Thursday, August 10, 2017

ကမ္ဘာအကြီးဆုံး လှိုဏ်ဂူကြီး (သို့) ကမ္ဘာမြေအောက်မှ သီးခြားကမ္ဘာ

ကမ္ဘာပေါ်တွင် လှိုဏ်ဂူကြီးများ များစွာရှိကြပါသည်။ ယခုတင်ပြမည့် ဗီယက်နမ်နိုင်ငံမှ Hang Son Doong လှိုဏ်ဂူကြီးကတော့ အတွင်ပိုင်းတွင် သစ်တောများ ၊ တိမ်တိုက်မြူခိုးများ ၊ မြစ်များ ၊ စမ်းချောင်းများ ၊ သဲသောင်ပြင်များ နှင့် နေထိုင်အသက်ရှင်နေကြသော တိရိစ္ဆာန်လေးများကြောင့် ကမ္ဘာမြေအောက်မှ သီးခြားကမ္ဘာ တစ်ခုကဲ့သို့ ဖြစ်တည်နေခြင်း ဖြစ်ပါသည်။ ထိုကဲ့သို့ ကိုယ်ပိုင်ရာသီဥတု နှင့် ကိုယ်ပိုင် သဘာဝပတ်ဝန်းကျင် ရှိလောက်အောင် ကျယ်ဝန်းကြီးမားလှသဖြင့် Hang Son Doong လှိုဏ်ဂူကြီးကို ကမ္ဘာ့အကြီးဆုံးလှိုဏ်ဂူကြီးအဖြစ် သတ်မှတ်ကြပါသည်။

ဒါပေမယ့် ထိုလှိုဏ်ဂူကြီးကို တွေ့ရှိခဲ့သည်မှာ မကြာသေးပါ။ ၁၉၉၁ ခုနှစ်ထဲတွင် ဒေသခံတစ်ဦးဖြစ်သည့် Hồ-Khanh သည် ထိုလှိုဏ်ဂူကြီး၏ ၀င်ပေါက်ကို စတင်တွေ့ရှိခဲံခြင်း ဖြစ်ပါသည်။ ကြီးမားသော လှိုဏ်ဂူကြီး အောက်ခြေမှ မြေအောက်မြစ်များ၏ ရေစီးသံများ ကြားနေရသောကြောင့် ထိုဒေသခံမှာ ကြောက်လန့်ပြီး အထဲအထိ မ၀င်ဘဲ ပြန်ထွက်လာခဲ့ပါသည်။

၂၀၀၉ ခုနှစ် ဧပြီလအတွင်းက ဗြိတိသျှ လှိုဏ်ဂူ သုတေသန အသင်းမှ သိပ္ပံပညာရှင်များဖြစ်သော Howard နှင့် Deb Limbert တို့ ဦးဆောင်သော အဖွဲ့သည် ဗီယက်နမ်၏ အမျိုးသားဥယျာဉ် Phong Nha-Ke Bang ကို လေ့လာရင်း Hang Son Doong လှိုဏ်ဂူကြီးကို တွေ့ရှိခဲ့ပြီး ၀င်ရောက်ကြည့်ရှု့ခဲ့ကြပါသည်။ ထိုအဖွဲ့ဝင်ရောက်ကြည့်မိတော့မှ အတွင်း၌ မြေအောက်သီးခြားကမ္ဘာတစ်ခုကဲ့သို့ ဖြစ်တည်နေသော Hang Son Doong လှိုဏ်ဂူကြီး အကြောင်းကို ကမ္ဘာမှ သိရှိခဲ့ကြပါသည်။ နောက်ထပ်ဝင်ရောက် လေ့လာတိုင်းတာမှုများကြောင့် Hang Son Doong လှိုဏ်ဂူကြီးသည် ကမ္ဘာ့အကြီးဆုံးလှိုဏ်ဂူကြီး အဖြစ် သတ်မှတ်ခဲ့ကြပါသည်။


Hang Son Doong လှိုဏ်ဂူကြီးသည် ဂူခွဲပေါင်း ၁၅၀ ကျော်ပါဝင်ပြီး တစ်ခုနှင့်တစ်ခု ဆက်နွယ်နေသော ကြီးမားသည့် လှိုဏ်ဂူကွန်ယက်ကြီးသဖွယ် ဖြစ်နေပါသည်။ စုစုပေါင်း အရှည်အားဖြင့် ၉ ကီလိုမီတာ ( ၅ မိုင်ခွဲကျော်) အထိရှိမည်ဟု ခန့်မှန်းထားကြပါသည်။ တိုင်းတာခဲ့သည့် တစ်ဆက်တည်းရှိသော အကြီးဆုံး အပိုင်းလှိုဏ်ဂူအရှည်သည်ပင် ၅ ကီလိုမီတာ (၃.၁ မိုင်) ရှည်လျားပြီး မီတာ ၂၀၀ (ပေ ၆၆၀ကျော်) မြင့်မားသည်။ အကျယ် မီတာ ၁၅၀ (၄၉၀ ပေ) ရှိပါသည်။

Hang Son Doong လှိုဏ်ဂူကြီးကို ၀င်ရောက်နိုင်ဖို့ ဂူပေါက်အတွင်းကနေ အောက်သို့ မီတာ ၈၀ ခန့် (၂၆၂ပေ) ကို ကြိုးဖြင့် သွယ်ဆင်းကြရပါသည်။ ထို့နောက်အောက်ခြေရောက်သည်နှင့် ပြင်ပကမ္ဘာနှင့် ဆက်စပ်မှုမရှိသော သီးခြားမြေအောက်ကမ္ဘာကြီးကို အံ့သြဖွယ်တွေ့ရှိရမည် ဖြစ်ပါသည်။

Hang Son Doong လှိုဏ်ဂူကြီး အတွင်းတွင် ဒေသရင်း ပန်းပင်တွေ ၊ ဒေသရင်း တိရစ္ဆာန် မျိုးစိတ်တွေ၊ သဘာဝ ရေကန်တွေ၊ တခြား ဒေသတွေနဲ့ မတူတဲ့ မိုးတိမ်မြူခိုးများပင် ရှိနေပါသည်။ ထို့ပြင် ကြီးမားပြီး ရေစီးသန်သည့် subterranean မြစ်သည် ဂူအတွင်း၌ စီးဆင်းနေပါသည်။ ထို့ပြင် သာယာလှပသော သဲသောင်ပြင် ၊ မြစိမ်းရောင် ရေကန်တွေ နှင့် သစ်တောအုပ်များကို ရင်သပ်ရှု့မောဖွယ် တွေ့ရမှာပါ။

Hang Son Doong လှိုဏ်ဂူကြီး အတွင်းတွင် နှစ်ပေါင်းများစွာ သက်တမ်းရှိသော ကျောက်ဖြစ်ရုပ်ကြွင်းများကို တွေ့မြင်နိုင်မည် ဖြစ်သလို ကြီးမားမြင့်မားစွာ တည်ရှိနေသော ကျောက်စက်ပန်းဆွဲများ ၊ ကျောက်စက်မိုးမျော်တိုင်ကြီးများကို တွေ့ရပါသည်။ မီတာ ၇၀ လောက်ရှည်လျား မြင့်မားတဲ့ ကျောက်စက်မိုးမျော် ၊ ပန်းဆွဲတိုင်လုံးကြီးများ တည်ရှိနေပါသည်။

Hang Son Doong လှိုဏ်ဂူကြီး အတွင်းတွင် သစ်ပင်တွေ ထူထပ်စွာ ပေါက်ရောက်နေကြပြီး မျောက်တွေ၊ အောက်ချင်းငှက်တွေနဲ့ လင်းနို့ စတဲ့ တိရစ္ဆာန်တွေလည်း အဲဒီမှာ ကျက်စားနေထိုင်ကြပါသည်။ ဂူထဲမှာပဲ အပြင်လောက ကမ္ဘာက ရာသီဥတုနဲ့ ခြားနားတဲ့ သီးခြား ရာသီဥတု၊ သီးခြား တိမ်တွေနဲ့ ပိုပြီး အေးစိမ့်တဲ့ လေထုလည်း ရှိနေပါသေးသည်။ လွန်ခဲ့သော နှစ်သန်းပေါင်း ၄၀၀ - ၄၅၀ ခန့်ကတည်းက စတင်ဖြစ်တည် လာခဲ့သော ဧရာမလှိုဏ်ဂူကြီး ဖြစ်ပါသည်။

ထို့ကြောင့် Hang Son Doong လှိုဏ်ဂူကြီးသည် အစိမ်းရောင်အလင်းတန်းများ ဖြာဆင်းနေပြီး မြူခိုးတွေဝေနေသည့် မြေအောက်သီးခြား ကမ္ဘာငယ်တစ်ခု အဖြစ်တည်ရှိနေပါသည်။
Hang Son Doong လှိုဏ်ဂူကြီး၏ ၀င်ပေါက်
 




















Aug 28, 2012 မှ ပိုစ့်အား ပြန်လည်ပြင်ဆင် တင်ပြထားပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...