ဒီတစ်ခါတင်ပြမည့် အကြောင်းအရာလေးကတော့ သက်ဦးဆံပိုင် ဘုရင်ဖြစ်နေသော်လည်း အနီးရှိ မြှောက်ပင့်တတ်တဲ့ အမတ်များကို ပညာပေးတဲ့ ဘုရင်တစ်ယောက်အကြောင်းပါ။
ဒိန်းမတ်ပြည့်ရှင် ကနွတ်ဘုရင်သည် ခရစ်နှစ် ၉၉၅ မှ ၁၀၃၅ ခုနှစ်အတွင်း ပေါ်ပေါက်ခဲ့သောမင်းတစ်ပါး ဖြစ်ပါတယ်။ သူဟာ ငယ်စဉ်ကပင် ဖခင်ဘုရင်ကြီးနှင့်အတူ အင်္ဂလန်ပြည်ကို တိုက်ခိုက် သိမ်းပိုက်ခဲ့သူပါ။ ၁၀၁၄ တွင် ဖခင်သေဆုံးချိန်တွင် ထီးနန်းဆက်ခံကာ အင်္ဂလန်ပြည်ကို ဆက်လက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ ၁၀၁၆ တွင် အင်္ဂလန်တစ်ပြည်လုံးအား သိမ်းပိုက်ကာ အုပ်ချုပ်ခဲ့ပါတယ်။ သူဟာ ဒိန်းမတ် နှင့် အင်္ဂလန်နိုင်ငံ သာမကပဲ နော်ဝေးနိုင်ငံ
ထီးနန်းကိုလည်း ၁၀၂၈ တွင် ရရှိခဲ့ပါတယ်။
အလွန်တန်ခိုးထက်တဲ့ မင်းတစ်ပါးပေါ့။ သူသည် တိုင်းပြည်များကို တရားမျှတစွာဖြင့် အုပ်ချုပ်ပြီး ခိုင်မာတဲ့ဥပဒေများ ကိုလည်း ပြဌာန်းခဲ့ပါတယ်။ သိမ်းပိုက်ထားတဲ့ တိုင်းပြည်များကို တရားမျှတစွာဖြင့် အုပ်ချုပ်သဖြင့် တည်ငြိမ်အေးချမ်းခဲ့ပါတယ်။
ဒီလို တန်ခိုးထက်တဲ့ ဘုရင်ဆိုတော့ အနီးမှာ မြှောက်ပင့် ပြီး ဖားနေတတ်တဲ့ အမတ်များကလည်း များပါတယ်။ ဒီအမတ်များက ဘုရင်ဘုန်းကြီးကြောင်း ၊ မည်သည့်အရာ လုပ်လုပ် ဘုန်းတန်ခိုးကြောင့် အလိုလို ပြည့်စွမ်းနိုင်ကြောင်း လွန်ကဲစွာ လျှောက်တင်ပြောဆိုကြပါတယ်။
ဒါပေမယ့် ကနွတ်ဘုရင်ဟာ အမှန်တရားကို သိပြီး လူတွေအကြောင်း နားလည်နေသူသာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း တစ်နေ့ ပင်လယ်ကမ်းစပ်တွင် ခုံတစ်လုံးဖြင့်ထိုင်နေကာ တဖြည်းဖြည်း တတ်လာနေသော ဒီရေ ကို မတတ်လာရန် လက်ညှိုးထိုးကာ အမိန့်ပေးနေပါတယ်။ ဒီရေကတော့ တတ်မြဲတတ်ကာ ကနွတ်ဘုရင်၏ ခြေထောက်ကိုပင် မြှုပ်လာပါပြီ။
ထိုတော့မှ အနီးရှိ အခြွေအရံများဘက် လှည့်ကာ
“ဘုရင့် အာဏာဟူသည် မည်သို့မျှ အဖိုးမတန် ၊ ဘုရင့် ဘုန်းတန်ခိုးကြောင့် မည်သည် အရာမဆို ဖြစ်နိုင်ကြောင်း လျှောက်ထားသူများသည် မိုက်မဲစွာ မြှောက်ပင့်နေသူများ ဖြစ်တယ်” ဟု ပြောလိုက်ပါတယ်။
ကိုယ်တိုင် ဧကရာဇ်ဘုရင်ဖြစ်နေသော်လည်း မိုက်မဲစွာ မြှောက်ပင့်နေသူ များ၏ စကားကို မသာယာပဲ အရှိကို အရှိအတိုင်း နားလည်လက်ခံတတ်တဲ့ သူ၏ စိတ်ဓာတ်ဟာ ချီးကျူးစရာပါ။ ရှိပေမယ့် ရှားတယ်လို့ ပြောရမည့် လူစားပေါ့။
နောက်တစ်ခါတော့ လှည့်ပတ်မြှောက်ပင့် တဲ့ အမတ်အကြောင်းမဟုတ်ပဲ အမှန်ကို အချက်ကျကျ
ထောက်ပြတတ်တဲ့ အမတ်တစ်ယောက်အကြောင်း တင်ပြချင်ပါသေးတယ်။
လူဝီ ၁၄ ဘုရင်ကြီး
လူဝီ ၁၄ ဘုရင်ကြီးဟာ အန်စာကစားဘက် တစ်ဦးနှင့် ကစားရင်း ငြင်းခုန်နေကြပါတယ်။
အနားမှ နန်းတွင်းသူ ၊ နန်းတွင်းသား များကတော့ မည်သို့မှ ၀င်မပြောပဲ ငြိမ်နေကြ ပါတယ်။ ထိုအချိန် ပညာရှိအမတ် ဒီဂရန်မွန် ဟာ အခန်းထဲ ၀င်လာပါတယ်။
ဘုရင်ကြီးလည်းမြင်တာနဲ့ ၀မ်းသာအားရ အမတ်ကြီးကို လှန်းမေးလိုက်တယ်။
“ဒီဂရန်မွန်ရေ… ဒီကိစ္စ ဘယ်သူမှန်လဲ ၊ ဘယ်သူမှားလဲ လျှောက်တင်စမ်းကွာ”
လို့ဆိုလိုက်ပါတယ်။ ဒီတော့ ဒီဂရန်မွန်က အန်စာပွဲကို မကြည့်ပဲ ချက်ချင်းပဲ
“အရှင်မင်းကြီး မှားနေပါတယ်” ဟု လျှောက်လိုက်ပါတယ်။
ဒီတော့ ဘုရင်ကြီး ဒေါပွပြီပေါ့။ ဘာမှ မကြည့် ၊ မစဉ်းစားပဲ၊ သူ့ကိုမှားတယ်ပြောတော့ စိတ်ဆိုးပြီး ပြောလိုက်ပါတယ်။
“နေပါဦး၊ ပညာရှိကြီးရဲ့။ ဘာတွေဖြစ်ပြီး ငြင်းခုန်နေကြတယ်ဆိုတာ မမေးမြန်း
မစုံစမ်းတော့ဘူးလားဟ” ဟု ဆိုလိုက်ပါတယ်။ထိုတော့မှ အမတ်ကြီးက
“အရှင်မင်းကြီးကသာ မှန်နေရင် အနားမှာ ရှိတဲ့ နန်းတွင်းသားတွေက
သဲသဲလှုပ် ဆူညံနေအောင် ထောက်ခံနေကြမှာ သေချာပါတယ်” ဟုဆိုလိုက်ပါတယ်။
ဒါလည်း မှန်တာပဲနော်။ ဘုရင် မှန်ရင်သာ အားပေးထောက်ခံတတ်ပြီး ၊ မှားနေတာ ကြတော့ မသိချင်ယောင်ဆောင် ငြိမ်နေတတ်ကြတာ သဘာဝလိုပါပဲ။
မှားနေတာကို မထောက်ခံတာ တော်သေးတယ်လို့ ဆိုရပါမယ်။ တစ်ချို့က မှားနေမှန်းသိသိကြီးကို ဖုံးကွယ်ကာ မှန်ကြောင်းလျှောက်တင်တတ်ကြပါသေးတယ်။
မြန်မာရာဇ၀င်မှာ လည်း ဒီဂရန်မွန်ကဲ့သို့ အမတ်ကောင်းများများစွာ ပေါ်ပေါက်ခဲ့ပါတယ်။
ယောအတွင်းဝန် ဦးဘိုးလှိုင် ၊ ပခန်းမင်းကြီး ဦးရန်ဝေးတို့ စသည်ဖြင့် စံတင်လောက် သည့် အဖြစ်အပျက်များရှိပါတယ်။ အမှန်ကို တင်လျှောက်တတ်တဲ့သူတို့အကြောင်း တိုက်ဆိုင်လျှင် ရေးပါအုံးမည်။ အခုခေတ်လည်း များစွာလိုပါပြီ။ များစွာပေါ်ပေါက်လာကြပါစေဟု ဆုတောင်းရင်း……..
Jan 18, 2014 မှပိုစ့်အား ပြန်လည် ပြင်ဆင်တင်ပြထားပါသည်။
သူငယ်ချင်းများပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။