Sunday, June 2, 2013

ခွေါင်ကြွဲပွဲတော် (Haung Cuai Puai) တို့နွှဲပျော်


ဟားခါးမြို့နယ်တွင် ချင်းရိုးရာ ပွဲလမ်း သဘင်များ အနက် အထင်ရှားဆုံး ပွဲတော်မှာ ခွေါင်ကြွဲပွဲ ဖြစ်သည်။ ယင်းခွေါင်ကြွဲပွဲကို လွန်ခဲ့သော နှစ်ပေါင်း (၅ဝဝ)ခန့်က ဟားခါးမြို့နယ် ဆင်ထန် အမျိုးသား ဦးမန်ဆွီးက စတင် ကျင်းပ ခဲ့ကြောင်းကို ချင်းရိုးရာ တေးသီချင်း တစ်ပုဒ်အရ သိရှိရလေသည်။
ယင်း ရိုးရာ တေးသီချင်းမှာ ''ခွေါင်ကြွဲအေး xxx ကျူအေး xxx ဘွေနူးအေး xxx ဟရောင် xxx လုံသင်အေး xxx ပီး xxx မန်ဆွီးအေး xxx ဆယ် xxx အဇုန်အေး xxx ဇာသာအေး xxx'' အနက် အဓိပ္ပာယ်မှာ ဘွေနူး မြစ်ဝှမ်းတွင် နေထိုင်သူ ကြွယ်ဝ ချမ်းသာပြီး  ပညာရှိသော  မန်ဆွီးက စတင်ခဲ့သည်ဟု ဆိုပေသည်။
ဦးမန်ဆွီး၏ ဇာတိရွာမှာ ဟားခါးမြို့နှင့် ၁၂ မိုင်ခန့်ဝေးပြီး ယခု ဟားခါး- ဖလမ်း ကားလမ်းပေါ်ရှိ ခွန်ကျုံး ကျေးရွာ ဖြစ်သည်။ သီမြစ်ချောင်းတွင် ဦးမန်ဆွီးက ကျည်ပွေ့ တစ်ချောင်း၌ ကြက်ဖ တစ်ကောင်ကို ချည်ထားပြီး ထိုကျည်ပွေ့နှင့်ကြက်ဖ သောင်တင်သော နေရာတွင် နေထိုင်မည်ဟု အဓိဋ္ဌာန် ပြုကာ ကျည်ပွေ့နှင့် ကြက်ဖကို ချောင်းထဲ မျှောပြီး လိုက်ခဲ့သည် ဆို၏၊
ထိုကျည်ပွေ့နှင့် ကြက်ဖသည် ဖိုင်ယောင်ရွာ တောင်ဘက် ဘွေနူးမြစ်၏ ဝဲရှိသော နေရာတွင် သောင်တင်ပြီး ဆက်လက် မမျောတော့ဘဲ ရေလှိုင်းလုံးများ အပေါ် ကျည်ပွေ့နှင့် ကြက်ဖသည် မြင့်တုံနိမ့်တုံ လှုပ်ရှား နေသည်ကို တွေ့ရှိသော အခါ ဇနီးသည်အား စင်ပေါ်တင်၍ လှုပ်ရှား ယိမ်းနွဲ့ဟန်ပြ စေခြင်းဖြင့် ဂုဏ်ပြုလိုစိတ် ပေါ်လာသည် ဆို၏။ ဦးမန်ဆွီးသည် ကျည်ပွေ့နှင့်ကြက်ဖ သောင်တင်သော အထက် မြေပြန့်တွင် နေထိုင်ပြီး စိုက်ပျိုးရေးနှင့် နွားနောက် မွေးမြူရေး လုပ်ငန်းကို ဆောင်ရွက်ခဲ့ရာ နွားနောက် အမြောက်အမြား ရှိလာသဖြင့် သူ၏ တပည့် နွားကျောင်းသားက ဦးမန်ဆွီး၏ ဆန္ဒဖြစ်သော ခွေါင်ကြွဲပွဲကို ကျင်းပရန် အကြံပေးရာမှ ခွေါင်ကြွဲပွဲ စတင်ခဲ့ကြောင်း သက်ကြီးစကား သက်ငယ်ကြားဖြင့် သိရှိ ရပါသည်။
ခွေါင်ကြွဲပွဲတွင်  နွားနောက် (၇)ကောင်မှ ကောင်ရေ(၁ဝဝ)ထိ သတ်ရသည်။ ပွဲလုပ်သော အခါ အနီးအနားရှိ ကျေးရွာ များကိုလည်း ဖိတ်ခေါ်၍ ပွဲစည်ကားရေး အတွက် တတ်နိုင်သလို ကူညီကြရန် နွားနောက် တစ်ကောင်စီ ပေးရသည်။ ယင်းကို ထိန(Hing – Thiah)  တောင်းခံသည်ဟု ခေါ်သည်။  ဖိတ်ကြားခြင်း ခံရသော ရွာမှ ရွာသူ ရွာသားများသည် ပွဲသို့ အကမျိုးစုံ ဖြင့်စည်ကားစွာ လာရောက် ဆင်နွှဲကခုန် မြူးတူးကြသည်။
ခွေါင်ကြွဲပွဲ အကျွေးအမွေးမှာ (၇)ရက်တိုင်တိုင် ကြာသည်။ နောက်ဆုံးနေ့၌ ပွဲလုပ်သူ၏ ဇနီးကို စင်ပေါ်တွင် တင်၍ မြှောက်ချီကြသည်။ လေးပေလောက် အကွာတွင် အပေါက် နှစ်ပေါက် ဖောက်ထားသော သစ်ပျဉ်ပြား နှစ်ချပ်၌ ဝါးလုံးနှစ်လုံး လျှိုပြီး ပျဉ်ပြားနှင့် ဝါးလုံးအကြား စတုဂံပုံ ကွက်လပ် ကလေးတွင် ကြမ်းခင်းထားသည်။ ကြမ်းပေါ်တွင် ကြေးခွက်ကြီး တစ်ခု တင်ထားသည်။ ကြေးခွက်ကြီး ပတ်လည်တွင် သစ်ကိုင်းများ၊ နွယ်ကြိုးများကို တောင်ပို့ ပုံသဏ္ဌာန် တပ်ဆင် ချည်နှောင်ပြီး အပေါ်၌ တောက်ပ ပြောင်လက်သော အဝတ်အထည်များနှင့် စက္ကူများကို အလှပြင် ထားရသည်။ ဤသည်ကိုပင် ခွေါင်(Haung)  ဟုခေါ်သည်။
ပျဉ်ပြား နှစ်ချပ်နှင့် ဝါးလုံး နှစ်လုံးတို့သည် ခွေါင်၏ အုတ်မြစ် အခြေခံ ဖြစ်၍ ပင့်ချီရန် သုံးရသည်။ အချီအမြှောက် ခံရသော သူသည် အနီရောင် ပိုးထည်နှင့် ရစ်ပတ် လွှမ်းခြုံထားသော ကြေးခွက်ကြီးကို နင်းပြီး အထူး စီစဉ်ထားသော အပေါက်မှ နွယ်ကြိုးကို မှီကာ အပြင်သို့ ကိုယ်တစ်ပိုင်း ထုတ်၍ သုံးပြား ခွဲထားသော နွယ်ကြိုးဖြင့် ချည်ထားသည်။ ကျစ်ဆံထိပ်၌ ငှက်မွေးမျိုးစုံ တို့ဖြင့် အလှ ဆင်ထားသော နှစ်ပေခန့်ရှိ ဦးရစ် သရဖူ၊ ပုတီးနှင့် လက်ဝတ်လက်စား စသည် တို့ကို ပန်ဆင်ကာ လှပ ယဉ်ကျေး နွဲ့နှောင်းသော အမူအရာဖြင့် ဗိုလ်ရှုခံရသည်။
ခွေါင်ကို အပျို လူပျိုများက ချီမ၍ သီချင်းဆိုကာ စည်းချက်နှင့် အညီ ရှေ့နောက်၊ ဝဲယာ ယိမ်းထိုးလျက် ပွဲလုပ်သူ ဇနီးကို ချီးကျူး ဂုဏ်ပြု ကြရသည်။ ပွဲလုပ်သူသည် ခွေါင်ကြွဲပွဲ လုပ်သူမှသာ ပန်ဆင်ရသော ငှက်မင်းမြီး ဆွမ်တောင်(Sum Thawng) ၏အမြီးကို ပန်ကာ နောက်မှ ထက်ကြပ်မကွာ မြားဖြင့် ချိန်၍ တကောက်ကောက် လိုက်ရသည်။ အမြှောက်အချီ ခံရသူသည် ကလေးသူငယ်များ ပျော်ပါးစေရန် စင်ပေါ်မှ နေ၍ ပိုက်ဆံများ၊ စားသောက် ဖွယ်ရာများ၊ အဖြူရောင် ဆွတ်ဆွတ် ရှိသော ကြက်များကို စွန့်ကြဲ သွားရသည်။ သက်ကြီး ရွယ်အိုများကလည်း အကသီချင်း အမျိုးမျိုးဖြင့် ပါဝင်ကြသည်။ ပွဲပြီးသော အခါ ယောက်ျားများ နပန်းလုံး ပြိုင်ပွဲ ပြုလုပ်လေ့ ရှိသည်။ ဤပွဲသည် အကုန်အကျ များသောကြောင့် ဥစ္စာဓန ကြွယ်ဝ ချမ်းသာသူများ သာ ပြုလုပ်နိုင်သည်။ ဤပွဲကို နှစ်ကြိမ်မြောက် ပြုလုပ်နိုင်သော အခါ လောင်ထပ်f(Lawng Thiak) ပွဲကို တစ်ပါတည်း ပြုလုပ်နိုင်သည်။ ခွေါင်ကြွဲပွဲကို အချို့သော ရွာများ၌ အမျိုး မြင့်မြတ်သူ(Bawi Phun) များသာ ပြုလုပ်ခွင့် ရှိသည်။
အဆိုပါ ခွေါင်ကြွဲပွဲကို ဥစ္စာဓန ချမ်းသာ ကြွယ်ဝ သူများက မိမိတို့၏ ကြွယ်ဝ ချမ်းသာမှုကို ပြသသည့် အနေဖြင့် အပြိုင်အဆိုင် ကျင်းပ ခဲ့ရာမှ လိုင်မီး (ချင်းအမျိုးသား) တို့၏ ရိုးရာ ပွဲလမ်းသဘင် အဖြစ် ထင်ရှား လာခဲ့သည်။
ယခုအခါ ယင်းခွေါင်ကြွဲပွဲကို တစ်ဦးချင်း ကျင်းပခြင်း မပြုတော့ဘဲ ချင်းပြည်နယ် နေ့တွင် ပျော်ပွဲရွှင်ပွဲ အဖြစ် ဒေသ အာဏာပိုင် အဖွဲ့အစည်း များ၏ ဦးဆောင်မှုဖြင့် ကျင်းပလေ့ ရှိရာ မျက်မှောက်ခေတ် လူငယ်များ အနေဖြင့် ရှေးဘိုးဘွား ချင်းတိုင်းရင်းသား ရိုးရာ ဓလေ့ ထုံးတမ်း ပွဲလမ်း သဘင်ကို မြင်တွေ့ ခံစားခွင့် ရရှိနိုင် ပါကြောင်း ရေးသား အပ်ပါသည်။     ။
ref: မြ၀တီ

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...