Saturday, February 23, 2019

ဒိန်းမတ်နိုင်ငံ၏ ထူးခြားချက်များ

ဒိန်းမတ်နိုင်ငံ၏ ထူးခြားချက်များ

စက်ဘီးနိုင်ငံ

ဒိန်းမတ်နိုင်ငံက ပြည်သူများသည် ဘယ်သွားသွား စက်ဘီးစီးသွားမည်ဆိုသည့် သဘောကို စိတ်ထဲစွဲနေကြသည်။ ထို့ကြောင့် သူတို့စက်ဘီးတွေ စီးကြသည်။ စက်ဘီးတွေကလည်း ပေါ့ပေါ့ပါးပါးလေးတွေကို ပိုပြီးသဘောကျကြသည်။ ထို့ပြင် ဖင်ထိုင်ခုံများကလည်း သက်သောင့်သက်သာဖြစ်နေစေရန် ဂရုစိုက်သည်။ နေရာအနှံ့ စက်ဘီးအငှားဆိုင်တွေလည်းရှိသည်။

ဒိန်းမတ်တွင် S-tog ဆိုသည့် စနစ်ကို ပြည်သူတွေက လက်ခံကျင့်သုံးကြသည်။ သူတို့ရထားများပေါ်တွင် စက်ဘီးများ တင်ဆောင်ခြင်းကို ခွင့်ပြုကြသည်။ ထို့ကြောင့် အိမ်မှဘူတာသို့ စက်ဘီးစီးလာမည်။ ဘူတာရောက်လျှင် စက်ဘီးကို ရထားထဲယူမည်။ ခရီးဝေးလျှင် ရထားစီးသည်။ ဘူတာရောက်လျှင် စက်ဘီးကို ထုတ်သွားပြီး ပြန်စီးသည်။ သူတို့ဆီက ဘတ်စ်ကားများနှင့် ရထားများတွင် တံခါးများကလည်း စက်ဘီးတင်ဆောင်နိုင်ရန် ကြီးကြီးတွေလုပ်ပေးထားသည်။

မြေအောက်ရထားများတွင် စက်ဘီးတင်ဆောင်မည်ဆိုလျှင် အပိုကြေးပေးရသည်။ စက်ဘီးကို ဘူတာတွင် အခကြေးငွေပေးပြီး အပ်ခဲ့၍လည်းရသည်။ သူတို့ နိုင်ငံ၏ ကျေးလက်တွင်ဖြစ်စေ မြို့များတွင်ဖြစ်စေ တစ်နေရာမှ တစ်နေရာသို့သွားရန် စက်ဘီးလမ်းတွေကို သီးခြားသတ်မှတ်ပေးထားလေ့ရှိသည်။ သူတို့ နိုင်ငံတွင် စက်ဘီးဖြင့် လိုရာရောက်အောင်သွားမည်ဆိုခြင်းမှာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းလေးစားခြင်း သဘောလည်းဆောင်နေသည်။
စက်ဘီးဥပဒေ

ဒိန်းမတ်နိုင်ငံတွင် စက်ဘီးစီးသူများသည် လက်ဖြင့် အချက်ပြခြင်းစနစ်များကို ကျင့်သုံးကြရသည်။ ဥပမာ - ကွေ့မည်၊ ရပ်မည်စသည်တို့ကို လက်ဖြင့် အချက်ပြရသည်။ လက်ဖြင့် အချက်မပြဘဲ စက်ဘီးစီးသူတို့၏ လိုက်နာရမည့်စည်းကမ်းများကို ဖောက်ဖျက်လျှင် ရဲက ဒိန်းမတ်ငွေ ခရိုနာ ၁၀၀ မှ ၇၀၀ အထိ ဒဏ်ရိုက်လေ့ရှိသည်။ သူတို့က အချိန်မရွေး စက်ဘီးစီးနေသူများဖြစ်သောကြောင့် သူတို့ စက်ဘီးတိုင်းလိုလိုတွင် မီးပါသည်။ ညဘက်မီးမပါဘဲထွက်ရမည်ကိုလည်း သူတို့ကြောက်သည်။ ကားလို စက်ဘီးကို ဥပဒေအတိုင်း စီးကြသည်။

ကလေးများကို စက်ဘီးဖြင့် ခေါ်မည်ဆိုလျှင်လည်း ကလေးအတွက် သီးခြားထိုင်စရာတစ်ခုခု စီစဉ်ပေးလာရသည်။ များသောအားဖြင့် စက်ဘီးရှေ့တွင် ကလေးအတွက် သီးခြားတွဲထားသောတွဲများ တပ်ဆင်ကာ စီးနင်းမောင်းနှင်ကြသည်။

ကလေးစောင့်ရှောက်မှု

ဒိန်းမတ်နိုင်ငံတွင် လမ်းလျှောက်မည်ဆိုလျှင် ကလေးတွေကို လက်တွန်းလှည်းလေးတွေထဲထည့်ကာ တွန်းပြီး ခေါ်လာသည့် မြင်ကွင်းများကို နေရာတိုင်းလိုလိုတွင် တွေ့ရမည်ဖြစ်သည်။ သူတို့ မိခင်တွေက ကုန်တိုက်ထဲဝင်လျှင်လည်း အပြင်တွင် တွန်းလှည်းလေးတွေကို အုပ်မိုးပြီး ဒီအတိုင်းထားကာ ဈေးဝင်ဝယ်ကြသည်။ လုံခြုံအေးချမ်း စိတ်ချရသည့်သဘောကိုပြသည်။ အခြား အများပြည်သူဆိုင်ရာ အပန်းဖြေအနားယူအခန်းများထဲသို့လည်း ကလေးလက်တွန်းလှည်းများကို တွန်းပြီး ဝင်လာလေ့မရှိခြင်းမှာ ဒိန်းမတ်နိုင်ငံ၏ ထူးခြားချက်ဟု ဆိုရမည်။

တိရစ္ဆာန်ချစ်သူများ

ကိုပင်ဟေဂင်မြို့တွင် ခွေးများနှင့် တွဲပြီး လမ်းလျှောက်သူတွေကို တွေ့ရခဲသည်။ သူတို့ ခွေးလေးတွေကို သူတို့ခြံများထဲတွင်သာ လွှတ်ကျောင်းလေ့ရှိသည်။ ကိုပင်ဟေဂင်မြို့ပြင်တွင် ခွေးလေးများကို လွှတ်ပေးထားလေ့ရှိသည်။ ကြောင်တွေကိုမြို့ထဲ အိမ်ဝန်းကျင်၌ လွှတ်ထားကြသည်ကများသည်။ မြို့ထဲတွင် ကြောင်တွေက လျှောက်သွားနေကြသည်။ သူတို့ဓလေ့က ကိုယ့်ကြောင်ကို ကောင်းကောင်း စောင့်ရှောက်အစာကျွေးထားလျှင် ပြန်လာမည်ဟု လက်ခံကြသည်။

နည်းပညာ

ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့သားတွေက နည်းပညာကို အလွန်အားကိုးအားထားပြုကြကြောင်း တွေ့ရသည်။ Cisco ကုမ္ပဏီသည် ကိုပင်ဟေဂင် မြို့တွင် ဒစ်ဂျစ်တယ်မြို့တော်ဂုဏ်အင်္ဂါရပ်များနှင့် ညီစေရန် ပြုပြင်တည်ဆောက်ပေးနေမှုများကို တွေ့ရသည်။ ကိုပင်ဟေဂင်မြို့ ခိုရာဆိုသည့်အရပ်တွင် မျက်နှာဖုံးတွေကိုတပ်ပြီး ဂိမ်းကစားနေကြသူများကို တွေ့ရမည်ဖြစ်သည်။ တကယ့်အစစ်အမှန်လောကထဲကို ဝင်ရောက်ဆော့ကစားနေရသလိုမျိုးကို ဖန်တီးပေးထားသည့်ဂိမ်းများကို အလွန်ဈေးနှုန်းသက်သာစွာဖြင့် ကစားနိုင်စေရန် စီစဉ်ထားပေးသည်။ ထို့ကြောင့် ဂိမ်းဆိုင်များတွင် မျက်နှာဖုံးမျက်မှန်ကြီးတွေ တပ်ထားသော ကလေးလူကြီးတွေကို မြင်ရသည်။

ကိုပင်ဟေဂင်တွင် လူသားနှင့် နည်းပညာပေါင်းစပ်တွေ့ဆုံနိုင်ရမည်ဆိုသည့် ဆောင်ပုဒ်ကို ကျင့်သုံးပြီး အကောင်အထည်ဖော်နေသည်။ နည်းပညာကုမ္ပဏီတွေလည်း ကိုပင်ဟေဂင်တွင် လာရောက်ဖွင့်လှစ်ပြီး အလုပ်လုပ်နေကြသည်ကိုတွေ့ရမည် ဖြစ်သည်။

ပါတီပွဲ

ဒိန်းမတ်တွင် ပါတီပွဲကို အဖိတ်ခံရသည် ဆိုပါလျှင် တစ်ညလုံးအချိန်ပေးနိုင်မှ တက်ရန်လိုသည်။ သူတို့ပါတီပွဲက ညနေ ၅ နာရီလောက်မှာ စတင်သည်။ သူများနိုင်ငံက ပါတီတွေလို သူတို့ဆီတွင် သီချင်းများဖွင့်ပြီး ခုန်ပေါက်ကနေကြမည် မဟုတ်ပါ။ ညစာစားကြမည်။ အရက်သောက်ချင်လည်း သောက်နိုင်သည်။ အချိုတည်းစရာ အစုံချထားသည်။ အစားအသောက်တွေ စားသောက်ပြီး ၆ နာရီလောက် စကားပြောကြခြင်းသည် သူတို့၏ ပါတီပွဲဖြစ်သည်။

ပါတီပွဲများဖိတ်လျှင် ကိုယ့်နေရာကိုယ့်ထိုင်ခုံကို ကိုယ့်အမည်နှင့် သီးခြားနေရာသတ်မှတ်ကာ ဖယ်ထားပေးသည်။ နောက်ကျ၍မရ။ နောက်ကျလျှင် ရိုင်းသည်ဟု ယူဆသည်။ စောလာလျှင်လည်း သူတို့ ပြင်ဆင်နေသည့်ကြားထဲတွင် ခေါင်းမူးသွားနိုင်သည်။ သူတို့ပါတီဆိုသည်မှာ အေးဆေးစွာ သောက်စားပြီး စကားပြောကြခြင်းဖြစ်သည်။
မိုးစက်
(Ref: About Denmark)
Credit:The Voice myanmar journal

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...