Wednesday, October 4, 2017

ကမ္ဘာ့အအေးဆုံးရေခဲနေသော ကျေးရွာလေး Oymyakon

ကမ္ဘာပေါ်ရှိ လူသားများ အခြေတကျနေထိုင်တတ်ကြသည့် မြို့၊ရွာ များတွင် အအေးဆုံးကျေးရွာလေး အဖြစ် သတ်မှတ်ကြသည့် နေရာလေးမှာ ရုရှနိုင်ငံမှ Oymyakon ရွာလေး ဖြစ်ပါသည်။ ထိုရွာလေး၏ အအေးဆုံး လများတွင် ရွာအတွင်မှ လမ်းများ ၊ တံတားများ ၊ အဆောက်အဦးများ နှင့် ကားများသည် ရေခဲများဖြင့် ဖုံးလွှမ်းနေကာ ရေခဲတိုင်းပြည်ကဲ့သို့ ထင်မှတ်စေရပါသည်။

ရုရှနိုင်ငံ၏ နေရာဒေသအချို့သည် ဆောင်းတွင်းဘက်၌ အေးခဲမှုများ ဖြစ်ပေါ်လေ့ရှိကြသော်လည်း ယခု Oymyakon ရွာလေးကတော့ အပူချိန် အနုတ် ၇၁.၂ ဒီဂရီဆဲလ်စီးယပ်စ်အထိ ကျဆင်းခဲ့ဖူးပြီး ကမ္ဘာ့အအေးဆုံးကျေးရွာအဖြစ် သတ်မှတ်ထားကြပါသည်။

Oymyakon ရွာလေးသည် ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၇၅၀ တွင် တည်ရှိပြီး လူဦးရေ ၅၀၀ ခန့်(2011 ခုနှစ်စာရင်းအရ) နေထိုင်ကြပါသည်။ ထိုရွာလေးသည် ၁၉၂၀ - ၃၀ ခုနှစ်များ ကတည်းက တည်ရှိနေသော ရွာလေးဖြစ်ပါသည်။ ဒေသခံများသည် မွေးမြူရေး ၊ အမဲလိုက်ခြင်း နှင့် ရေခဲ ငါးဖမ်းခြင်းလုပ်ငန်းများ လုပ်ကာ အသက်မွေးကြပါသည်။


Oymyakon ရွာလေးတွင် ဒီဇင်ဘာလ၌ နေ့တာသည် ၃ နာရီခန့်သာ ကြာရှည်တတ်ပါသည်။ နွေဘက်ဖြစ်သော ဂျွန်လတွင် ၂၁ နာရီခန့် အထိရှိပါသည်။ ထို့ကြောင့် အေးသော ဆောင်းတွင်းဘက်လများတွင် အအေးချိန်သည် -50ံC အထိ ပျမ်းမျှရှိတတ်ပြီး အအေးဆုံးစံချိန်မှတ်တမ်းအဖြစ် ၁၉၂၄ ခုနှစ်တွင် -71.2C အထိ ရောက်ရှိခဲ့ပါသည်။ ထို့ကြောင့်ပင် ထိုရွာလေးကို အအေးဝင်ရိုးစွန်း( Pole of Cold ) ဟု တင်စားခေါ်ဝေါ်ကြပါသည်။

ထိုကဲ့သို့ အေးခဲလွန်းလှသော လများတွင် Oymyakon ရွာသားများအတွက် အခက်အခဲများ ဖြစ်ကြရပါသည်။ ကားများ စက်များသည် စတင်နှိုးရန် ခက်ခဲတတ်သလို ကားစက်နှိုးပြီးပါကလည်း နောက်တကြိမ် စက်နှိုးမရမှာစိုး၍ တစ်နေကုန် ကားစက်နှိုးထားတတ်ကြပါသည်။ ရပ်ထားသော ကားများသည်လည်း ရေခဲများ ထုထည်နှင့် ဖုံးလွှမ်းနေတတ်ပြီး ၊ လမ်းများ ၊ အဆောက်အဦများသည်လည်း ရေခဲများနှင့် အတိပြီးနေပါသည်။

Oymyakon ရွာလေးရှိ ကျောင်းကို -52ံC အထိ ရောက်ရှိလျှင် ပိတ်ထားလိုက်ရပါသည်။ ထို့ပြင် အခြားသော လူမှုအခက်အခဲများ များစွာရှိကြသော်လည်း ဒေသခံများအနေဖြင့် ပျော်ရွှင်စွာ နေထိုင်ရှင်သန် နေကြပါသည်။











Jan 30, 2014 မှ ပိုစ့်အား ပြန်လည်ပြင်ဆင်တင်ပြထားပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...