Friday, September 13, 2019

သာယာအေးချမ်းလှသည့် မော်တင်စွန်းခရီးစဉ် (သို့) ပင်လယ်ကမ်းခြေမှ ရတနာတစ်ပါး

     ငယ်စဉ်ကတည်းကပင် အဆိုတော်သန်းထွန်းလေးသီချင်းကြောင့် မော်တင်စွန်းစေတီကို ကြားသိရင်းနှီးဖူးကြမှာပါ။ အများအားဖြင့် ဧရာဝတီတိုင်းမှာ ရှိတယ်၊ ဆံတော်ရှင် စေတီတစ်ဆူဖြစ်တယ် ဆိုတာလောက်ပဲ သိရှိခဲ့ကြပါတယ်။ ဒါပေမယ့် မော်တင်စွန်းစေတီနှင့် တည်ရှိရာ နေရာဒေသဟာ မြန်မာ့ပထ၀ီဆိုင်ရာ အရေးပါနေရုံသာမက ဘာသာသာသနာရဲ့ မှတ်တိုင်အဖြစ်ပါ အထင်အရှား တည်ရှိနေပါတယ်။
     ယခုစာစုမှာ မြတ်မော်တင်စွန်း ဘုရားဖူးခရီးစဉ်၊ သမိုင်းအကျဉ်းချုပ် နှင့်အတူ ခရီးစဉ်များဖြစ်တဲ့ ငွေတောင်ကမ်းခြေနဲ့ ဟိုင်းကြီးကျွန်းခရီးစဉ်များကိုပါ အနည်းငယ်စီ တင်ပြပေးချင်ပါတယ်။ မော်တင်စွန်းစေတီတော်သည် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်အပိုင်ထဲတွင် ရှိကာ ပုသိမ်မြို့မှ ၉၆ မိုင် ၊  ရန်ကုန်မြို့မှဆိုရင် ၂၅၈ မိုင်ကွာဝေးပါတယ်။

     မော်တင်စွန်းစေတီတည်ရှိရာ ကုန်းတော်အရပ်သည် မြေပုံပေါ်မှာ ကြည့်ပါက ပင်လယ်ထဲသို့ အစွန်ဆုံးထိုးထွက်နေတဲ့ အငူဖြစ်ပါတယ်။တနည်းအားဖြင့် မြန်မာနိုင်ငံကုန်းမကြီးရဲ့ အနောက်တောင်ဘက်စွန်းမှာ တည်ရှိနေတာပါ။ ပထ၀ီဆိုင်ရာ အချက်များအရ ကပ္ပလီပင်လယ် (Andaman Sea) နှင့် အနာက်ဘက် ဘင်္ဂလားပင်လယ်အော် (Bay of Bengal) တို့ ထိစပ်ရာနေရာလေး ဖြစ်ပြီး ပင်လယ်နှစ်ခုကို တစ်ပြိုင်တည်း တွေ့မြင်နိုင်ပါတယ်။
     ထို့ပြင် ရခိုင်ကမ်းရိုးတန်း နှင့် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတို့ ပေါင်းဆုံသည့် နေရာတွင် ရှိတဲ့ အငူစွန်းလေးဖြစ်ပါတယ်။ အနောက်ရိုးမတောင်တန်းများနဲ့ လှိုင်းတဖွေးဖွေး ပင်လယ်ပြင်ကြီးကို တစ်နေရာတည်း ရှု့မြင်နိုင်တဲ့ နေရာပါ။

Photo:Internet
     မော်တင်စွန်းစေတီတော်ရဲ့ သမိုင်းအကျဉ်းမှာ မြတ်စွာဘုရားသခင် ဘုရားအဖြစ်ကိုရ၍ လင်းလွန်းပင်ရင်း၌ စံပါယ်တော်မူစဉ် တဖုဿနှင့်ဘလ္လိက ကုန်သည်ညီနောင်တို့အား ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ ဟူသော ဒွေဝါစိက သရဏဂုံတည်စေ၍ မဟာသက္ကရာဇ် ၁၀၃ခု၊ ဝါဆိုလဆန်း ၅ - ရက်နေ့တွင် ဆံတော်မြတ်ရရှစ်ဆူကို ပေးသနားတော်မူခဲ့ပါသည်။ ညီနောင်တို့ ဆံတော်ပင့်လာသည့်
အပြန်ခရီးတွင် အဇ္ဈတ္တနာဂရမြို့သို့ ဆိုက်ရောက်ရာ ဘုရင်က ဆံတော်နှစ်ဆူကို ပင့်ယူထားလိုက်သည်။ ထိုမှခရီးဆက်ခဲ့ရာ ကုသိမ နဂရ (ပုသိမ်) တောင်ပိုင်း နာဂရာဇ်မှော်ခေါ် သရနတောင်စွန်း (ဝါ) မော်တင်စွန်းအရောက်တွင် ဇေယျသေနနဂါးမင်းက ဆံတော်နှစ်ဆူကိုရယူ၍ မဟာသက္ကရာဇ် ၁၀၃ခု၊ ဝါဆိုလပြည့်နေ့တွင် ပင်လယ်တွင်းမှရရှိသည့် မြသားဖြင့် စိုင်တမော့အရွယ် စေတီကို တည်ထားကိုးကွယ်ခဲ့ပါသည်။
     ကောဇာသက္ကရာဇ် ၄၅၇ခု၊ တပေါင်းလပြည့်နေ့တွင် အမြင်သံတောင် ၂၅ရှိ စေတီတော်အဖြစ် အလောင်စည်သူမင်းကြီးက မွမ်းမံတည်ထားခဲ့ပါသည်။ ထို့နောက် ခေတ်အဆက်ဆက် ပြုပြင်မွန်းမံခဲ့ကြပြီး ယခုအခါ အမြင့်သံတောင် ၈၈နှင့် အဝန်းသံတောင် ၁၄၆ ရှိပါသည်။ မော်တင်စွန်းစေတီတော်ရဲ့ ဘွဲ့တော်မှာ မဟာမကုဋရံသီ(ကြီးမြတ်တော်မူသော မော်တင်စွန်း၌ တောက်ပသောရောင်ခြည်ဖြင့် ကြည်ညိုဖွယ် အဆင်းရှိသော စေတီ) ဖြစ်ပါတယ်။

     မြတ်မော်တင်စွန်းစေတီတော်ရဲ့ အခြားသော အမည်ဘွဲ့တော်များမှာ သရဏတောင် (ကိုး ကွယ် မှီခိုရာတောင်၊ နာဂသေလာတောင် (နဂါးများ မှီခိုရာတောင်)၊ တန့်ကြည့်တောင် (မြတ်စွာဘုရား ကြွလာစဉ် ရပ်တန့်ကြည့် ရှုသော တောင်)၊ ဆွမ်းမဦးတောင် (ဘုရားဖူးများ အစောဆုံး အဦးဆုံး ဆွမ်းကပ်၍ မရသောတောင်) စတဲ့ အမည်များဖြင့်လည်း ကျော်ကြားလှပါတယ်။ မော်တင်စွန်းစေတီရဲ့ ဘုရားပွဲတော်ရက်ကို နှစ်စဉ် တပိုတွဲလပြည့်ကျော် (၁) ရက်နေ့မှ တပေါင်းလပြည့်နေ့အထိ တစ်လတိုင်တိုင် ကျင်းပကြပါတယ်။ ယခင်က ပွဲတော်ရက် ၁၅ ရက် သတ်မှတ်ခဲ့ပေမယ့် အနယ်နယ်အရက်ရက် ဘုရားဖူးပြည်သူများအတွက် တစ်လအထိတိုးကာ ကျင်းပပေးခဲ့ခြင်းပါ။

Photo:Internet
     မော်တင်စွန်းစေတီတော်မြတ်သည် ဗုဒ္ဓသာသနာအတွက် ထူးခြားသော မှတ်တိုင်တစ်ခုလည်း ဖြစ်နေပါသေးတယ်။ သာသနာအစ မော်တင်စွန်းက ဟုမှတ်သားကြသလို စေတီအစ မော်တင်စွန်းစေတီကလို့လည်း ခေါ်ဆိုကြပါတယ်။ ဒါကလည်း ဇေယျသေနနဂါးမင်း တည်သော မော်တင်ဆံတော်ရှင် စေတီတော်သည် ဥက္ကလာပမင်းကြီးတည်သော ရွှေတိဂုံစေတီတော်ထက် ရှစ်လတိတိ စောကြောင်းသိရပါတယ်။ မြတ်မော်တင်ဆံတော်ရှင်စေတီ တည်သော မဟာသက္ကရာဇ် ၁ဝ၃ ခုနှစ် ဝါဆိုလပြည့်နေသည် မြတ်စွာဘုရား မိဂဒါဝုန် အင်ကြင်း တော၌ ပဉ္စဝဂ္ဂီ ငါးဦးကို ဓမ္မစကြာ တရားဦးဟောသောနေ့နှင့်လည်း တိုက်ဆိုင်နေပါတယ်။ ထို့ကြောင့် မော်တင်စွန်း ဆံတော်ရှင်စေတီ တော်သည် မြန်မာနိုင်ငံတွင် ဗုဒ္ဓ သာသနာရောက်ရှိသည့် အထိမ်းအမှတ်အဖြစ် ပထမဆုံးတည်သည့် စေတီတော်ဖြစ်ပြီး ကမ္ဘာမြေပြင် ပေါ်တွင် ပထမဆုံးတည်ထားသည့် စေတီတော်ဟုလည်း ခေါ်ဆိုကြပါတယ်။

     မော်တင်စွန်းစေတီတော်နှင့် တွဲလျက် လူသိများလှသည်မှာ ဖောင်တော်ဆိပ်စေတီ ဖြစ်ပါတယ်။ ထိုစေတီသည် မော်တင်စွန်းတောင်ခြေ ၊ ပင်လယ်ကမ်းခြေအလွန် ပင်လယ်ပြင်တွင်း၌ ကျောက်ဆောင်များပေါ်တွင် ထူးထူးခြားခြား တည်ရှိနေပါတယ်။ အလောင်းစည်သူမင်းကြီး ဖောင်တော်ဆိုက်ကပ်ရာ နေရာ၌ ဖောင်တော်ဆိပ်စေတီကို ကောဇာသက္ကရာဇ် ၄၅၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက်နေ့တွင် အမြင့်သံတောင် ၂၅ တောင်ဖြင့် တည်ထားခဲ့ပါတယ်။

Photo:Internet
     ပြင်လယ်ပြင်အတွင်းမှ ဖောင်တော်ဆိပ်စေတီတည်ရှိရာ နေရာဟာ မော်တင်စွန်းတောင်ပေါ်မှကြည့်ရင် ကျောက်ဆောင်ကျောက်တန်းများ၊ ပင်လယ်လှိုင်းလုံးများနဲ့ အလွန်ကို လှပသာယာလှပါတယ်။ ဒါပေမယ့် ပွဲတော်ရက်များတွင် ကမ်းခြေမှ စေတီတော်အရောက် ဈေးဆိုင်ခန်းများ အပြည့်ခင်းထားသဖြင့် တစ်ဆက်တည်း ဖြစ်နေကာ သဘာဝအလှကို အပြည့်မခံစားရပါ။ တစ်နှစ်လုံးတွင်မှ ပွဲတော်ရက်တွင်မှ ရောင်းဝယ်ဖောက်ကားရသဖြင့် နားလည်းလက်ခံသော်လည်း ကိုယ်သွားတဲ့အချိန် ပုံတွေထဲကလို မတွေ့နိုင်ခဲ့လို့ အားပျက်မိပါတယ်။ ဈေးဆိုင်တန်းများတွင် ယုံကြည်သူများအတွက် ပင်လယ်တွင်းမျောရန် နဂါးဖောင်လေးများ လုပ်ကာ ရောင်းချနေကြပါတယ်။

     ဖောင်တော်ဆိပ်စေတီတော် ကုန်းတော်ပေါ်တွင် ညချမ်းအချိန်နှင့် မနက်အာရုံချိန်များတွင် အေးချမ်းမှုကို အပြည့်အ၀ ခံစားရပါတယ်။ ပင်လယ်တွင်းမှ တိုက်ခတ်လာသော လေတဟူးဟူးနဲ့ အေးမြမှုကိုလည်း ခံစားရပါတယ်။ နေ့ခင်ဘက်အချိန်များတွင်တော့ ပင်လယ်ပြင် အလှတွေကို ခံစားနိုင်ပါတယ်။ စေတီတော် တည်ရှိရာအနီးရှိ ကျယ်ပြန့်လှတဲ့ ကျောက်ဆောင် ကျောက်တန်းများပေါ်ကိုလည်း သွားရောက်နိုင်သလို အလှဓာတ်ပုံများလည်း ရိုက်ကြသူမနည်းပါ။

     မော်တင်စွန်းစေတီတော် ကုန်းတော်ပေါ်တွင် အခြားထင်ရှားတဲ့ စေတီတစ်ဆူမှာ ဖော်တော်ဦးစေတီ ဖြစ်ပါတယ်။ ကောဇာသက္ကရာဇ် ၄၅၇ ခု၊ တပေါင်းလဆန်း ၁၄ ရက်နေ့တွင် အလောင်းစည်သူမင်းကြီးသည် ယင်း၏ဖောင်တော် ဦးစွာဆိုက်ရောက်သည့် နေရာ၌ အမြင့်သံတောင် ၂၅ ရှိသော ဖောင်တော်ဦးစေတီကို တည်ထားကိုးကွယ်ခဲ့သည်။ ဘုရားကုန်းတော် သိမ်တော်ကြီးအနီးမှ စေတီတော်ဖြစ်ပါသည်။

မော်တင်စွန်းကမ်းခြေ

(မော်တင်စွန်းကမ်းခြေ ညနေဆည်းဆာချိန် မြင်ကွင်း)
     မော်တင်စွန်းစေတီကုန်းတော် အောက်ခြေရှိ ပင်လယ်ကမ်းခြေတွင် လှိုင်းလုံးလေးများ အစဉ်အမြဲ ရိုက်ခတ်နေကြပါတယ်။ ကျယ်ပြန့်လှတဲ့ သဲသောင်ပြင်တွင် ကျောက်ဆောင်ကျောက်တန်းများကို ကျော်ဖြတ်ကာ လှိုင်းလေးများ တငြိမ့်ငြိမ့် ရိုက်ခတ်နေပါတယ်။ အထူးသဖြင့် ညနေဆည်းဆာ အချိန်များတွင် ပင်လယ်ကမ်းခြေပေါ် လမ်းလျောက်ရင်း တွေ့မြင်ရတဲ့ မြင်ကွင်းများက တစ်သက်မမေ့စရာပါ။

     သို့သော် ပွဲတော်ရက်အတွင်းမှာတော့ ကမ်းခြေတစ်လျောက် ဈေးဆိုင်ခန်းများ အစီအရီခင်းကာ ရောင်းဝယ်ဖောက်ကားကြရသဖြင့် အမှိုက်များကတော့ တွေ့နေရပါတယ်။ အမှိုက်များကို စည်းကမ်းတကျပစ်ရန် တိုက်တွန်းနှိုးဆော်မှုများ ပြုနေကျပေမယ့် များလှတဲ့ ခရီးသွားဧည့်သည်များကြောင့် အမှိုက်ကတော့ ရှိနေအုံးမှာပါ။ လှပတဲ့ ပင်လယ်ကမ်းခြေနဲ့ မော်တင်စွန်းရဲ့အလှ မပပျောက်ရအောင်တော့ ကြိုးစားရပါမယ်။ ဒေသခံများအဆိုအရ ပွဲတော်ရက်အပြီး တပေါင်းလပြည့်ကျော်ရင် ပင်လယ်လှိုင်းလုံးများတက်လာကာ အညစ်အကြေးများကို ရှင်းလင်းပသ်ကြောင်း ဆိုကြပါတယ်။ ဒါကပင် ဘုရားရဲ့တန်ခိုးတော်ပေါ့။ ဒါပေမယ့် လူကလုပ်တဲ့အမှိုက် လူကိုယ်တိုင်ရှင်းကာ မော်တင်စွန်းစေတီတော် ကုန်းတော်တစ်ခုလုံး သန့်ရှင်းသာယာဖို့ကတော့ ၀ိုင်းဝန်းကြိုးစားရပါမယ်။

     မော်တင်စွန်းသို့ ပုသိမ်မှ သွားရသော ၉၆ မိုင် ခရီးလမ်းဟာ လွယ်ကူချောမောတဲ့ ခရီးတစ်ခုတော့ မဟုတ်ပါ။ အနောက်ရိုးမတောင်တန်းများကို ဖြတ်သန်းဖောက်လုပ်ထားခြင်း ဖြစ်သဖြင့် လမ်းမှာ အကွေ့အကောက် အတက်အဆင်း များလှပါတယ်။ အထူးသဖြင့် အကွေ့နေရာများဟာ တဖတ်မှ တက်လာဆင်းလာသော ကားများကို မမြင်ရပါ။ ထို့ကြောင့် သတိထားမောင်းနှင်ရပါတယ်။ ထို့ပြင် ကားလမ်းမှာလည်း တစ်ချို့နေရာများ၌ အနည်းငယ်ကျဉ်သလို ပြုပြင်ဆဲဖြစ်နေပါတယ်။ ဒါကလည်း တစ်နှစ်လုံးတွင်မှ ဘုရားပွဲတော်ရက်များတွင်သာ ခရီးသွားများသဖြင့် မလွဲမသွေ တွေ့ကြုံရမယ့် အခက်အခဲများပါ။ ယခင်က ပုသိမ်မှ ရေလမ်းခရီးဖြင့်သာ သွားတတ်ကြပေမယ့် ယခုအခါ အနောက်ရိုးမ ဖြတ်လမ်းကြောင့် ခရီးသွားကားများ ပိုမိုများပြား သွားလာနေကြပါပြီ။

     ထို့ပြင် တည်းခိုရန်အတွက်လည်း အိပ်ဆောင်များ ၊ အခန်းများ များစွာ တည်ဆောက်နေကြပါတယ်။ အများအားဖြင့် ၄ ယောက်အိပ် တစ်ခန်းလျှင် ၁၅၀၀၀ ကျပ်ခန့် ကျသင့်ပါတယ်။ တစ်ညတာ အိပ်စက်ရန်အတွက် ယာယီထိုးထားသော အဆောင်တဲများ ဖြစ်ပါတယ်။ အများအားဖြင့် ၀ါးများဖြင့် ယာယီအိပ်ဆောင်များ ထိုးထားကြပါတယ်။ ပွဲတော်ရက် တပေါင်းလပြည့် ၁၂၊ ၁၃ ၊ ၁၄ ရက်များတွင် လူအထူးစည်ကားတတ်ပြီး အိပ်စက် စားသောက်ရေး အခက်အခဲ ရှိတတ်ကြပါတယ်။ ဟော်တယ်များလည်း ရှိနေပါပြီ။

     မော်တင်စွန်းခရီးစဉ်တွင် ပျော်ရွှင်ကြည်နူးဖွယ်ကောင်းသောတစ်ချက်မှာ ငွေတောင်ကမ်းခြေပင် ဖြစ်ပါတယ်။ ငွေတောင်ကမ်းခြေဟာ မော်တင်စွန်းစေတီမှ ၇ မိုင်ခန့်ဝေးသော်လည်း ကမ်းခြေတစ်လျောက် ကားဖြင့် အလွယ်တကူ သွားနိုင်ပါတယ်။ ကိုယ်ပိုင်ကားဖြင့် ဖြစ်စေ၊ အငှားလုံးချင်းကားဖြင့် ဖြစ်စေ ၊ တစ်ဦးလျှင် ၁၀၀၀ ကျပ်ဖြင့် ကားလေးများဖြင့်ဖြစ်စေ အလွယ်တကူ သွားနိုင်ပါတယ်။

     မော်တင်စွန်းကမ်းခြေမှ ငွေတောင်ကမ်းခြေအရောက် ပင်လယ်ကမ်းစပ် သဲသောင်ပြင်ကို ဖြတ်သန်းမောင်းနှင်သွားရမှာပါ။ ဒါကြောင့် တစ်လျောက်လုံး ပင်လယ်ပြင်အလှနှင့် ညီညာပြန့်ပြူးသော သဲသောင်ပြင်အလှကို တ၀ကြီး ခံစားရမှာပါ။ ကမ်းခြေ သဲသောင်ပြင်နဲ့ ထိုးထိုးထောင်ထောင် ထွက်နေကြသော ကျောက်ဆောင်ကျောက်တန်းများ ၊ ပင်လယ်မှ တိုက်ခတ်လာသော ဆားဓာတ်ပါသော လေများ၊ ရိုက်ခတ်လာသော ရေလှိုင်းများ စသည်တို့ကြောင့် စိတ်ကြည်နူး ချမ်းမြေ့စေပါတယ်။ ရေတက်ချိန်ဆိုရင် သဲသောင်ပြင်မှာ ရေဖုံးလွှမ်းနေတတ်သော်လည်း ပွဲတော်ရက်များတွင်တော့ သဲသောင်ပြင်ကျယ်ကြီးများနဲ့ တငြိမ့်ငြိမ့် စီးဆင်းလာသော ရေလှိုင်းဖွေးဖွေးများကို တွေ့မြင်ရမှာပါ။

     လမ်းတစ်လျောက် လှပသော ပင်လယ်ကမ်းခြေများသာ ဖြစ်ပေမယ့် ရေကူးလျှင် အန္တရာယ်ရှိတတ်သဖြင့် ငွေတောင်ကမ်းခြေတွင်သာ အပန်းဖြေစခန်း ဖွင့်ထားကြောင်း ဆိုကြပါတယ်။ ငွေတောင်ကမ်းခြေတွင်တော့ အနားယူစားသောက်စရာ ဆိုင်တန်းများ တန်းစီရှိနေကြပါတယ်။ ဘောကွင်းများငှားခြင်း၊ ရေချို ချိုးခြင်း၊ အနားယူခြင်းများကို လုပ်နိုင်ကြပါတယ်။

     ငွေတောင်ကမ်းခြေသည် ပြာလဲ့လဲ့ ကောင်းကင်ကြီးအောက် အပြောကျယ်သော ပင်လယ်ကြီးကို စိတ်ချမ်းမြေ့ဖွယ် တွေ့မြင်ရပါတယ်။ ကမ်းခြေကို ကာရံထားသော တောင်တန်းများနဲ့ သဲသောင်ပြင်ကျယ်၊ ပင်လယ်မှ ထိုးထွက်နေသော ကျောက်ဆောင်များ၊ ကြည်လင်အေးမြနေတဲ့ ပင်လယ်လှိုင်းများကြောင့် လာရောက်သူအပေါင်း ပျော်ရွှင်ကြရပါတယ်။

     ငွေတောင်ကမ်းခြေမှာ မော်တင်စွန်းနဲ့ တွဲလျက် လာရောက်တတ်ကြခြင်း ဖြစ်သောကြောင့် လူအရောက်တော့ နည်းပါသေးတယ်။ ဘုရားပွဲတော်ရက်များတွင်သာ စည်ကားတတ်ပါတယ်။ ခရီးသွားများ ရောက်ရှိလာရင် တွဲလျက်တွေ့ရတာက စည်းကမ်းမဲ့ အမှိုက်များ ဖြစ်ပါတယ်။ နေခရမ်းတို့ လူနည်းချိန်သွားတာတောင် ကမ်းခြေမှာ ပုလင်းခွံ၊ ဗူးခွံများ တွေ့နေရပါပြီ။ အခြားနာမည်ကျော် ကမ်းခြေတစ်ခုမှာ ထိုကဲ့သို့ စည်းကမ်းမဲ့ အမှိုက်ပစ်ကြသဖြင့် ကမ်းခြေနဲ့မတူ၊ အမှိုက်ပုံနဲ့ တူလာကြောင်း ဆိုကြပါတယ်။ သတိပြုဆင်ခြင် ထိန်းသိမ်းရမယ့် အချက်တစ်ခုပါ။ ဧရာဝတီတိုင်းဟာ လှပတဲ့ ပင်လယ်ကမ်းခြေ အများအပြား တည်ရှိနေပါတယ်။ ယခု မော်တင်စွန်းမှ ငွေတောင်ကမ်းခြေအရောက် ပင်လယ်ကမ်းခြေကြီးဟာလည်း မြန်မာပြည်ရဲ့ အလှပဆုံး ကမ်းခြေများတွင် တစ်ခုအပါအ၀င်ဖြစ်ကြောင်း လက်ခံမိပါတယ်။

     မြတ်မော်တင် ဆံတော်ရှင် စေတီတော်ကို ဖူးပြီးပြီ။ ငွေတောင်ကမ်းခြေ အလှကိုလည်း ခံစားပြီးပြီဆိုရင် နာမည်ကျော် ဟိုင်းကြီးကျွန်းကိုလည်း သွားရောက်လည်ပတ်နိုင်ပါတယ်။ ဟိုင်းကြီးကျွန်းသို့သွားရင် မော်တင်စွန်းမှသွားရင် ၆ မိုင်ခန့်၊ ပုသိမ်-မော်တင်စွန်းကားလမ်းမပေါ်မှ လမ်းခွဲအတိုင်း ၃ မိုင်ခန့်ဝင်သွားရင် ရောက်ပါတယ်။ ကုန်းမကြီးမှ ဟိုင်းကြီးကျွန်းကို တံတားထိုးထားပါတယ်။

     ဟိုင်းကြီးကျွန်းဟာ ရေတပ်စခန်းအခြေချရာ ကျွန်းတစ်ခုပါ။ ဒေသခံများအနေဖြင့် ငါးဖမ်းခြင်းလုပ်ငန်းများနဲ့ အများအပြား အသက်မွေးကြပါတယ်။ ဟိုင်းကြီးကျွန်းရောက်ရင် သွားရမှာက ကျောင်းသစ်ကျောင်းကြီးပါ။ ထိုကျောင်းသို့ရောက်ရန် လမ်းမကြီးအတိုင်း ကျွန်းတစ်ဖက်ကမ်းသို့ရောက်ရန် သွားရပါတယ်။

ဟိုင်းကြီးကျွန်း၊ ကျောင်းသစ်ကျောင်းကြီးအတွင်းမှ မဟာအံ့ထူးကံသာဘုရား

     ကျောင်းသစ်ကျောင်းကြီးအတွင်းတွင် အိန္ဒိယမှ ပင့်ဆောင်လာသော အရိုးကွင်းဆက်ဓာတ်တော်နှင့် မဟာအံ့ထူးကံသာ မြတ်စွာဘုရားကို ကြည်ညိုဖွယ် ဖူးမြင်နိုင်ပါတယ်။ ရပ်ဝေးမှ ခရီးသွားဧည့်သည်များအတွက် တည်ဖို့၊ နေဖို့ ၊ စားဖို့ကို အခမဲ့စီစဉ်ပေးထားပါတယ်။ ကျောင်းဝင်းအတွင်း ၀င်လာသည်နှင့် ခင်မင်ပျူဌာစွာ ဧည့်ဝတ်ပြုတတ်ကြပါတယ်။ ကျောင်းဝင်းအတွင်း ဈေးဆိုင်ခန်းများရှိပြီး၊ ဒေသထွက် ပစ္စည်းများ၊ အထူးသဖြင့် ငါးခြောက်များကို ရောင်းချကြပါတယ်။

     ထိုကျောင်းမှ တစ်ဆက်တည်း တောင်ပေါ်သို့ တက်သွားရင် ကျိုက်တီစေတီတော်ကို ဖူးမြင်နိုင်ပါတယ်။

     ဟိုင်းကြီးကျွန်းသည်လည်း ပင်လယ်ဝတွင် တည်ရှိနေခြင်း ဖြစ်ပြီး ၊ အထူးသဖြင့် တောင်ပေါ်ရှိ ကျိုက်တီစေတီတော်ရင်ပြင်ပေါ်မှ ပင်လယ်အလှကို ခံစားနိုင်ပါတယ်။ ထိုနေရာတွင် ပင်လယ်နှင့် မြစ်ပေါင်းဆုံရာနေရာ၌ ရေရောင် နှစ်ရောင်ကွဲနေသည်ကို တွေ့မြင်နိုင်ပါတယ်။
     ဘုရားကုန်းတော်မှ ပင်လယ်ကမ်းခြေသို့ဆင်းပြီး အလှအပများကိုလည်း ခံစားနိုင်ပါသေးတယ်။ အချိန်ရလျှင် ဟိုင်းကြီးကျွန်း တစ်ဖက်ကမ်းသို့ သမ္မာန်ဖြင့်ကူးကာ ကျောက်ကလပ်ဒေသ နှင့် လိပ်ကျွန်းသို့ သွားနိုင်ပါသေးတယ်။

Photo:Internet

ဆံတော်ရှင် မော်တင်စွန်းစေတီတော်

မော်တင်စွန်းစေတီ တည်နေရာပြပုံ

ငွေတောင်ကမ်းခြေ တည်နေရာ

မော်တင်စွန်းစေတီနှင့် ဖောင်တော်ဆိပ်စေတီ

(မော်တင်စွန်းစေတီ၌ အမှတ်တရ)
     မော်တင်စွန်းဘုရားဖူးခရီးစဉ်ဟာ မြန်မာနိုင်ငံရဲ့ အထင်ကရ ဆံတော်ရှင်စေတီတော်မြတ်ကို ဖူးမျှော်နိုင်သလို ဧရာဝတီတိုင်းရဲ့ လှပတဲ့ သဘာဝအလှအပများကို ခံစားနိုင်မှာ အမှန်ပါ။ အနောက်ရိုးမ တောင်တန်းများကို ဖြတ်သန်းပြီးနောက် ဖူးမျှော်ရမည်က သာသနာ့မှတ်တိုင် ကြည်ညိုဖွယ်ကောင်းလှတဲ့ ဆံတော်ရှင်စေတီတော် ဖြစ်ပါတယ်။ ထို့ပြင် သာယာအေးချမ်းလှတဲ့ ပင်လယ်ကမ်းခြေအလှများ၊ ဒေသန္တရဗဟုသုတများကိုပါ ရရှိစေမယ့် ခရီးစဉ်တစ်ခုဖြစ်ကြောင်း နေခရမ်းမှ တိုက်တွန်းလိုက်ပါတယ်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...