Wednesday, January 8, 2014

ပုဂံအပါအဝင် အထင်ရှားဆုံး ရှေးဟောင်းအမွေအနှစ် နေရာ ၂၀

UNESCOက ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များအဖြစ် သတ်မှတ်ထားသည့် နေရာပေါင်း
(၉၆၂)ခုထိ ရှိနေသည်။ ယင်းတို့အနက်မှ လက်ရွေးစင် နေရာ(၂၀)ကို ခရီးသွားဝက်ဘ်ဆိုက်
VeryFirstTo.comက ရွေးနုတ်ခဲ့ပြီး အကောင်းဆုံး ကမ္ဘာလှည့် ခရီးစဉ်အဖြစ် စီစဉ်ပေးခဲ့သည်။
အားလပ်ရက်တွင် ကမ္ဘာ့နေရာ အခု(၂၀)သို့ လည်ပတ်သွားလာနိုင်မည့် ယင်းခရီးစဉ်ကို တရုတ်ကျောင်းသား
တစ်ဦးနှင့် အီတလီ လုပ်ငန်းရှင် တစ်ဦးတို့က အစောဆုံး စာရင်းပေးသွင်းခဲ့သည်။ ထိုခရီးစဉ်အတွက်
ကုန်ကျစရိတ်သည် တစ်ဦးလျှင် ဒေါ်လာ (၁.၅)သန်း ဖြစ်သည်။

အဆိုပါ ကမ္ဘာလှည့် ခရီးစဉ်သည် ရှေးမြို့ဟောင်းများထံ ဦးတည်နေသလို လှပသော သဘာဝ
ပတ်ဝန်းကျင်များကိုလည်း ရှုမြင်ခွင့် ရမည်ဖြစ်သည်။ ရှေးလူသားတို့၏ အံ့ဩဘနန်း ဗိသုကာ အတတ်ပညာများကို
လေ့လာနိုင်ခွင့် ရနိုင်သလို ဆန်းကျယ်လှသည့် ရေအောက်သဘာဝ ရှုခင်းများကိုလည်း ထိတွေ့ ခံစားနိုင်ဦးမည်ဟု
ဆိုသည်။ CNNက မြန်မာ့ရှေးဟောင်းမြို့တော် ပုဂံအပါအဝင် ဆန်းကျယ်ထူးကဲလှသည့် အဆိုပါ
လက်ရွေးစင်နေရာပေါင်း (၂၀)၏ ခရီးစဉ် အနှစ်ချုပ်ကို သုံးသပ်ဖော်ပြခဲ့သည်။

    အန်ကောဝတ်ကျောင်းတော် (ကမ္ဘောဒီးယား)

အဆိုပါ ကျောင်းတော်ကြီးသည် ဆီယမ်ရိပ် မြို့မှ မိနစ်(၂၀)မျှ သုံးဘီးကား စီးသွားရုံဖြင့် ရောက်ရှိမည်
ဖြစ်သည်။ နိုဝင်ဘာလမှ ဖေဖော်ဝါရီလကြား ခရီးသည် အများဆုံး သွားရောက်လေ့ရှိသည်။ အဆိုပါ အချိန်တွင်
ရာသီဥတုသည် ခြောက်ခြောက်သွေ့သွေ့ ရှိနေတတ်ပြီး အနိမ့်ဆုံး အပူချိန်မှ (၂၅)ဒီဂရီမှ (၃၀)ဒီဂရီ
ဆဲလ်ဆီးရပ်စ်မျှ ဖြစ်နေသည်။ ကမ္ဘောဒီးယားနှင့် ပတ်သက်သော အကြောင်းအရာများကို Geckos
Adventures Tour ဝက်ဘ်ဆိုက်တွင် အလွယ်တကူ ရှာဖွေနိုင်မည် ဖြစ်သည်။

    အက်ခရိုပိုးလစ် (ဂရိ)


ရှေးခေတ် ဂရိတို့၏ ခံတပ်မြို့ကြီးဖြစ်ပြီး အေသင်မြို့တော်မှ ခြေလျင်ခရီးဖြင့်ပင် သွားလာနိုင်သည့်
အကွာအဝေးတွင် တည်ရှိသည်။ အက်ဒရီနူး လမ်းအတိုင်း ဦးတည်သွားပြီးနောက် အက်ခရိုပိုးလစ်၏
အနောက်ဘက်ဝင်ပေါက်သို့ ရောက်ရှိသွားမည် ဖြစ်သည်။ အက်ခရိုပိုးလစ်ဆိုသော ဝေါဟာရသည်
ရှေးဟောင်းဂရိစကားအရ အလွန်ခမ်းနားကြီးကျယ်သော မြို့တော်ဟု အဓိပ္ပါယ်ရကြောင်းလည်း သိရသည်။

    ပုဂံ (မြန်မာ)


မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ အနောက်ဘက်ခပ်ကျကျတွင် တည်ရှိသည်။ ရန်ကုန်မှ ပုဂံသို့ လေယာဉ်၊ ဘတ်စ်ကားနှင့်
ရထားတို့ဖြင့် သွားလာနိုင်မည် ဖြစ်သည်။ မြန်မာနိုင်ငံ၏ အထင်ကရ မြို့ဟောင်းနေရာဖြစ်ပြီး
စေတီပုထိုးဟောင်းများ အမြောက်အမြား ပျံ့နှံ့တည်ရှိသည်။ ပုဂံမြို့သစ်နှင့်
ညောင်ဦးတို့က ဝန်းရံတည်ရှိနေပြီး ကမ္ဘောဒီးယား၏ အန်ကောဝပ်ကဲ့သို့ပင် မြန်မာနိုင်ငံအတွက် ကမ္ဘာလှည့်
ခရီးသည်များ၏ အာရုံကို အဆွဲဆောင်နိုင်ဆုံး ရှေးဟောင်းအဆောက်အအုံများအဖြစ် သတ်မှတ်ထားသည်။

    ဂါလာပါဂေါ့စ်ကျွန်းများ (အီကွေဒေါ)


အီကွေဒေါနိုင်ငံ ကမ်းခြေမှ ကီလိုမီတာ (၁၀၀၀)မျှ အကွာတွင် တည်ရှိသည်။ ကွင်တိုနှင့် ဂွာယာကွီလ်တို့မှ
လေယာဉ်ဖြင့် သွားလာနိုင်သည်။ ထိုကျွန်းစုများသည် အလွန်လှပပြီး သဘာဝ အဏ္ဏဝါဗေဒ သက်ရှိများစွာ
ခိုအောင်းနေသည့် နေရာတစ်ခုဖြစ်သည်။ ရက်ပေါင်းအတန်ကြာ လှည့်လည်သွားလာရသည့် ခရုစ်သင်္ဘောကြီးများဖြင့်
ကျွန်းများတစ်လျှောက် လှည့်လည် ခုတ်မောင်းခြင်းသည် ဂါလာပါဂေါ့စ်၏ အလှအပများကို အပြည့်အဝ
ခံစားရန်အကောင်းဆုံး ရွေးချယ်မှုလည်း ဖြစ်သည်။

    ဂျီရိုမီ အမျိုးသားဥယျာဉ်နှင့် ကာပိုဒိုစီယာမှ ကျောက်သားနေရာများ (တူရကီ)


အနာတိုလီယာ အလယ်ပိုင်းတွင် ရှေးဆန်ဆန် မြို့လေးအဖြစ် ဂျီရိုမီက ဆက်လက်တည်ရှိနေဆဲ ဖြစ်သည်။ အများစုက
အီစတန်ဘူလ်မြို့မှတစ်ဆင့် လေယာဉ်ဖြင့် သွားရောက်ကြသည်။ အချို့ကလည်း ကားမောင်းသွားတတ်သည်။
အနီးတွင် ကာပိုဒိုစီယာ ကျောက်သားများက ပင်ကိုယ်သဘာဝအတိုင်း ဆန်းကျယ်လှပသည့် ပုံစံမျိုးဖြင့် တည်ရှိနေသည်ကို
တွေ့ရှိခံစားနိုင်မည် ဖြစ်သည်။ ယင်းဒေသတွင် ဟိုတယ်များကို ကျောက်တုံးများမှ
ထွင်းထုဆောက်လုပ်ထားခြင်းကလည်း လူသိများသော အချက်တစ်ခုဖြစ်သည်။

    ဂရိတ်ဘယ်ရီယာ သန္တာကျောက်တန်းကြီး (ဩစတြေးလျ)


ဩစတြေးလျမှတစ်ဆင့် အဆိုပါ သန္တာကျောက်တန်းကြီးနှင့် အနီးအနားရှိ ကျွန်းများသို့ ရှေးဦးစွာ
လေယာဉ်ဖြင့် သွားရောက်ရမည် ဖြစ်သည်။ ထို့အပြင် ကွင်းစ်လန်ရှိ ဆိပ်ကမ်းများမှ တစ်နေ့တာ ခရီးဖြင့်
ရေကြောင်းမှ သွားလာနိုင်သည်။ ရှားပါးလှပသည့် ငါးမျိုးစိတ်များနှင့် အခြားပင်လယ်ပျော်
သက်ရှိများစွာ ခိုအောင်းနေကြပြီး မျိုးသုဉ်းလုနီးပါး သတ္တဝါများပင် ရှိနေကြသည်။
မင်ကီဝေလငါးပုမျိုး၊ အင်ဒို-ဩစတြေးလျ ကျောခုံးလင်းပိုင်စသည့် ရေသတ္တဝါများ ခိုလှုံကျက်စားနေပြီး
သန္တာကျောက်ဆောင်များကြား ကြည်လင်နေသော ရေအောက်တွင် အပျော်တမ်း ရေငုပ်ခြင်းသည် ကမ္ဘာလှည့်
ခရီးသည်များကြား အထူးရေပန်းစားသည့် အတွေ့အကြုံတစ်ရပ်ဖြစ်သည်။

    ဟမ်ပီ (အိန္ဒိယ)


ဟမ်ပီသည် အိန္ဒိယမြောက်ပိုင်း ကာနာတာကာ ပြည်နယ်ရှိ ရွာလေးတစ်ခုဖြစ်သည်။ ဂိုအာမှတစ်ဆင့် ဘတ်စ်ကားဖြင့်
တစ်ညအိပ် သွားလာနိုင်သည်။ ရထားကမူ အနီးရှိ ဟော့စ်ပက်ထိ ရောက်ရှိပြီး ချန်နိုင်၊ မွမ်ဘိုင်း၊ ဘင်္ဂလား၊
ဒေလီ၊ ကာလကတ္တားတို့နှင့် ဆက်နွယ်လျှက်ရှိသည်။ ဗီဂျာယန်နာဂါရာ အင်ပါယာဟောင်းနှင့် ဆက်နွယ်နေပြီး
ရှေးဟောင်း အထိမ်းအမှတ် အဆောက်အအုံများစွာ ကြွင်းကျန်နေဆဲ ဖြစ်သည်။ ဟမ်ပီရှိ ဗာရူပါရှာ
ဘုရားကျောင်းသည် ဘာသာရေး အထင်ကရ အဆောက်အအုံတစ်ခုအဖြစ်လည်း သတ်မှတ်နိုင်သည်။

    အီဂွာဇူ အမျိုးသားဥယျာဉ် (ဘရာဇီးလ်နှင့် အာဂျင်တီးနား)


ဘရာဇီးလ် နိုင်ငံ၏ ဖွံ့ဖြိုးမှု အားနည်းသော အပိုင်းဟု ဆိုနိုင်သည်။ လူနေထူထပ်မှု နည်းပါးခြင်းကလည်း
အီဂွာဇူ၏ သဘာဝ အလှအပများ ရေရှည်တည်မြဲစေသည့် အကြောင်းရင်း တစ်ခုဖြစ်သည်။ ဘရာဇီးလ်ဘက်ခြမ်းရှိ
ဥယျာဉ်သို့ ဖော့ဇ်ဒိုအီဂွာကူမှတစ်ဆင့် တစ်နာရီခွဲ ကားစီးပြီး ရောက်ရှိနိုင်သည်။ အီဂွာဇူတွင် အလွန်လှပ
ဆန်းကျယ်သော ရေတံခွန်များ တည်ရှိသည်။ အာဂျင်တီးနားဘက်မှ ပျူရာတို အီဂွာဇူ ရေတံခွန်မှ
ဘရာဇီးလ်ဘက်ခြမ်းထိ ကားမောင်းလျှင်လည်း တစ်နာရီခွဲ ကြာမြင့်သည်။ အီဂွာဇူ ရေတံခွန်များသည် အဆင့်ဆင့်
များပြားစွာ တည်ရှိပြီး ဘရာဇီးလ်ဘက် အခြမ်းသို့ ကမ္ဘာလှည့် ခရီးသည်များ ပိုမိုလာရောက်လေ့ရှိသည်။

    လော့စ်ဂလေစီရက်စ် အမျိုးသားဥယျာဉ် (အာဂျင်တီးနား)


ဆီးနှင်းရေခဲ ရှုခင်းများကြောင့် နာမည်ကျော်ပြီး အာဂျင်တီးနား၏ ဒုတိယ အကြီးမားဆုံး
သဘာဝဥယျာဉ်ကြီးလည်း ဖြစ်သည်။ နိုင်ငံတောင်ပိုင်း ဒေသရှိ ဝေးလံသီခေါင်လှသည့် နေရာတွင် တည်ရှိပြီး
အနီးဆုံးမြို့ အယ်လ်ကာလာဖာတီရှိ အလွယ်တကူ ရောက်ရှိနိုင်သည်။ မြို့တော်
ဗျူနိုအေးရီးစ်မှ အယ်လ်ကာလာဖာတီထိ နေ့စဉ်နေ့တိုင်း ဘတ်စ်ကားနှင့် လေယာဉ်ခရီးစဉ်များ ပြေးဆွဲလျှက်
ရှိသည်။ ဝင်ရိုးစွန်းဆန်သော အလေ့ကျပေါက်ပင်များ၊ နှင်းခဲလွင်ပြင်များ၊ ရေခဲနေသော
မြစ်များကြောင့် သဘာဝအတိုင်း လှပစွာ တည်ရှိသည့် ရပ်ဝန်းတစ်ခုလည်း ဖြစ်သည်။

    မာချူပစ်ချူ (ပီရူး)


ကူစကိုမှ အာဂူစ်ကာလီယန်တက်စ်ထိ ရောက်ရှိနိုင်ပြီး ထိုမှတစ်ဆင့် ခရီးဆက်ရမည် ဖြစ်သည်။ မာချူပစ်ချူသည်
တောင်ထိပ်တွင် ဆန်းကျယ်စွာ တည်ထားသည့် ရှေးမြို့ဟောင်း ဖြစ်သည်။ ရှေးဟောင်းသုတေသန
ပညာရှင်များက ယင်းကို အင်ကာလူမျိုးတို့ တည်ဆောက်ပြီး တစ်ချိန်က အစည်ကားဆုံး ဈေးမြို့ကြီးတစ်ခု
ဖြစ်ခဲ့လိမ့်မည်ဟု သုံးသပ်ထားသည်။ တောင်နံရံ လှေခါးထစ်များဖြင့် ပုံဖော်ထားပြီး အင်ကာ
လူ့သမိုင်းကြောင်း၏ အထင်ရှားဆုံး ပြယုဂ်တစ်ခုအဖြစ်လည်း မှတ်တမ်းတင်ခံထားရသည်။ မာချူပစ်ချူ၏
အခြားအမည်တစ်ခုမှာ ပျောက်ဆုံးနေသော အင်ကာမြို့တော်ဟူ၍ ဖြစ်သည်။

    မွန့်စိန့်မိုက်ကယ် (ပြင်သစ်)


နော်မန်ဒီတွင် တည်ရှိသော သီးခြားလူ့အဖွဲ့အစည်း တစ်ခု၏ နေရာဟောင်းလေး ဖြစ်သည်။ ရိန်းစ်နှင့်
စိန့်မာလိုတို့မှ ဘတ်စ်ကားဖြင့် အလွယ်တကူ သွားရောက်နိုင်သည်။ ရှေးခေတ်အချိန်များက မဟာဗျူဟာကျသော
ခံတပ်မြို့လေးအဖြစ် တည်ရှိခဲ့ပြီး ယနေ့တိုင် ရှေးအမြောက်ကြီးများကို တွေ့ရှိနိုင်သေးသည်။
အထက်ပိုင်းတွင် ဘုရားကျောင်းများရှိပြီး အောက်ဘက်တွင် ခန်းမကျယ်များ အားဖြည့်ထားသည်။
မွန့်စိန့်မိုက်ကယ်သည် ရွာငယ်လေးတစ်ခုသဖွယ် ဖြစ်နေပြီး ကမ္ဘာလှည့် ခရီးသည်များအတွက်
ဟိုတယ်ခန်းများကိုလည်း ဖွင့်လှစ်ထားသည်။

    ပီထရာ (ဂျော်ဒန်)


ကျောက်သားနံရံများကို ထွင်းဖောက်ကာ တည်ဆောက်ထားသည့် အံ့ဖွယ်မြို့ဟောင်းဖြစ်သည်။ လှပသော အနုပညာ
လက်ရာများ၊ ချီးကျူးဖွယ်ရာ ဗိသုကာ အမြင်အတွေးများ အလျံအပယ် တည်ရှိနေသည့် နေရာဖြစ်သည်။
ဂျော်ဒန်နိုင်ငံ၏မြို့တော် အမ်မန်မှတစ်ဆင့် ဘတ်စ်ကားဖြင့် ညလုံးပေါက် ခရီးသွားပြီး ရောက်ရှိနိုင်သလို
အေကွာဘာ ဆိပ်ကမ်းမြို့မှလည်း သွားရောက်နိုင်သည်။ ကမ္ဘာပေါ်တွင် ခရီးသည် အများဆုံး သွားရောက်သည့်
နေရာလေးတစ်ခုဖြစ်ပြီး ဂျော်ဒန်နိုင်ငံ၏ ဂုဏ်ပုဒ်အဖြစ် ရပ်တည်နေသော မြို့ဟောင်းလည်း ဖြစ်သည်။

    ဂီဇာမှ ပိရမစ်များ (အီဂျစ်)


ကိုင်ရိုမှ အနောက်တောင်ဘက် (၂၅)ကီလိုမီတာမျှ အကွာ နိုင်းလ်မြစ်တစ်လျှောက် တည်ရှိသည်။ ကိုင်ရိုမှ
ထွက်လာပြီး တစ်နေကုန် လည်ပတ်နိုင်လောက်အောင် အချိန်လုံလောက်မည် ဖြစ်သည်။ ကမ္ဘာ့အံ့ဖွယ်များအဖြစ်
သတ်မှတ်ခံရသည့် ပိရမစ်ကြီးများ အကျယ်ပြောဆုံး စုရုံးတည်ရှိရာ နေရာတစ်ခုဖြစ်သလို နာမည်ကျော်
စဖင့်စ်ရုပ်တုကြီးလည်း ရှိနေသည်။ ယင်းတို့အနက် ဂီဇာမှ ဂရိတ်ပိရမစ်ကြီးဟု အမည်ပေးထားသည့်
သင်္ချိုင်းဂူကြီးမှာမူ ဂီဇာ နီခရိုပိုလစ်ရှိ ပိရမစ်ကြီး (၃)ခုအနက် အကြီးမားဆုံးနှင့် သက်တမ်းအရင့်ဆုံးအဖြစ်
တည်ရှိသည်။ ထို့အပြင် ကမ္ဘာပေါ်တွင် လူသားများ ဆောက်လုပ်သမျှ အမြင့်ဆုံး အဆောက်အအုံအဖြစ်
နှစ်ပေါင်း(၃၈၀၀)မျှ ရပ်တည်နိုင်ခဲ့ဖူးသည်။

    ရာပါနွိုင် (ချီလီ)


အီစတာကျွန်းရှိ ယခင်ပိုလီနေးရှန်း လူမျိုးစုများ၏ နေရာဟောင်းသို့ တဟီတီမှတစ်ဆင့်
လေကြောင်းခရီးစဉ်ဖြင့် သွားရောက်နိုင်သည်။ ထို့အပြင် ချီလီနိုင်ငံ၊ ဆန်တီယေးဂိုးမှလည်း (၅)နာရီခွဲ
လေယာဉ်စီးပြီး ရောက်ရှိနိုင်မည် ဖြစ်သည်။ ပစိဖိတ် သမုဒ္ဒရာအတွင်း ပိုလီနေးရှန်းတို့၏ ယဉ်ကျေးမှု
အလွှမ်းမိုး အသက်ရောက်ဆုံး ကြွင်းကျန်နေသည့် နေရာလည်း ဖြစ်သည်။ အီစတာကျွန်းရှိ ဒေသခံများသည်
စပိန်စကားအပြင် ရိုးရာ ရာပါနွိုင်စကားကိုပါ ပြောဆိုနေဆဲ ဖြစ်သည်။

    ဆီရန်ဂတ်တီ အမျိုးသားဥယျာဉ် (တန်ဇန်းနီးယား)


ကမ္ဘာပေါ်တွင် အထင်ရှားဆုံး သဘာဝ သားရိုင်းတိရစ္ဆာန် စားကျက်မြေတစ်ခု ဖြစ်သည်။ ဆီရန်ဂတ်တီသို့
နိုင်ရိုဘီနှင့် ကီလီမန်ဂျာရို လေဆိပ်များမှ အလွယ်တကူ သွားလာနိုင်သည်။ သားရိုင်းတိရစ္ဆာန်များ၏
ဓလေ့သဘာဝကို လိုက်လံလေ့လာနိုင်ရန် အကောင်းဆုံး နေရာတစ်ခုလည်း ဖြစ်သည်။ ယင်းဒေသတွင် မြင်းကျားကောင်ရေ
နှစ်သိန်းခွဲ ကျက်စားနေသည်။ မုတ်ဆိတ်ဖြူ တောဆိတ်သမင် (၁.၅)သန်းကျော် လှည့်လည်သွားလာနေပြီး
နိုင်းလ်မြစ်မိကျောင်း ကောင်ရေ အမြောက်အမြားလည်း ရှိနေဆဲဖြစ်သည်။

    ဆီဂီရီယာ (သီရိလင်္ကာ)


ဆီဂီရီယာသည် အလွန်ထူးခြားစွာ တည်ရှိနေပြီး မီတာ(၂၀၀)မျှ မြင့်မားသည့် သဘာဝ
ကျောက်တိုင်ကြီးဖြစ်သည်။ ရှေးခေတ် သီရိလင်္ကာဘုရင် ကက်စ်ယာပါသည် ၎င်း၏ ထီးနန်းတည်ရာ မြို့တော်အဖြစ်
ယင်းနေရာကို ရွေးချယ်ဖူးကြောင်း သမိုင်းပညာရှင်တို့က ဆိုသည်။ သီရိလင်္ကာ အလယ်ပိုင်းတွင် တည်ရှိသည့် အဆိုပါ
နေရာသို့ ကန်ဒီမှတစ်ဆင့် ဘတ်စ်ကားဖြင့် သွားလာနိုင်သည်။ ဆီဂီရီယာရှိ ခြင်္သေ့ဝင်ပေါက်နှင့်
ကျောက်ဂူများအတွင်းမှ နံရံဆေးရေး ပန်းချီများသည် ကမ္ဘာလှည့် ခရီးသည်များကို ဖိတ်ခေါ်နေသလို
ဆီရီဂီယာ အမြင့်ပိုင်းမှ တွေ့မြင်ရသော ရှုမျှော်ခင်းသည် အလှပဆုံး သဘာဝ ပန်းချီတစ်ချပ်သဖွယ်
သတ်မှတ်ခံထားရသည်။

    တူလွမ် (မက္ကစီကို)


ယူကာတန် ရေလက်ကြားရှိ တူလွမ်မြို့မှ မိနစ်အနည်းငယ် ကားမောင်းရုံဖြင့် ရောက်ရှိနိုင်သည်။
ကိုလံဘီယာခေတ်ဦး မာယာလူမျိုးတို့၏ ကျောက်သားနံရံများဖြင့် တည်ဆောက်ထားသော မြို့တော်ဟောင်းဖြစ်သည်။
မြို့ပျက်သည် (၁၂)မီတာ အမြင့်ရှိသော တောင်စောင်းအတိုင်း ဖြန့်ကျက်ထားသည်။ ကမ်းရိုးတန်း
ကျောက်သားများပေါ်တွင် တည်ရှိနေသော အဆိုပါ မြို့ဟောင်းနေရာတွင် ဘုရားကျောင်း၊ နန်းတော်ရာ
အစရှိသည့် အဆောက်အအုံများ ယနေ့တိုင် ရှိနေဆဲဖြစ်သည်။ ပင်လယ်ကမ်းစပ်ကို ကျောပေးထားသည့်
မြို့တော်ဟောင်းသည် ကျောက်သားကိုသာ အဓိကအသုံးပြု တည်ဆောက်ထားခြင်း ဖြစ်သည်။

    ဗယ်လက်တာ (မော်လ်တာ)


မော်လ်တာနိုင်ငံ၏ မြို့တော်ဖြစ်ပြီး ဆစ္စလီ တောင်ပိုင်းတွင် တည်ရှိသည်။ ဥရောပမှတစ်ဆင့် လေယာဉ်ဖြင့်
သွားလာနိုင်သည်။ လူဦးရေ (၇၀၀၀)မျှသာရှိသည့် သမိုင်းဝင်မြို့ တစ်ခုဖြစ်သည်။ ဗယ်လက်တာတွင်
(၁၆)ရာစုလက်ရာ အဆောက်အအုံ အများအပြား တည်ရှိသည်။ ဂျေရုဆလင်၏ စိန့်ဂျွန်ဘုရင်က ဗယ်လက်တာကို
စတင်တည်ဆောက်စေခဲ့ခြင်း ဖြစ်သည်။ ဗယ်လက်တာသည် ရှေးဟောင်းအရိပ်အငွေ့ လွှမ်းမိုးသော
မြို့ပြအင်္ဂါရပ်ကြောင့်သာ မကဘဲ လှပသည့် ပင်လယ်ကမ်းခြေများကြောင့်ပါ ထင်ရှားသည်။

    ဗင်းနစ် (အီတလီ)


မာကိုပိုလိနှင့် ထရီဗီဆို လေဆိပ်တို့မှတစ်ဆင့် လွယ်ကူစွာ ရောက်ရှိနိုင်သည်။ မီးရထားလမ်းလည်း ပေါက်သည်။
ဗင်းနစ်သည် အီတလီ အရှေ့မြောက်ပိုင်းရှိ မြို့ငယ်လေး တစ်ခုဖြစ်ပြီး ရေလယ်တွင် တည်ဆောက်ထားသဖြင့်
ထင်ရှားသည်။ မြို့အတွင်း၌ ရေယာဉ်ငယ်လေးများဖြင့် အဓိက သွားလာရပြီး လူသွားလမ်းများကို
တံတားများဖြင့် သွယ်ယှက်ဖောက်လုပ်ထားသည်။ ဗင်းနစ်သည် မြို့တည်နေပုံကြောင့်သာ မကဘဲ
အနုပညာလက်ရာများကြောင့်ပါ ထင်ရှားသည်။ UNESCOသည် ဗင်းနစ်မြို့အပြင် ယင်း၏ ရေကန်များကိုပါ
ကမ္ဘာ့အမွေအနှစ် သမိုင်းနေရာများအနက် စာရင်းထည့်သွင်းထားသည်။

    ရဲလိုးစတုန်း အမျိုးသားဥယျာဉ် (အမေရိကန်)


ဝိုင်အိုမင်းရှိ ဂျင်ဆင်ဟိုးလ်မှ ကီလိုမီတာ (၁၀၀)မျှ အကွာတွင် တည်ရှိသည်။ ခမ်းနားကျယ်ဝန်းသည့်
တောတောင်ရေမြေများ၊ ရေတံခွန်များ တည်ရှိသည်။ ကမ္ဘာကျော် ဂရင်းကင်ညွန် လျှိုကြီးသည်
ယင်းအမျိုးသား ဥယျာဉ်အတွင်း တည်ရှိသလို ရဲလိုးစတုန်း ရေကန်ကြီး ရှိနေသည်။ ဥယျာဉ်ထဲတွင် သဘာဝ
သားရိုင်းသက်ရှိ အများအပြား မှီတင်းနေထိုင်လျှက် ရှိသည်။ ရဲလိုးစတုန်းသည် ကမ္ဘာပေါ်တွင် အစောဆုံး
သတ်မှတ်သည့် အမျိုးသားဥယျာဉ်ကြီး အဖြစ်လည်း ယူဆနိုင်သည်။ ယင်းဒေသတွင် လူသားများ လွန်ခဲ့သည့်
နှစ်ပေါင်း (၁၁၀၀၀)ဝန်းကျင်က စတင်၍ အခြေချ နေထိုင်ခဲ့ကြောင်းလည်း သိရသည်။ref: planet.com

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...