
သီရိလင်္ကာ နိုင်ငံတွင် ကျင်းပသော မင်္ဂလာဆောင်နှင်းမှု အခမ်းအနား တစ်ရပ်သည် ကမ္ဘာ့အကြီးဆုံး မင်္ဂလာပွဲအဖြစ် တရားဝင် စံချိန်တင်သွားပြီ ဖြစ်သည်။ နီဆန်ဆာလားနှင့် နာလင်းတို့သည် ယခင်က ထိုင်းနိုင်ငံမှ စုံတွဲတစ်တွဲ တင်ရှိထားသည့် သတို့သား သတို့သမီးအရန် (၉၆)ဦးပါရှိသည့် အကြီးမားဆုံး မင်္ဂလာပွဲ စံချိန်ကို သာသာယာယာပင် ရိုက်ချိုးပစ်ခဲ့သည်။ ယခုမင်္ဂလာပွဲတွင် သတို့သမီးအရန် (၁၂၆)ဦး၊ သတို့သားအရန် (၂၅)ဦး၊ ဂုဏ်ပြုကလေးငယ် (၂၀)နှင့် ပန်းကြဲသည့် ကလေးမလေး (၂၃)ဦးတို့ ပါဝင်ဆင်နွှဲခဲ့ပြီး ဂင်းနစ်မှတ်တမ်းအဖွဲ့က ကမ္ဘာ့အကြီးကျယ်ဆုံး မင်္ဂလာပွဲအဖြစ် အသိအမှတ်ပြု မှတ်တမ်းလွှာကို ပေးအပ်ခဲ့သည်။

မင်္ဂလာပွဲသို့ သီရိလင်္ကာ သမ္မတကတော် ရှီရန်သီ ရာဂျာပက်ခ်ဆာ ကိုယ်တိုင် တက်ရောက် ကောင်းချီးပေး ချီးမြှင့်ခဲ့ကြောင်းလည်း သိရသည်။ မင်္ဂလာပွဲအတွက် ဝတ်စုံဖက်ရှင်များကို ဒီဇိုင်နာ ချမ်ပီဆာရီဝါဒါနာက တာဝန်ယူ ချုပ်လုပ်ပေးခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်ကုန်က ကိုလံဘိုမြို့တော်မှ ကီလိုမီတာ (၃၀)မျှအကွာ အာဗန်ဒရာ ဥယျာဉ်ထဲတွင် ပြုလုပ်သော မင်္ဂလာပွဲသို့ နှစ်ဖက် အသိုင်းအဝိုင်းမှ မိသားစုနှင့် မိတ်ဆွေ အပေါင်းအသင်း ရာနှင့်ချီ တက်ရောက်ခဲ့ကြသည်။

ဒီဇိုင်နာ ချမ်ပီက "ကမ္ဘာ့စံချိန်တစ်ရပ်ကို ချိုးဖျက်နိုင်တယ်ဆိုတဲ့ ခံစားချက်လောက် ဂုဏ်ယူကျေနပ်စရာ အခြေအနေမျိုးက ရှားပါးလွန်းပါတယ်။ တကယ်တော့ ဒီစွမ်းဆောင်မှုကို ကျွန်မတစ်ယောက်တည်း လုပ်နိုင်ခဲ့တာတော့ မဟုတ်ပါဘူး။ ဂင်းနစ်ရဲ့ မှတ်တမ်းအတွက် ယှဉ်ပြိုင်ရတာဟာ တာဝန်ကြီးလွန်းပါတယ်။ အမှားပါလို့လည်း မရပါဘူး"ဟု ပြောကြားခဲ့သည်။ သူမသည် မင်္ဂလာပွဲ မတိုင်ခင်နေ့က သတင်းစာ ရှင်းလင်းပွဲတွင် "ကျွန်မရဲ့ အိပ်မက်တစ်ခုကတော့ သီရိလင်္ကာတင် မကဘဲ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ပြောစမှတ်တွင်မယ့် မင်္ဂလာပွဲ တစ်ခုမှာ တာဝန်ယူပေးဖို့ပါပဲ"ဟု ဖွင့်ဟခဲ့သေးသည်။


ref: planet.com

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။