Friday, December 6, 2013

သမိုင်း မတင်မီခေတ်က ကြောင်များ မျိုးသုဉ်းခဲ့သည့်အကြောင်းရင်း ရှာဖွေတွေ့ရှိ

 
သမိုင်း မတင်မီ တစ်ချိန်က မြောက်အမေရိကတိုက်တွင် ရှင်သန် ကျက်စားခဲ့သည့် ဓားကောက်ပုံ စွယ်သွားပါသော
ကြောင်များ မျိုးသုဉ်းသွားခြင်းသည် အစာရေစာ ပြတ်လပ်မှုကြောင့် မဟုတ်ကြောင်း သုတေသီများက
အတည်ပြု ပြောကြားလိုက်သည်။ အပေါ်အံသွားတွင် အလွန်ကြီးမား ချွန်မြသည့် အစွယ်ကြီးနှစ်ချောင်း
ပါသည့် အဆိုပါ ကြောင်ကြီးများ (အရွယ်အစားဖြင့်မူ ယနေ့ခေတ် ကျားကြီးများထက်
ပိုမိုကြီးမားလေ့ရှိ)သည် လွန်ခဲ့သော နှစ်ပေါင်း (၁၂၀၀၀)ကျော်က ကမ္ဘာပေါ်မှ ပျောက်ကွယ်သွားခဲ့သည်။


၎င်းတို့ မျိုးသုဉ်းသွားခြင်းသည် ပတ်ဝန်းကျင်တွင် အစာရေစာ ရှားပါး ပြတ်လပ်လာမှုကြောင့်ဟု
အစောပိုင်းက ယူဆထားသော်လည်း ယင်းအချက်သည် မမှန်ကန်ကြောင်း သုတေသီ အချို့က ရှာဖွေ တွေ့ရှိခဲ့သည်။
သတ္တဗေဒ ပညာရှင် အချို့သည် တောင်ပိုင်း ကယ်လီဖိုးနီးယားရှိ လာဘရီရာ ကတ္တရာတွင်းကြီးအတွင်း
တွေ့ရှိရသော ကြောင်ကြီးများ၏ ရုပ်ကြွင်းများကို လေ့လာကာ ယခုလို တွေ့ရှိမှု အသစ်ကို
ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

ယင်းတို့၏ သွားများကို လေ့လာခြင်းဖြင့် အဆိုပါ သားစား သတ္တဝါ အရိုင်းကောင်ကြီးများသည် အစာရေစာ
ပြတ်လပ်မှု မရှိခဲ့ကြောင်း သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံပညာရှင် လာရီဆာ ဒီဆန်တစ်က ရှင်းပြခဲ့သည်။
"အဓိက အချက်ကတော့ ရာသီဥတု အပြောင်းအလဲမှာ ရေခဲခေတ် ကုန်ဆုံးလာတာရယ်၊ လူသားတွေရဲ့ စနက်ရယ်ကြောင့်
ဖြစ်နိုင်ပါတယ်။ အဲဒီနှစ်ခုလုံး ပေါင်းဆုံမိချိန်မှာ ဒီလို ကြောင်ကြီးတွေ အများအပြား သေကုန်ကြတာဟာ
လက်တွေ့ အကျဆုံး ကောက်ချက်တစ်ခု အနေနဲ့ သီအိုရီ ထုတ်ရပါလိမ့်မယ်"ဟု ဒီဆန်တစ်က ပြောကြားသွားသည်။

ယင်းကြောင်ကြီးများသည် ရေခဲခေတ်က အဆိုးသွမ်း အရက်စက်ဆုံး သားစားသတ္တဝါကြီးများအဖြစ် ကျင်လည်
ကျက်စားခဲ့သလို အလွန်ကြီးမားသော ပြောင်ကြီးများကိုပင် သတ်ဖြတ်နိုင်ခဲ့သည်။ ၎င်းတို့သည် အုပ်စုလိုက် သွားလာ
လှုပ်ရှားက အမဲလိုက်လေ့ရှိပြီး နောက်ပိုင်းတွင်မူ အသိဉာဏ် ဖွံ့ဖြိုးတိုးတက်လာသည့် လူသားများ၏
သတ်ဖြတ်မှုကို ခံခဲ့ရသည်။ လော့စ်အန်ဂျလိစ်ရှိ လာဘရီရာ ကတ္တရာကျင်းကြီးတွင် ယင်းသတ္တဝါများ၏
ရုပ်ကြွင်း (၁၅)ခုထိ တူးဖော် တွေ့ရှိထားပြီး ဖြစ်သည်။ ယင်းကျင်းကြီးများသည် ရေခဲခေတ်က
အလွန်ကြီးမား ထွားကျိုင်းသော အမွေးထူ မမ်မတ်သ် ဆင်ကြီးများပင် မရုန်းကန်နိုင်ဘဲ နစ်မြုပ်
သေဆုံးရတတ်သည့် သဘာဝ မရဏ ထောင်ချောက်များလည်း ဖြစ်ကြသည်။
*Source*: vanderbilt
ref: planet.com.mm

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...