ကျွန်တော်တို့ ကမ္ဘာကြီးပေါ်တွင် ပျောက်ဆုံးနေသော ကမ္ဘာ (Lost World) ဟုတင်စား ခေါ်ဝေါ်ကြသည့် နေရာလေးမှာ ဆိုကိုထရာကွန်းကလေး (Socotra Island) ဖြစ်ပါသည်။ ထိုဆိုကိုထရာကျွန်းကလေးသည် ပျောက်ဆုံးနေသောကမ္ဘာဟူသည့် နာမည်နှင့် လိုက်ဖက်အောင်ပင် ထူးခြားဆန်းပြားသည့် နေရာတစ်နေရာ အဖြစ် တည်ရှိနေပါသည်။
မြင်ကွင်းကြောင့်ပင် အခြားကမ္ဘာ တစ်ခု (သို့) ရှေးဟောင်းကမ္ဘာသို့ ရောက်ရှိသွားရသလို ခံစားရစေမည် ဖြစ်ပါသည်။

ထိုကျွန်းငယ်လေးပေါ်တွင် ကမ္ဘာပေါ်၌ ရှေးနှစ်သန်းပေါင်း များစွာက ရှင်သန်ပေါက်ရောက်ခဲ့သည့် အပင်မျိုးစိတ်များ တည်ရှိနေဆဲ ဖြစ်ပြီး ထိုအပင်မျိုးများကို အခြားကမ္ဘာ အရပ်ရပ်တွင် မြင်တွေ့ဖူးကြမည် မဟုတ်ပါ။ ဆန်းပြားအံ့သြဖွယ် အပင်ပုံစံများကြောင့် သင်သည် စိတ်ကူးယဉ်ကမ္ဘာသို့ ရောက်ရှိစေသလို ဖြစ်စေမည် အမှန်ပါ။

ဆိုကိုထရာကျွန်းလေးသည် အိန္ဒိယ သမုဒ္ဒရာအတွင်း၌ တည်ရှိနေပြီး ဆိုမာလီယာနိုင်ငံ၏ ကမ်းခြေမှ ကီလိုမီတာ (၂၅၀)မျှ အကွာတွင် တည်ရှိပြီး ယီမင်နှင့် ကီလိုမီတာ (၃၄၀)မျှ ကွာဝေးပါသည်။ အလျား (၁၃၂) ကီလိုမီတာ၊ အနံ ကီလိုမီတာ (၅၀) ကျယ်ဝန်းသည့် ကျွန်းလေးကို ယီမင်နိုင်ငံပိုင်အဖြစ် သတ်မှတ်ထားပြီး ယခုအခါ ယူနက်စကို၏ကမ္ဘာ့အမွေအနှစ် နေရာတစ်ခုအဖြစ် သတ်မှတ်ထိန်းသိမ်းနေကြပါသည်။

လူသူအရောက်အပေါက် အလွန်နည်းပြီး ဝေးလံသီခေါင်လှသည့် ဆိုကိုထရာ ကျွန်းငယ်လေးပေါ်တွင် ကမ္ဘာ့အရှားပါးဆုံး အပင်မျိုးစိတ် (၈၀၀)ကျော် သဘာဝအတိုင်း ပေါက်ရောက် ရှင်သန်နေလျက် ရှိပါသည်။ လက်ရှိအချိန်ထိ မှတ်တမ်းတင် တွေ့ရှိပြီး အပင်မျိုးစိတ် (၈၂၅)ခုအနက် (၃၀၇)မျိုးသည် ကမ္ဘာပေါ်ရှိ အခြားမည်သည့် အရပ်ဒေသတွင်မျှ မတွေ့ရှိနိုင်တော့ပါ။

ထိုကျွန်းလေးသည် လွန်ခဲ့သည့် နှစ်ပေါင်း (၆)သန်းနှင့် (၇)သန်းမျှအတွင်း ကမ္ဘာ့မြေမျက်နှာပြင် ပြောင်းလဲမှုများကြောင့် အာဖရိကတိုက်နှင့် ကွဲထွက်သွားခဲ့ပါသည်။ ထိုကျွန်းလေးပေါ်တွင် ရှားပါးလှသော အပင်များအပြင် အခြား ကမ္ဘာ့ဒေသ အသီးသီးတွင် မတွေ့ရှိနိုင်တော့သည့် သက်ရှိအချို့လည်း ရှင်သန် ကျက်စားနေသည်။

ကျွန်းလေး၏ အထူးခြားဆုံး ဝိသေမှာ ကမ္ဘာဦးခေတ်က အပင်မျိုးစိတ်အချို့ ယနေ့တိုင် ပေါက်ပွား ရှင်သန်နေခြင်း ဖြစ်သည်။ သို့သော် ဆိုကိုထရာကျွန်းလေးသည် နေရာတိုင်း သာယာစိုပြေ စိမ်းလန်းနေသည် မဟုတ်ပါ။ ထိုကျွန်းလေးသည် သမုဒ္ဒရာအလယ်တွင် တည်ရှိနေသော ကန္တာရကဲ့သို့ မြေမျက်နှာသွင်ပြင် ဖြစ်နေပါသည်။ ထိုသည်ပင် ဆိုကိုထရာကျွန်းလေး၏ ထူးခြားမှု တစ်ခုဖြစ်ပါသည်။

မိုးရွာသွန်းမှုလည်း အလွန်နည်းပါးသည်။ ရာသီဥတုမှာ အလွန်ပူပြင်း ခြောက်သွေ့လေ့ရှိကြောင်း သိရသည်။ တစ်နှစ်ပတ်လုံး ပျမ်းမျှအပူချိန်မှာ 25ံC ရှိပါသည်။

ထိုကျွန်းကလေးတွင် အကျော်ကြားဆုံး နှင့် အဆန်းပြားဆုံး အရာတစ်ခုမှာ နဂါးသွေးပင် (dragon's blood tree) အပင်မျိုးတစ်မျိုးကြောင့် ဖြစ်ပါသည်။ ထိုအပင်၏ ထူးခြားသော ပုံသဏ္ဍာန်သည်ပင် ဆိုကိုထရာကျွန်း၏ ဆွဲဆောင်မှုတစ်ခု ဖြစ်စေပါသည်။ ထိုအပင်မျိုးကို အလယ်ခေတ်တွင် ဥရောပ၌ မှော်အတတ်ပညာအတွက် ဆေးဖော်အသုံးပြုမှုများ ရှိခဲ့ကြောင်း သိရပါသည်။ဆိုကိုထရာတွင် အပင်နှင့် သက်ရှိမျိုးနွယ် (၄၀၀၀၀)မျှ ရှိပါသည်။
ထိုကျွန်းကလေးပေါ်တွင် သဲသောင်ပြင်နှင့် ပင်လယ်ကမ်းခြေများ ၊ ထုံးကျောက်လှိုဏ်ဂူ နှင့် တာင်နံရံ မြင့်မြင့်တို့သည်လည်း တည်ရှိနေပါသေးသည်။
ဆိုကိုထရာကျွန်းတွင် နေထိုင်သည့် ဒေသခံ လူနည်းစုသည် ကျွန်းပေါ်ရှိ အပင်များကို ဆေးဝါးနှင့် အလှကုန် ပစ္စည်းများအဖြစ် အသုံးပြုလေ့ရှိကြောင်းလည်း သိရသည်။ လူအများ ထိုကျွန်းလေး၏ ထူးခြားမှုများကို တွေ့မြင်မှတ်တမ်းတင်ထားနိုင်သည်မှာ နှစ်များစွာ မကြာသေးပါ။ ယခုအခါ လူသိများသွားလာမှုများ ရှိနေကြပါပြီ။
ဆိုကိုထရာကျွန်း တည်ရှိရာ မြေပုံ...
Nov 28, 2013 မှပိုစ့်အား ပြန်လည် ပြင်ဆင်တင်ပြထားပါသည်။
Nov 28, 2013 မှပိုစ့်အား ပြန်လည် ပြင်ဆင်တင်ပြထားပါသည်။
သူငယ်ချင်းများပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။