Friday, November 30, 2012

နှစ်ပေါင်း ၁ဝဝဝဝ ကျော် သက်တမ်းရှိသည့် ရှေးဟောင်း အိမ်တစ်လုံး၏ အပိုင်းအစများ တူးဖော်တွေ့ရှိ


 
အီဒင်ဘာ့ဂ် နိုဝင်ဘာ ၂၄
လွန်ခဲ့သော နှစ်ပေါင်း ၁ဝဝဝဝ ကျော်က တည်ဆောက်ခဲ့သည့် ရှေးဟောင်းအိမ် တစ်လုံး၏ အကြွင်းအကျန်အစအန များကို စကော့တလန် နိုင်ငံ အီဒင်ဘာ့ဂ် မြို့အနီးတွင် ရှေးဟောင်း သုတေသန ပညာရှင် များက တူးဖော် ရရှိခဲ့ကြောင်း အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။ အဆိုပါ နေအိမ် အကြွင်းအကျန် များကို Forth bridge သို့သွားသော လမ်းကြောင်း အနီးတွင် ရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ဘီစီ ၈၂၄ဝ ဝန်းကျင်ခန့်က နေအိမ် အကြွင်း အကျန်များ ဖြစ်သည်ဟု ရှေးဟောင်း သုတေသန ပညာရှင် များက ယူဆကြသည်။

ရှေးဟောင်း သုတေသန ပညာရှင်များ တွေ့ရှိခဲ့သည့် နေအိမ်ဟောင်း အကြွင်းအကျန် အပိုင်းအစ များကို ခုနစ်မီတာ နီးပါး အကျယ်ရှိသော ဘဲဥပုံ မြေကျင်းကြီး ထဲတွင် တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး မြေကျင်းထဲ၌ တိုင်စိုက်ရာ တွင်းပေါက်များနှင့် ပြည့်နှက်နေကြောင်း လေ့လာ ချက်များအရ သိရသည်။ ထိုတွင်းများသည် နေအိမ်အမိုး၊ နံရံများကို ကျားကန် ပေးထားသည့်သစ်သားတိုင်များ ထိုးစိုက်ခဲ့ရာ အပေါက်များ ဖြစ်နိုင် ကြောင်းနှင့် အိမ်ကို မြက် များဖြင့် မိုးကာ ထားခဲ့ကြောင်း ရှေးဟောင်း သုတေသန ပညာရှင် များက  ယူဆ ခဲ့ကြသည်။  ထို့အပြင် ၎င်းနေရာ၌ မီးလင်းဖို အပိုင်းအစ များကိုလည်း ရှာဖွေတွေ့ရှိ ခဲ့ကြကြောင်း သိရသည်။
 ထိုအိမ်များကို   ရေခဲခေတ် နှောင်းပိုင်းကာလ ပြီးနောက် စကော့တလန် နိုင်ငံတွင် ပထမဆုံး အခြေချ လာရောက် နေထိုင်သူ များက ဆောက်လုပ် ခဲ့သည်ဟု ကျွမ်းကျင် ပညာရှင် များက ယူဆ ခဲ့ကြသည်။ ထို့အပြင် ၎င်းဒေသတွင် နေထိုင် သူများသည် အုပ်စုလိုက် အမဲ လိုက်ကြ၍ ငှက်များ၊ ငါးများ၊ တောဝက် များနှင့် သမင်များကို စားသုံး ခဲ့ကြကြောင်း လေ့လာချက် များအရ သိရသည်။ ဟယ်ဇယ်သီး အခွံများ ကိုလည်း  ၎င်းနေရာတွင် ရှာဖွေ တွေ့ရှိခဲ့ပြီး အမဲ လိုက်ခြင်းနှင့် အသားများ လှီးဖြတ်ရာတွင် အသုံးပြု ခဲ့သည့် ကျောက်လက်နက်များ အပါအဝင် မီးခတ်ကျောက် များကိုလည်း ရှေးဟောင်း သုတေသန ပညာရှင် များက တူးဖော် ရရှိခဲ့ကြောင်း သိရသည်။
 ref:မြ၀တီ 

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...