Friday, March 29, 2019

ကယားပြည်နယ်မှ စိတ်ဝင်စားဖွယ် အောင်သပြေဂူ

ကယားတို့ဌာနေ ငွေတောင်ပြည်ကတော့ စိတ်ဝင်စားစရာတွေ ပြည့်နှက်နေတဲ့ ပြည်နယ်တစ်ခုပါ။ ပွင့်လင်းလာသော အခြေအနေနဲ့အတူ ခရီးသွားများရဲ့ အထူးတလည် လည်ပတ်စရာ ဒေသတစ်ခု ဖြစ်လာခဲ့ပါပြီ။ ကျွန်တော်အနေနဲ့ သဘာဝအလှများနဲ့အတူ စိတ်ဝင်စားစရာ ခရီးစဉ်တစ်ခုအဖြစ် လွိုင်ကော်မြို့အနီးမှ အောင်သပြေလှိုဏ်ဂူအကြောင်း တင်ပြပေးပါမယ်။

အောင်သပြေလှိုဏ်ဂူဟာ ကယားပြည်နယ်၊ လွိုင်ကော်မြို့မှ ဆီဆိုင်၊ တောင်ကြီးသွားကားလမ်းမှ ဘေးမှာ တည်ရှိနေပါတယ်။ ထီးစဲခါးရေတံခွန် အသွားလမ်းပေါ်မှာပါ။ လွိုင်ကော်မြို့မှ ၈ မိုင်ခန့်အကွာတွင် တည်ရှိနေပြီး ကားနဲ့ဆိုရင် မိနစ် ၃၀ ခန့်မောင်းရပါမယ်။ လမ်းကောင်းပါတယ်။ ဆီဆိုင်လမ်းခွဲမှ ၀င်ပြီး မကြာခင်တွင် အောင်သပြေလှိုဏ်ဂူသို့ဆိုတဲ့ ဆိုင်းဘုတ်ကို တွေ့ရမှာပါ။ ထိုဆိုင်းဘုတ်လမ်းခွဲသို့ မောင်းဝင်လိုက်သည်နဲ့ အောင်သပြေဂူတည်ရှိရာ တောင်ကမ်းပါးယံကြီးကို တွေ့မြင်ရမှပါ။

အောင်သပြေလှိုဏ်ဂူရှိရာ တောင်ပေါ်သို့ကြည့်လိုက်လျှင် တဖတ်၌ လက်ဝါးကပ်တိုင်ရှိနေပြီး အခြားတဖက်တွင် စေတီတစ်ဆူတည်ရှိနေတာကို တွေ့ရမှာပါ။ လှိုဏ်ဂူရှိရာ တောင်ရဲ့အရှေ့ဘက်ရွာများသည် ခရစ်ယာန်ကိုးကွယ်တဲ့ရွာနဲ့ ဗုဒ္ဓဘာသာကိုးကွယ်တဲ့ရွာဆိုပြီး အသီးသီးရှိကြတယ်လို့ ဆိုပါတယ်။ အေးအေးချမ်းချမ်းဖြင့် နေထိုင်လုပ်ကိုင်စားသောက်ကြပါတယ်။ အောင်သပြေလှိုဏ်ဂူကတော့ စေတီရှိရာ တောင်တစ်ထက်ခြမ်းရဲ့ တောင်အောက်ခြေမှာ တည်ရှိနေတာပါ။ အဝေးမှကြည့်ရင် လှိုဏ်ဂူပေါက်ဝကို မမြင်ရသလောက်ပါပဲ။


အောင်သပြေလှိုဏ်ဂူ အ၀င်ဝဟာ ခပ်သေးသေးနဲ့ ကျဉ်းကျဉ်းပါ။ အပြင်မှကြည့်ရင် လှိုဏ်ဂူအသေးတစ်လုံးဟု ထင်စရာပဲ ဖြစ်ပါတယ်။ လူတစ်ရပ်လောက်သာ အမြင့်ရှိတဲ့ လှိုဏ်ဂူဝင်ပေါက်မှ အောက်သို့အနည်းငယ် ဆင်းရမှာပါ။ လှိုဏ်ဂူထဲ စ၀င်လိုက်သည်နဲ့ စီတန်းတည်ထားသော ဘုရားရုပ်ပွားတော်များနဲ့အတူ များလှစွာသော ကျောက်စက်ပန်းဆွဲ၊ မိုးမျှော်တိုင်များကို တွေ့မြင်ရသည်မှာ အံ့မခန်းပါ။

လှိုဏ်ဂူအသေးစားတစ်လုံးပဲ ဖြစ်မယ်ဟု ထင်မိသော အောင်သပြေလှိုဏ်ရဲ့ ဘေးတစ်ဖက်လမ်းကျဉ်းလေးကို တွေ့မှ ဆက်၍၀င်လို့ရကြောင်း သိလိုက်ရပါတယ်။ ထိုလမ်းကျဉ်းလေးအတိုင်း လိုက်သွားရင်တော့ ထူးခြားလှတဲ့ မြေအောက်ကမ္ဘာတစ်ခုကို ရောက်ရှိသွားသလို ကြုံတွေ့ရစေမှာပါ။ လမ်းက ကျဉ်းလိုက် ကျယ်လိုက်၊ တခါတလေ လူတစ်ကိုယ်စာ သွားလောက်သာ ရှိနေတတ်ပါတယ်။ သွားခဲ့တဲ့ လမ်းတစ်လျောက် ကျောက်စက်ပန်းဆွဲ အမျိုးမျိုးနဲ့ ကျောက်စက်မိုးမျှော်တိုင်များကို အနီးကပ် တွေ့မြင်ကြရပါတယ်။
အောင်သပြေလှိုဏ်ဂူတွင်းမှ ရုပ်ပွားတော်များ
အောင်သပြေလှိုဏ်ဂူတွင်းမှ ကျောက်စက်ပန်းဆွဲများ
အောင်သပြေလှိုဏ်ဂူတွင်းမှ ကျောက်စက်ပန်းဆွဲများ

အောင်သပြေဂူတွင်း မညီမညာ အတက်အဆင်းများနဲ့ လမ်းတစ်လျောက်မှာ ရင်ဆိုင်ရမှာက ရေတစက်စက်နဲ့ ရွံ့လမ်းတွေပါ။ မိုးရွာသလို စိုစွက်ကျနေတဲ့ ရေစက်များနဲ့အတူ ရွံ့လမ်းအတိုင်းရှော်မလဲအောင် သတိထား လျောက်ကြရပါတယ်။ ဒီလိုလျောက်နေရင်း တွေ့မြင်ရတဲ့ သဘာဝအလှများကို အလုအယက်ခံစားရသလို ၊ ဓာတ်ပုံဝါသနာအိုးများအတွက် ရိုက်စရာ တစ်ပုံတပင်ပါ။
အောင်သပြေလှိုဏ်ဂူတွင်းမှ ကျောက်စက်ပန်းဆွဲများ နှင့် အနိမ့်အမြင့် မညီညာသော လမ်း
အောင်သပြေလှိုဏ်ဂူတွင်းမှ ကျောက်စက်ပန်းဆွဲများ နှင့် အနိမ့်အမြင့် မညီညာသော လမ်း 

အောင်သပြေဂူအတွင်းမှာ ဂူလမ်းခွဲလေးများ ရှိနေသလို အထပ်အထပ်ဖြစ်နေတဲ့ လှိုဏ်ဂူပဲ ဖြစ်ပါတယ်။ တစ်ချို့နေရာများမှာ ဘုရားစေတီများကို တည်ထားသလို လျှပ်စစ်မီးကိုလည်း လမ်းတစ်လျောက် ထွန်းညှိပေးထားပါတယ်။ ဒါပေမယ့် တစ်ချို့နေရာများမှာ အလင်းအားနည်းနေတာလည်း တွေ့ရပါတယ်။

အောင်သပြေလှိုဏ်ဂူအတွင်း ကြီးမားလှတဲ့ ကျောက်စက်တိုင်ကြီးများ ၊ ကျောက်တုံးကျောက်ဆိုင်များ ၊ အတက်အဆင်ကြမ်းသော လမ်းများ စသည်ဖြင့် တွေ့ကြုံရပါတယ်။ အသက်အရွယ်ကြီးရင့်သူများအနေနဲ့ လက်တွဲဖော်တစ်ယောက်လောက် ပါမှသာ ဂူအဆုံးနားထိ သွားလို့ အဆင်ပြေမှာပါ။
အောင်သပြေလှိုဏ်ဂူတွင်းမှ ကျောက်စက်ပန်းဆွဲများ
အောင်သပြေလှိုဏ်ဂူတွင်းမှ ကျောက်စက်ပန်းဆွဲများ
အောင်သပြေလှိုဏ်ဂူတွင်းမှ ကျောက်စက်ပန်းဆွဲများ
အောင်သပြေလှိုဏ်ဂူတွင်းမှ ကျောက်စက်ပန်းဆွဲများ
အောင်သပြေလှိုဏ်ဂူတွင်းမှ ကျောက်စက်ပန်းဆွဲများ နှင့် အနိမ့်အမြင့် မညီညာသော လမ်း 

လှိုဏ်ဂူအဆုံးနားလောက်တွင် စေတီတစ်ဆူတည်ထားပါတယ်။ ထိုစေတီမှလွန်ရင် အောက်သို့နိမ့်ဆင်းသွားတဲ့ ချိုင့်ဝှမ်းတစ်ခုကို တွေ့ရမှာပါ. အဆင်းအနည်းငယ် ကြမ်းပါတယ်။ ထိုချိုင့်ဝှမ်းရဲ့ဟိုဘက်မှာတော့ ကျောက်စက် ပန်းဆွဲတိုင်ကြီးများအကြား လူတွားသွားဝင်လို့ ရလောက်တဲ့ ဂူပေါက်လေးတွေရှိပါတယ်။ ထိုဂူပေါက်လေးမှ ဆက်ဝင်၍ ရတယ်ဟု ပြောသော်လည်း ၀င်ဖို့မလွယ်သလို မီးရောင်လည်းမရှိ မှောင်မဲနေပါတယ်။ ဒီနေရာအထိကို လှိုဏ်ဂူပေါက်ဝမှ ပေ ၇၀၀ ကျော်လောက် ရှိမည် ခန့်မှန်းရပါတယ်။

အောင်သပြေလှိုဏ်ဂူရဲ့ ခေါင်းမိုးကို မော့ကြည့်ရင် များလှစွာသော ကျောက်စက်ပန်းဆွဲ အရွယ်စုံ ပြည့်နေတာပါ။ ဂူခေါင်မိုးကလည်း နိမ့်လိုက် မြင့်လိုက် ၊ လမ်းကလည်း ကျဉ်းလိုက်ကျယ်လိုက်၊ တက်လိုက်ဆင်းလိုက်နဲ့ မြေအောက်ကမ္ဘာရဲ့ စိတ်ဝင်စားဖွယ် ကောင်းလှပုံတွေကို ခံစားရမှာပါ။

အောင်သပြေလှိုဏ်ဂူအတွင်း နေရာတစ်ချို့မှာ တွေ့မြင်ရတာကတော့ မှင်ဖျက်ဆေးနဲ့ ရေးထားသော အမှတ်တရစာကြောင်းများပဲ ဖြစ်ပါတယ်။ ဒါကလည်း မြန်မာပြည်အနှံ့ ဘုရားစေတီပုထိုးများ ၊ လှိုဏ်ဂူများ ၊ အထင်ကရနေရာများမှာ တွေ့မြင်နေကျ အရာတစ်ခုပါ။ ဘယ်လိုဖြစ်ပြီး တစ်နိုင်ငံလုံး ပျံ့သွားသည်မသိ။ အထင်ကရနေရာများနဲ့ သမိုင်းတန်ဖိုးကြီးသော နေရာများတွင် ထိုမှင်ဖျက်ဆေးများကြောင့် အရုပ်ဆိုးအကျည်းတန်ရသလို ၊ တန်ဖိုးယုတ်လျော့မှုများလည်း ဖြစ်ရတာ ရင်နာစရာပါ။ လူသူအရောက်အပါက်နည်းတဲ့ ဒေသများမှာ ဒီလိုမှင်ဖျက်ဆေးနဲ့ ရေးနိုင်ဖို့ဆိုတာ တကယ်မလွယ်။ ခရီးမထွက်ခင်ထဲက ကြိုတင်ပြီး တကူးတက ယူသွားရရှာမှာပဲလို့ တွေးကာ ပြုံးမိပါသေးတယ်။

အောင်သပြေလှိုဏ်ဂူ ၀င်ပေါက်ဘေးရှိ တောင်ကမ်းပါးယံတွင် ရွှေရောင်တ၀င်းဝင်းဖြင့် ရပ်တော်မူရုပ်ပွားတော်ကို ဖူးမြင်ရပါတယ်။ ထိုတောင်ကမ်းပါးယံအပေါ်သို့ လမ်းလေးအတိုင်း တက်သွားလို့ရပါတယ်။ အထက်တွင် သဘာဝအလျောက် ဖြစ်နေသော ကျောက်တိုင်ကျောက်ကလပ်ကို ရပ်တော်မူရုပ်ပွားတော် ထုဆစ်ထားသည်ကို ဖူးမျှော်ရပါတယ်။ 

ထိုရုပ်ပွားတော်ရှိရာ တောင်ကမ်းပါးယံနဲ့ အမိုးပေါ်တွင် လင်းပန်းကြီးအရွယ်ရှိ ပျားအုံကြီးများကို တွေ့မြင်ရပါတယ်။ အပင်ပေါ်တွင် အုံဖွဲ့နေခြင်းမျိုးမဟုတ်ဘဲ ကျောက်နံရံအမိုးတွေပေါ်မှာ အုံဖွဲ့နေတဲ့ တောကြီးပျားများ ဖြစ်ပါတယ်။ ပျားတုပ်မှာ ကြောက်ပေမယ့် ပျားကတော့ မတွေ့တော့ပါ။ ဒါပေမယ့် ပျားအုံကြီးတွေကြည့်ပြီး ကျောချမ်းမိပါတယ်။ အောင်သပြေလှိုဏ်ဂူရှေ့တွင် ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းရှိသလို ယဉ်ရပ်နားရန်နေရာ နဲ့ အနားယူရန် နေရာလည်း ရှိပါတယ်။ ထိုဘုန်းကြီးရှေ့မှာ ပျားရည်ပုလင်းများလည်း ၀ယ်ယူလို့ရပါတယ်။
အောင်သပြေလှိုဏ်ဂူတွင်းမှ ကျောက်စက်ပန်းဆွဲများ နှင့် အနိမ့်အမြင့် မညီညာသော လမ်း 
အောင်သပြေလှိုဏ်ဂူတွင်းမှလမ်း
အောင်သပြေလှိုဏ်ဂူတွင်းမှလမ်း
အောင်သပြေလှိုဏ်ဂူတွင်းမှ ကျောက်စက်ပန်းဆွဲများ
အောင်သပြေလှိုဏ်ဂူတွင်းမှလမ်း
အောင်သပြေလှိုဏ်ဂူတွင်းမှ ရုပ်ပွားတော်များ 
အောင်သပြေလှိုဏ်ဂူတွင်းမှ ကျောက်စက်ပန်းဆွဲများ

 
       (အောင်သပြေလှိုဏ်ဂူအတွင်း အမှတ်တရ)
ကယားပြည်နယ် လွိုင်ကော်မြို့မှာ လေ့လာစရာ တပုံတပင်ပါ။ တောင်ကွဲစေတီ၊ ကြတ်ဂူ ၊ လွယ်တမူဂူစသည်ဖြင့် လည်စရာတပုံပါ။ ယခု အောင်သပြေလှိုဏ်ဂူသည်လည်း သဘာဝအလှရော ၊ ထူးခြားလှတဲ့ လှိုဏ်ဂူခရီးစဉ်ကိုရော ခံစားရမည့် နေရာ တစ်နေရာပင် ဖြစ်ပါတယ်။ သူငယ်ချင်းတို့အနေနဲ့ လှိုဏ်ဂူများကို စိတ်ဝင်စားပြီး ၀င်လို့ရသလောက် ၀င်ပြီးလေ့လာချင်တယ်ဆိုရင် အောင်သပြေလှိုဏ်ဂူကို အရောက်သွားကြပါလို့ နေခရမ်းမှ တိုက်တွန်းလိုက်ပါတယ်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...