Saturday, February 23, 2019

သိပ္ပံပညာစွမ်း ပြခဲ့တဲ့ ၁၂ နှစ်သားလေး


အမေရိကန်နိုင်ငံ၊ ဂျော်ဂျီယာ ပြည်နယ်က အသက် ၁၂ နှစ်သား စတက်ဖန် လစ်ထ် (Stephen Litt) ဆိုသူ ကလေးငယ်ဟာ သိပ္ပံပညာရပ်မှာ ထူးထူးခြားခြား ပါရမီ ပါလာသူ ဖြစ်ပါတယ်။ သူဟာ ပထမတန်း (first grade) က စတင်ပြီး ကျောင်းမှာ အကြီးစား သိပ္ပံစမ်းသပ်မှုတွေကို ကြိုးစားပမ်းစား လုပ်ကိုင်ခဲ့ပါတယ်။ တစ်နှစ်ပြီး တစ်နှစ် ကြာလာတာနဲ့အမျှ သူလုပ်တဲ့ စမ်းသပ်မှုတွေကလည်း ပိုပြီး ထူးကဲ ပြောင်မြောက်လာပါတယ်။
သူ အသက် ၁၂ နှစ်အရွယ်၊ ခုနစ်တန်းနှစ် (7th grade) အရောက်မှာတော့ တစ်နိုင်ငံလုံး သူ့အပေါ် အာရုံစိုက်မိလာစေတဲ့ စမ်းသပ်မှုကြီး တစ်ခု ပြုလုပ် အောင်မြင်ခဲ့ပါတယ်။ အဲဒါက လက်ဖက်ရည်ကြမ်း (Green Tea) မှာပါဝင်တဲ့ ဓာတ်သတ္တုတွေဟာ ကင်ဆာ ရောဂါကို တိုက်ဖျက်နိုင်စွမ်း ရှိတယ်ဆိုတာကို ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ လက်ဖက်ရည်ကြမ်းထဲက Epigallocatechin-3-gallate (EGCG) ဆိုတဲ့ ဓာတ်ပစ္စည်းကို ရင်သား ကင်ဆာ အကျိတ်တွေနဲ့ ဓာတ်ပြု စမ်းသပ်ခဲ့ရာမှာ အဲဒီတွေ့ရှိချက်ကို တွေ့ခဲ့တာပဲ ဖြစ်ပါတယ်။
ဒီတွေ့ရှိမှုကြောင့်ပဲ ၁၂ နှစ်သားကလေး စတက်ဖန်ဟာ ဂျော်ဂျီရာ သိပ္ပံနဲ့ အင်ဂျင်နီယာ ပြပွဲက ချီးမြှင့်တဲ့ ဆုကို ရရှိခဲ့ပြီး နိုင်ငံတစ်ဝန်းက သိပ္ပံပညာရှင်တွေရဲ့ အသိအမှတ်ပြုမှုကို ရရှိခဲ့ပါတယ်။ သူဟာ ဘော်စတွန်ပြည်နယ် တပ်ဖ် (Tufts ) တက္ကသိုလ်က အထင်ကရ သိပ္ပံပညာ ဌာနကြီး တစ်ခု ဖြစ်တဲ့ အယ်လင် (Allen) လေ့လာရေး ဌာနဆီက လာရောက် လည်ပတ်ဖို့ ဖိတ်ကြားချက်ကိုပါ လက်ခံရရှိခဲ့ပါသေးတယ်။
နိုင်ငံတကာက အရည်အချင်းပြနိုင်ကြတဲ့ လူငယ်လေးတွေ အကြောင်း ဖတ်ရ ကြားရတိုင်း စာရေးသူ စိတ်ထဲ အားမလိုအားမရ ဖြစ်ရတာ တစ်ခုရှိပါတယ်။ "တို့နိုင်ငံမှာသာ သူတို့လို ပညာရပ် ရေခံ မြေခံမျိုး၊ စိတ်ရှိတိုင်း လေ့လာ သင်ယူနိုင်မယ့် အခွင့်အရေးမျိုး ရှိလိုက်ရင်တော့လား" ဆိုတဲ့ စိတ်နဲ့ မချင့်မရဲ ဖြစ်ရတာပါ။ လူတိုင်းတော်နေကြတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် မြန်မာ လူငယ်တွေထဲမှာလည်း စတက်ဖန်လို သိပ္ပံပညာကို အလေးအနက် စိတ်ဝင်စားပေမယ့် သူ့လို ပံ့ပိုးမယ့် ပတ်ဝန်းကျင် အနေအထား မရှိလို့ မဖြစ်ထွန်းနိုင်ရှာသူလေးတွေ ရှိမှာပါ။ နောက်လာမယ့် မျိုးဆက်တွေ ပိုပြီး ကံကောင်းပါစေ၊ အရည်အသွေးကို ပိုမို ထုတ်ပြနိုင်ခွင့်၊ မြှင့်တင်နိုင်ခွင့် ရှိကြပါစေလို့ပဲ မျှော်လင့်မိပါတယ်။
Ref : CBSNews ; "7th-grader's science project finds cancer-fighting chemicals in green tea"
ကျော်သန့် (ရိုးရာလေး)

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...