဆုံးမှုက သူတို့ရဲ့ အမာခံပရိသတ်တွေကို စိတ်ထိခိုက်စေပြီး ပရိသတ်တချို့က ဘူးအတွက် မျက်ရည်ကျမိတယ်လို့လည်း ရေးသားထားကြပါတယ်။
ဘူးဟာ ဆိုရှယ်မီဒီယာတွေမှာ နာမည်ကြီးတဲ့အပြင် ၂၀၁၂ ခုနှစ်မှာလည်း Virgin America’s Offical Pet Liasion အဖြစ် သတ်မှတ်ခံခဲ့ရတဲ့အပြင် ၂၀၁၁ ခုနှစ်မှာ သူ့နာမည်နဲ့ ထွက်ရှိခဲ့တဲ့ “Boo:The Life of the World’s Cutest Dog” စာအုပ်အပါအဝင် ဓာတ်ပုံစာအုပ်များစွာမှာလည်း ပါဝင်ခဲ့ဖူးပါတယ်။
Credit:DVB
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။