Wednesday, September 6, 2017

ပဟေဠိဆန်လှသော အီစတာကျွန်းပေါ်မှ မွိုင်ရုပ်တုကြီးများ

ကျွန်တော်တို့ ကမ္ဘာပေါ်မှာ အဖြေရှာရခက်တဲ့ပဟေဠိဆန်တဲ့နေရာဒေသတွေ များစွာရှိပါတယ်။ နေခရမ်း အခုတင်ပြချင်တဲ့ နေရာကတော့ ချီလီနိုင်ငံပိုင်နက်ထဲမှ အီစတာကျွန်း (easter
island) ပေါ်မှ မွိုင် (Moai)ခေါ် ကြီးမားတဲ့ရုပ်ထုကြီးတွေ အကြောင်းပါ။

(ပင်လယ်ကမ်းခြေမှ မွိုင် ရုပ်တုများ)
တစ်ချိန်က အီစတာကျွန်းသည် လူသူအရောက်အပေါက်နည်း သောအထီးကျန်ဒေသတစ်ခုပါ။ ပစိဖိတ်သမုဒ္ဒရာ အတွင်းတည်ရှိသည့် ကျွန်းငယ်တစ်ခုပါ။ အနီးဆုံးဟု ဆိုရမည့် ပိုလီနီးရှန်းကျွန်းစုများနှင့်ပင် သမုဒ္ဒရာကြီး ခြားလျက်နေပါတယ်။ တောင်အမေရိက ပင်မ ကုန်းမြေ၏ အနောက်ဖက် ၂၂၃၆ မိုင် အကွာမှာ ရှိပါတယ်။ ကျွန်းဟာ မီးတောင်ကျွန်းဖြစ်ပြီး ကျွန်းပေါ်တွင် မီးတောင် သုံးလုံးရှိပါတယ်။ ရာနိုကော့ ၊ မောင်ဂါတယ်ရီဗာကာ ၊ ကတီကီဟူသည့် မီးတောင်များရှိပါတယ်။

အီစတာကျွန်းသည် 24 ကီလိုမီတာ ရှည်ပြီး 12.3 ကီလိုမီတာကျယ်ဝန်းပြီး Rapa Nui လူမျိုး စု ၆၆၀၀ ခန့်ယနေ့အချိန်အထိ နေထိုင်ကြပါတယ်။ ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဒေသအဖြစ်လည်း သတ်မှတ်စောင့်ရှောက်ထားပါတယ်။


(အီစတာကျွန်းပေါ်တွင် ရုပ်တုကြီးများပျံ့နှံတည်ရှိနေပုံ)
ထိုသို့ သော ကျွန်းပေါ်မှာ လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက ကြီးမားလှသော ကျောက်ရုပ်ထုကြီးများကို တွေ့ရှိကြရပါတယ်။ တစ်နေရာတည်းတွင် မဟုတ်ဘဲ ကျွန်းအနှံ အများအားဖြင့် ကမ်းခြေတစ်လျောက် ရုပ်တုကြီးများကို တွေ့ရတာပါ။

ထိုကျောက်ရုပ်တုကြီးများကို အဝါရောင် မီးတောင်ကျောက်တုံးများဖြင့် ထုလုပ်ထားပါတယ်။ ဒေသခံတို့ ၏အခေါ်ဖြင့် မွိုင် (Moai)ဟု ခေါ်ကြပါတယ်။ တစ်ကျွန်းလုံးအနှံ ၁၂ ပေမှ ၁၅ ပေမြင့်သော ကျောက်ရုပ်ကြီးပေါင်း ၁၀၀၀ ခန့်ရှိပါတယ်။ ယခုလက်ရှိ မှတ်တမ်းတင်ထားသည်မှာ ၈၈၇ ခုရှိပါသည်။

ကျောက်ရုပ်တစ်ခုတွင် ပျမ်းမျှအလေးချိန် တန် ၂၀ ခန့်လေးပါတယ်။ အကြီးဆုံးကျောက်ရုပ်တုကြီးဆိုလျှင် ၃၃ ပေခန့်မြင့်ပြီး ၈၂ တန် အထိလေးပါတယ်။ ထိုရုပ်တုကြီးအား Paro ဟုခေါ်ကြသည်။
ထု၍မပြီးသေးသော တစ်ပိုင်းတစ်စ ရုပ်တုကြီးတစ်ခု မှာ ကျွန်းပေါ်ရှိ အကြီးဆုံးရုပ်တု ထက် နှစ်ဆမျှ ကြီးပါတယ်။ထိုရုပ်တုကြီးပြီးစီးလျှင် 21 metres (69 ပေ) အထိရှိမည်ဟု ခန့်မှန်းကြသည်။

ထိုကျွန်းပေါ်သို့  ၁၇၂၂ တွင်ဥရောပတိုက်သား Jacob Roggeveen ရောက်ရှိခဲ့ပြီး ၊ ၁၇၇၀ တွင် စပိန်လူမျိုးနယ်ပယ်သစ်ရှာဖွေသူ Felipe Gonzalez ရောက်ရှိခဲ့ပါတယ်။ ထို့ နောက် ၁၇၇၄ ခန့် တွင်
အင်္ဂလိပ်လူမျိုး Captain James Cook ရောက်ရှိခဲ့ပါတယ်။ ထိုသို့ ဖြင့်ရောက်ရှိလာကြသော်လည်း ကျွန်းပေါ်ရှိရုပ်တုကြီးများနှင့် ပတ်သက်၍စိတ်ဝင်စားမှု မခံခဲရပါ။

ထိုနောက်ပိုင်းတွင် အီစတာကျွန်းမှာ ချီလီအင်ပါယာအတွင်းရောက်ရှိသွားခဲ့ပါတယ်။ ခေတ်သစ်တွင် ကျွန်းပေါ်သို့စတင်တွေ့ရှိရောက်ခဲ့သူကတော့ ၁၉၁၄ တွင်ရောက်ရှိခဲ့သည့် အင်္ဂလိပ်အမျိုးသမီး Katherine Routledge ဆိုသူဖြစ်ပါသည်။

ထို့နောက်ပိုင်းနှစ်များတွင် ကျွန်းပေါ်သို့ သုတေသနပညာရှင်များ ရောက်လာကာ ကျောက်ရုပ်ကြီးများနှင့် ပတ်သက်၍ သုတေသနပြုခဲ့ကြပါတယ်။
သည်ရုပ်ထုကြီးများကို မည်သူတွေထုလုပ်ခဲ့ကြပြီး မည်သည့်ရည်ရွယ်
ချက်ဖြင့် ထုလုပ်ခဲ့ကြသလဲ ?
အဆင့်မြင့်သော ရုပ်တုထုလုပ်ခြင်းအတက်ကို မည်သို့ တက်မြောက်ပြီး နောက်ပိုင်း ဘာကြောင့် ပျောက်ကွယ်ခဲ့ကြသလဲ?
ရုပ်တုတစ်ခုအတွက် လူအင်အားဘယ်လောက်သုံး၍အချိန်ဘယ်လောက်ကြာခဲ့သလဲ?
ထိုရုပ်တုများ ထုလုပ်ပြီးစီးချိန်တွင် လက်ရှိနေရာသို့ မည်သို့ သယ်ဆောင်ခဲ့ကြပါသလဲ?
စသည်ဖြင့် မေးခွန်းပေါင်းများစွာကို ဖြေရှင်းနိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒါပေမယ့် ပြည့်စုံမှန်ကန်တဲ့ အချက်အလက်များကိုတော့ ယနေ့အချိန်အထိ မတွေ့ကြရသေးပါဘူး။
(ဦးထုပ်ဆောင်းထားသော ရုပ်တုကြီးများ)
ထို့ပြင် ကျောက်ရုပ်ကြီးပေါင်း ၁၀၀ ရဲ့ခေါင်းပေါ်မှာ ဦးထုပ် လိုကျောက်တုံး ကြီးတွေရှိပြီး ၁၂ တန်အထိ အလေးချိန် ရှိပါတယ်။

ရေဒီယိုကာဗွန်နည်းဖြင့် သက်တမ်းစမ်းစစ်မှုအရ ကျောက်ရုပ်တုများ ထုလုပ်ကြခြင်းသည် ၁၆၅၀ ပြည့်နှစ်ခန့်တွင် လုံးဝရပ်ဆိုင်းသွားကြောင်း တွေ့ရပါတယ်။ အများအားဖြင့် သတ်မှတ်ထားကြတာတော့ ထိုကျောက်ရုပ်တုကြီးများကို ၁၀ ရာစု မှ ၁၆ ရာစုကြားမှာ ထုလုပ်ခဲ့ကြောင်း ဆိုပါတယ်။

ထိုကျွန်းပေါ်မှ ဒေသခံ အဖိုးအဖွားများခေတ်က ထူးဆန်းတဲ့ ဓလေ့အရ ဧရာမ ကျောက်ရုပ်ကြီးတွေ ထုလုပ်ခဲ့ကြကြောင်းလည်း ဆိုကြပါတယ်။ ကျောက်ရုပ်ကြီး တွေရဲ့ သင်္ကေတ က ကျွန်းပေါ်မှာ နေထိုင် ခဲ့ကြတဲ့ အဖိုး အဖွား (သို့မဟုတ်) အာဏာ ရှိခဲ့တဲ့ လူတွေ အတွက် အထိမ်း အမှတ် ရုပ်တု ကြီးတွေ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျောက်ရုပ်ကြီးများ ထုလုပ်ပုံ ၊ ကျွန်းအနှံ့နေရာချထားပုံ ၊ မည်သူတွေ ထုလုပ်ခဲ့ကြောင်း တိကျတဲ့ ထုတ်ပြန်ချက်မျိုးတော့ မပြုလုပ်နိုင်ခဲ့သေးပါဘူး။ ကျွန်းပေါ်ရှိဋ္ဌာနေတိုင်းရင်းသားများ၏ ဒဏ္ဏာရီပုံပြင်များကလည်း ထူးဆန်းလှပါတယ်။

မည်သို့ ဆိုစေ အီစကာကျွန်းပေါ်မှ မွိုင်ကျောက်ရုပ်ကြီးများကတော့ ထူးဆန်းမှုများ ပဟေဠိ များဖြင့် ခရီးသွားများကို ဖိတ်ခေါ်နေပါတယ်။

(ပင်လယ်အောက်မှ အရုပ်ကြီးများ)
ကောင်းကင်ကိုမော့ကြည့်နေပုံ အသက်ဝင်လှပါတယ်။ ရုပ်တုကြီးများ တော်တော်များများဟာ ကောင်းကင်ကို မော့ကြည့်နေဟန် ထုလုပ်ထားတာလည်း အသိရခက်ပါတယ်။

(တောင်ဆင်ခြေလျှောတစ်လျှောက် ရုပ်တုကြီးများတွေ့ရပုံ)
ထို့ပြင် ယခုနောက်ပိုင်း တူးဖော်လေ့လာမှုများကြောင့် တွေ့ရှိရမှုများကလည်း ဆန်းကြယ်နေပါတယ်။ ယခင်က ဦးခေါင်းပိုင်းသာ တွေ့မြင်ရပေမယ့် တူးဖော်ကြည့်ရာတွင် မြေအောက်မြှုပ်နေသော ခန္ဓာကိုယ်ပိုင်းများကိုပါ တွေ့ရှိကြပါတယ်။ ၄င်းလျို့ဝှက်ထားတဲ့ ကိုယ်လုံးတွေကိုတာ့ The Easter Island Statue Project မှ ရှာဖွေတွေ့ရှိခဲ့တာပါ။ ၂၀၁၂ ခုနှစ်ကတည်းက ၄င်းရုပ်တုတွေထဲမှ ရုပ်တုနှစ်ခုကို တူးဖော်ခဲ့ကြပြီး ရှာဖွေတွေ့ရှိချက်အားလုံးကို သူတို့ဝက်ဘ်ဆိုဒ်ပေါ် မှတ်တမ်းတင်ထားပါတယ်။

ကိုယ်လုံးတွေ မြေကြီးထဲနှစ်ပေါင်းများစွာ နှစ်မြုပ်နေခဲ့ရတဲ့ အကြောင်းရင်းက ရုပ်တုတွေဟာ မီးတောင်နားမှာ ထုလုပ်ခဲ့တာဖြစ်ပြီး ရုပ်တုတွေရှိရာ တခွင်လုံး မီးတောင်ပေါက်ကွဲခဲ့တာကြောင့် လည်ပင်းတွေအထိ နစ်မြုပ်သွားခဲ့လို့ဖြစ်ကြောင်း ဆိုကြပါတယ်။

မည်သို့ပင်ဆိုစေ အီစကာကျွန်းပေါ်မှ မွိုင်ရုပ်တုကြီးများကတော့ လျှို့ဝှက်ချက်များ ၊ ပဟေဠိများ ဆက်လက်ရှိနေမှာ ဖြစ်ပြီး ကမ္ဘာ့မဖြေရှင်းနိုင်သော ပဟေဠိများတွင် ထိပ်ဆုံးက ပါဝင်နေမှာပါ။ ရှေးခေတ်လူများရဲ့ အံ့သြချီးကျူးလောက်ဖွယ် ဗိသုကာလက်ရာအဖြစ်လည်း အထင်အရှား တည်ရှိနေမည် ဖြစ်ပါတယ်။






Oct 17, 2013 မှ ပိုစ့်အား ပြန်လည်ပြင်ဆင်တင်ပြထားပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...