Tuesday, April 9, 2013

မော်ရိုကို နိုင်ငံ အတွင်းသို့ ကျရောက်ခဲ့သည့် ကျောက်တုံးသည် နှစ်ပေါင်း ၄ ဒသမ ၅၆ ဘီလီယံ သက်တမ်းရှိ ဗုဒ္ဓဟူး ဂြိုဟ်မှ ဥက္ကာခဲ ဖြစ်နိုင်ကြောင်း


ဝုဒ်လန်း  မတ်  ၃၁
မော်ရိုကို နိုင်ငံ အတွင်းသို့ ၂ဝ၁၂ ခုနှစ်က ကျရောက်ခဲ့သော NWA 7325 ဟု အမည် ပေးထားသည့် အစိမ်းရောင် ကျောက်တုံးသည်
နေနှင့် အနီးဆုံးဂြိုဟ် ဖြစ်သည့် ဗုဒ္ဓဟူးဂြိုဟ်မှ ဖြစ်နိုင်ပြီး အက်စ်တီရွိုက် သို့မဟုတ် အင်္ဂါဂြိုဟ်မှ မဟုတ်ကြောင်း ဥက္ကာခဲ သိပ္ပံပညာရှင် အန်ထော်နီ အဲဗင်းက ယခုလ အတွင်း တက်စ်ဆက် ပြည်နယ်  ဝုဒ်လန်းမြို့တွင် ပြုလုပ်သော (၄၄) ကြိမ်မြောက် လနှင့်ဂြိုဟ်များ ဆိုင်ရာ သိပ္ပံပညာ ဆွေးနွေးပွဲတွင် လေ့ လာ တွေ့ရှိမှု အသစ်တစ်ရပ် အဖြစ် ထုတ်ဖော် ပြသခဲ့သည်။

၎င်း အစိမ်းရောင် ကျောက်တုံး NWA 7325 သည် ၂ဝ၁၂ ခုနှစ်အတွင်း မော်ရိုကိုနိုင်ငံ အတွင်းသို့ ကျရောက် ခဲ့သော ဥက္ကာခဲ အပိုင်းအစပေါင်း ၃၅ ခုအနက် တစ်ခုဖြစ်ပြီး ၎င်းတို့သည် အလွန် ရှေးကျကာ သက်တမ်း အားဖြင့် နှစ်ပေါင်း ၄ ဒသမ ၅၆ ဘီလီယံ ရှိမည် ဖြစ်ကြောင်း အဲဗင်းနှင့် အဖွဲ့က သတ်မှတ် ခဲ့သည်။ 
အဲဗင်းသည် ဝါရှင်တန် တက္ကသိုလ်မှ ကမ္ဘာနှင့် အာကာသ ဆိုင်ရာ ပါမောက္ခ တစ်ဦး ဖြစ်ပြီး ဥက္ကာခဲများ အကြောင်း နှစ်ပေါင်းများစွာ လေ့လာနေသူ တစ်ဦးဖြစ်သည်။ သို့သော် ၎င်း အနေဖြင့် ထို အစိမ်းရောင် ဥက္ကာခဲအား ယခင်က ကမ္ဘာပေါ်တွင် တစ်ကြိမ်မျှ မမြင်ဖူးကြောင်း သိရသည်။
အင်္ဂါဂြိုဟ်မှ ဥက္ကာခဲများတွင် အင်္ဂါဂြိုဟ် လေထု အလွှာမှ အပိုင်းအစများ ပါဝင်ပြီး ဗက်စ်တာ ဂြိုဟ်သိမ်မှ ဥက္ကာခဲ များမှာမူ ဓာတုဗေဒ နည်းအရ ကွဲပြားကြောင်း၊ သို့သော် ထို အစိမ်းရောင် ဥက္ကာခဲ NWA 7325 အား သိပ္ပံ ပညာရှင်များ တစ်ခါမျှ မတွေ့ဖူးကြောင်း သိရသည်။
အဆိုပါ အစိမ်းရောင် ဥက္ကာခဲသည် အခြား ဥက္ကာခဲများနှင့် ယှဉ်လျှင် သံလိုက်စွမ်းအင် နည်းပါးကြောင်း အဲဗင်းက ပြောကြားပြီး ဗုဒ္ဓဟူးဂြိုဟ် အနီး ပျံသန်းနေသည့် နာဆာ၏ အာကာသ ယာဉ်မှ ပေးပို့သော အချက် အလက်များ အရ ၎င်း ဂြိုဟ်သည် သံလိုက်စွမ်းအင် နည်းပါးကြောင်း တွေ့ရှိရသည့် အတွက် အဲဗင်း ပြောကြားခဲ့သော အစိမ်းရောင် ဥက္ကာခဲ NWA 7325 နှင့် ထပ်တူညီလျက် ရှိကြောင်း သိရသည်။

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...