
တန်ကာမျိုးနွယ်
(၇၀၀၀)မျှသည် မြေပေါ်တွင် မနေဘဲ ရေထဲတွင်သာ သီးခြား လူ့အဖွဲ့အစည်း တစ်ခုအဖြစ်
စုရုံးနေထိုင်ကြသည်။ တရုတ်နိုင်ငံ၏ ရှေးကျသည့် တံငါမိသားစုများမှ ဆင်းသက်လာသည့် တန်ကာတို့သည် ရေပေါ်တွင်ဖောင်ဖွဲ့ ဆောက်လုပ်ထားသည့်အိမ်များပေါ်တွင် နေထိုင်ကာ
ရေသတ္တဝါများကို ပင်လယ်ထဲတွင်ခြံခတ်မွေးမြူပြီး စားနပ်ရိက္ခာ ပြဿနာကို ဖြေရှင်းကြသည်။

တန်မင်းဆက် ကတည်းက ယခုလူနေမှုဘဝတွင်သာ မွေ့လျော်လာသည့် တန်ကာတို့အား လှေလူသားများ၊ ပင်လယ်ပျော် ဂျစ်ပ်စီများဟု ခေါ်ဝေါ်လေ့ရှိကြသည်။
တန်မင်းဆက် လက်ထက်တွင် တရုတ်ပြည်မကြီး၌ စစ်ပွဲများ ဖြစ်ပွားနေရာ တံငါသည် အချို့သည် မိသားစုများကိုခေါ်ဆောင်ကာ စစ်ကို ရှောင်ရှားပြီး ပင်လယ် သမုဒ္ဒရာထဲ ထွက်ခွာခဲ့ကြသည်။ ထို့နောက်တွင်မူ တရုတ်နိုင်ငံအရှေ့တောင်ပိုင်းရှိ ဖူဂျီအန်း ဒေသမှ နင်ဒီကမ်းလွန်တွင် ရွာတည်ကာ နေထိုင်ခဲ့ကြသည်။ ယခုအခါထောင်နှင့်ချီသော မိသားစုများသည် တန်ကာတို့၏ ရေပေါ်ကျေးရွာတွင် ဆက်လက်ပေါက်ပွားရှင်သန်လာကြသည်။ အေဒီ(၇၀၀) ဝန်းကျင်ကတည်းက ၎င်းတို့သည် ဖောင်များနှင့် လှေများပေါ်တွင်သာဘဝတစ်ခု တည်ဆောက်ခဲ့ကြခြင်း ဖြစ်သည်။

တရုတ်နိုင်ငံကို သမ္မတနိုင်ငံအဖြစ် ပြောင်းလဲဖွဲ့စည်းမှု မပြုမီက တန်ကာတို့မှာ အလွန်အနှိမ်ခံရသည်။
ပင်လယ်ပျော် ဂျစ်ပ်စီတို့သည် တရုတ်နိုင်ငံ၏ ကမ်းခြေပေါ် ခြေချခွင့် မရှိသလို တန်ကာတစ်ဦးသည် တရုတ်လူမျိုးတစ်ဦးနှင့် ထိမ်းမြားလက်ထပ်ခွင့် မရှိခဲ့ချေ။ ထိုအနေအထားကလည်း တန်ကာတို့ကို သီးခြားလူ့အဖွဲ့အစည်းတစ်ခုဖြစ်လာအောင် တဖြည်းဖြည်း တွန်းပို့သွားခဲ့သည်။ ၎င်းတို့သည် မင်္ဂလာပွဲမှအစ ဈာပန အခမ်းအနားများထိလှေများပေါ်တွင်သာ ကျင်းပခဲ့ကြသည်။

မကြာသေးမီ နှစ်ပိုင်းများ အတွင်းက ဒေသခံ အုပ်ချုပ်ရေး အဖွဲ့အစည်းများက တန်ကာတို့၏ ဘဝကို
မြှင့်တင်ပေးရန် ရည်ရွယ်ချက်ဖြင့် ကမ်းခြေပိုင်းတွင် အိမ်ရာများ ဆောက်လုပ်ပေးခဲ့သည်။ သို့သော်လည်း
တံငါမျိုးဆက် အများစုကမူ မြေကြီးပေါ် ကျင်လည်ကျက်စားရသည့် ဘဝသစ်ကို ခေါင်းခါငြင်းဆိုပြီး
မျိုးရိုးစဉ်ဆက် နေထိုင်ကျက်စားခဲ့သည့် သမုဒ္ဒရာထဲတွင်သာ ဆက်လက်ပျော်မွေ့နေဆဲ ဖြစ်သည်။

ref: planet.com

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။