Sunday, March 17, 2013

နှစ်၄၀၀ကျော် သက်တမ်းရှိ မျိုးဆက် ၁၅ဆက်အသုံးပြုခဲ့သော ဗြိတိန်သက်တမ်း အရင့်ဆုံးအိပ်ခန်း


အင်္ဂလန်အနောက်တောင်ပိုင်း ဂလော်စတာရှိုင်းယားဒေသရှိ ဘန်ကလေရဲတိုက်အတွင်းရှိ မျိုးရိုးစဉ်ဆက် ရဲတိုက်ပိုင်ရှင်များ အသုံးပြုခဲ့သော အိပ်ခန်းသည် နှစ်၄၀၀ကျော် သက်တမ်းရှိကာ မျိုးဆက်၁၅ဆက် အသုံးပြုခဲ့ပြီး ဗြိတိန်၏သက်တမ်းအရင့်ဆုံး အိပ်ခန်းတစ်ခန်းဖြစ်သည်။ အဆိုပါဘန်ကလေရဲတိုက်ကို ဗြိတိန်သို့ လာရောက်လည်ပတ်ကြသည့် ခရီးသွားဧည့်သည်များနှင့် ဗြိတိန်နိုင်ငံသားများသည် အထူးစိတ်ဝင်စားလျက်ရှိပြီး နှစ်စဉ်ဧပြီလမှ အောက်တိုဘာလအထိ ခရီးသွားဧည့်သည်များ ၀င်ရောက်လေ့လာ ကြည့်ရှုနိုင်ရန် ရဲတိုက်ကို ဖွင့်လှစ်ပေးလေ့ရှိသည်။ အဆိုပါရဲတိုက်ကို ၁၁ရာစုများက ပိုင်ဆိုင်ခဲ့ပြီး ၁၀၆၆ခုနှစ်ခန့်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

ရဲတိုက်အတွင်းရှိ ရဲတိုက်ပိုင်ရှင်များ အသုံးပြုရန်အိပ်ခန်းကို ၁၅၆၀-၁၆၄၀ခေတ် အနုပညာလက်ရာမြောက်စွာ ပြုလုပ်ခဲ့သည်။ယခုအခါ အသက်၈၁နှစ်အရွယ်ရှိ ဂျွန်ဘန်ကလေနှင့် ၇၃နှစ်အရွယ်ရှိ ဇနီးဖြစ်သူ ဂျော်ဂျီနာဘန်ဂလေတို့က ဆက်လက်အသုံးပြုလျက်ရှိသည်။ သက်တမ်းကြာမြင့်နေပြီ ဖြစ်သော်လည်း ထိုအိပ်ခန်းအတွင်း အိပ်စက်အနားယူရာ၌ သက်သောင့်သက်ရှိပြီး ဗြိတိန်သမိုင်းရာဇ၀င်ထဲ ရောက်ရှိသွားသကဲ့သို့ ခံစားမိကြောင်း ဂျော်ဂျီနာဘန်ကလေက ယခုနှစ်ဧည့်သည်များအတွက် ရဲတိုက်ဖွင့်လှစ်ရေးကိစ္စနှင့် ပတ်သက်၍ သတင်းထောက်များ၏ မေးမြန်းမှုကိုဖြေကြားစဉ် ထည့်သွင်း ပြောကြားသွားခဲ့သည်။ ဘန်ကလေမိသားစုသည် မင်းမျိုးမင်းနွယ်မှ ဆင်းသက်လာခဲ့ပြီး ဗြိတိန်သမိုင်းတစ်လျှောက်တွင် နိုင်ငံအတွက် အဓိကတာဝန်များကို ထမ်းဆောင်ပေးခဲ့သည်။

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...