Thursday, March 16, 2017

သာယာလှပသော Moli(မိုလီ)ရေတံခွန် နှင့် သဘာဝမုတ်သုံသစ်တော ဥယျာဉ်ကြီး

 ဒီတစ်ခါ တင်ပြပေးချင်တာကတော့ အလွန်ကိုအေးချမ်းပြီး သဘာဝ သစ်တောအုပ်ထဲက
လှပတဲ့ Moli (မိုလီ) ရေတံခွန်အကြောင်းပါ။မိုလီရေတံခွန်ဟာ တရုတ်နိုင်ငံ ၊
ယူနန်ပြည်နယ်(Yunnan) ၊ ရွှေလီမြို့၏ အရှေ့မြောက်ဘက် ၂၀ ကီလိုမီတာ အကွာမှာ
တည်ရှိပါသည်။မြန်မာပြည်က ခရီးသွားများနှင့်မစိမ်းသည့်ဒေသတစ်ခုပါ။

မူဆယ်ရောက်ပြီး တရုတ်နိုင်ငံ ကြယ်ခေါင် ၊ ရွှေလီမြို့ကို သွားရောက်လည်ပတ်သူများ
ဟာ Moli ရေတံခွန်ဆီသွားရောက်အပန်းဖြေလေ့ရှိကြပါသည်။
ထို့ပြင် ဗုဒ္ဓဘုရှားရှင်၏ ခြေတော်ရာ ဘုရားတည်ရှိရာအရပ်ဟုလည်း ဆိုကြပါသည်။
နှစ်ပေါင်းများစွာက ရှည်လျားတဲ့ ဒဏ္ဏာရီဇာတ်လမ်းလည်း ရှိပါသည်။

ဒီဒေသကို ဒေသခံတွေက Zhaduo ဟု လည်းခေါ်တွင်ကြပါသည်။
အကြောင်းကတော့ ဒီရေတံခွန်တည်ရှိရာအရပ်ကို ဗုဒ္ဓဘုရားရှင်ကြွချီလာပြီး
ဒီအရပ်တွင် ဥပုပ်စောင့်ကာ ရေချိုးသန့်စင် ခဲ့ပါသည်။ထို့နောက် ပြန်လည်ကြွချီရာတွင်
ဘုရားရှင်၏ ခြေတော်ရာကို ချထားပေးခဲ့သည်ဟုဆိုကြပါသည်။
လက်ရှိမှာလည်း ခြေတော်ရာစေတီ၏ အတွင်းဘက်၌ ကျောက်တုံးကြီး၏ပေါ်တွင်
ကြီးမားလှသည့် ခြေတော်ရာ တစ်ဆူရှိပါသည်။ ပုံသဏ္ဍာန် သိပ်မပီပြင်တော့ပေမယ့်
ရွှေချကာ ထားသည့် ခြေတော်ရာကို ဖူးမြင်နိုင်ပါသည်။


ကျွန်တော်တို့နိုင်ငံ၏ ထေရ၀ါဒဗုဒ္ဓဘာသာ ၏အယူအဆနှင့်တော့ အနည်းငယ်ကွဲလွဲမှု
ရှိပါသည်။ သို့သော် တစ်ချို့သော စာအုပ်များတွင် ဖတ်ဖူးသော ကမ္ဘာတစ်လွှားရှိ
ဗုဒ္ဓခြေတော်ရာများတွင် “၀” ဒေသ လွိုင်လင်တောင်ဘက်မှာ ခြေတော်ရာတစ်ဆူ ရှိသည်ဟု
ဆိုကြသဖြင့် ဒီခြေတော်ရာကိုများပြောတာလားဟုထင်မှတ်မိပါသည်။ဖြစ်တော့မဖြစ်နိုင်ပါ။
သို့သော် တစ်ချို့ခြေတော်ရာစာရင်းများတွင်တော့ ထိုဒေသတွင်ရှိသည်ဟု မပါပါ။
ဗဟုသုတ အဖြစ် တင်ပြခြင်းဖြစ်ပြီး ကျွမ်းကျင်သူများသာသိနိုင်ပါမည်။ဒေသခံများကတော့
ထိုခြေတော်ရာကို Zhaduo ဟုခေါ်ကြကြောင်း မှတ်သားရပါသည်။အခြားဗုဒ္ဓနှင့်ပတ်သတ်သည့်
သမိုင်းကြောင်းများလည်း များစွာရှိပါသေးသည်။

Moli မုတ်သုံသစ်တော သဘာဝဥယျာဉ်ကြီးဟာ ၇ စတုရန်းကီလိုမီတာကျယ်ဝန်းပြီး ၉၆ ရာခိုင်နှုန်း
လောက်က သစ်ပင်ပန်းပင်များနှင့် ဖုံးအုပ်နေပါသည်။
ပန်းမာန်မျိုးပေါင်း ၄၈၀ မျိုးခန့် ရှိပြီး အခြားသစ်ပင်နှင့် ပန်းမာန်မျိုးစိတ်ပေါင်း ၁၅၄၀ ခန့်ရှိပါသည်။

မိုလီရေတံခွန်ဟာ ၅၀ မီတာအမြင့် ချောက်ကမ်းပါးက တစ်ဟုန်ထိုးကျဆင်းနေတာပါ။
ကားရပ်နားစခန်း တွင် လမ်းညွှန်ဆိုင်းဘုတ်ကို မြန်မာ ၊ တရုတ် ၊ အင်္ဂလိပ် သုံးဘာသာဖြင့်
ရေးသားထားတာတွေ့ရမှာပါ။ မြန်မာခရီးသွားတွေ များစွာလည်ပတ်ကြသဖြင့် မြန်မာဘာသာ
ဖြင့်ပါ ရေးထိုးပြီး လမ်းညွှန်ထားပါသည်။မြန်မာစာလုံးပေါင်းတော့ သိပ်မမှန်ပါ။လွဲနေပါသည်။
ထိုနေရာမှ ဆက်သွားလိုက်၍ မုတ်ဦးကျော်လျှင် သဘာဝတောတောင်ရေမြေကို စတင်ခံစား
ရပါမည်။

 သေသပ်လှပသော အပန်းဖြေဆောင်များကို ကျော်ဖြတ်ပြီးနောက် စတင်တွေ့ရမည်မှာ
ခြေတော်ရာ ဘုရားစေတီနှင့် ဗုဒ္ဓဘာသာ ဘုရားကျောင်းကို ဖူးမြှော်ရပါမည်။
လက်ရာများမှာ မြန်မာ ဆန်ပါသည်။ ဒါကလည်း ဒီဒေသ၀န်းကျင်တွင် ရှမ်းရွာ ၊ ကချင်ရွာများမှ
ရှေးဘိုးဆင်ဘောင်ဆက်နေထိုင်ကြသောကြောင့် ဖြစ်နိုင်ပါသည်။ တော်တော်ကြီးကို
မြန်မာဆန်သော ဘုရားဆင်းတုပုံစံများကို ဖူးမျှော်ခဲ့ရပါသည်။

ထို့နောက် လှပသော သဘာဝတောတောင်ရှုခင်းများနှင့် ပန်းပင်များကို တွေ့မြင်ရပါသည်။
ညီညီညာညာခင်းထားသော ကျောက်တုံးစီ လမ်းကလေးပေါ်မှ လျှောက်လှမ်းရင်း
သဘာဝ၏အရသာကို ခံစားရပါသည်။ ဒေါင်းများကို လွှတ်ထားပြီး လူသွားလမ်းအပေါ်မှာတောင်
နီးနီးကပ်ကပ် သွားလာနေကြပါသည်။


ထို့နောက် အပန်းဖြေဥယျာဉ်ရေရဟတ်ကို တွေ့မြင်ရပါသည်။ ကန်လေးအတွင်း၌ အရောင်စုံ
ငါးကလေးများရှိပြီး ငါးစာများကို ၀ယ်ကျွေးနိုင်ပါသည်။

ထို့နောက်တွင်တော့ လမ်းကလေးအတိုင်းဆက်လျှောက်သွားရပြီး တကယ့်သစ်တောကြီးထဲကို
လျှောက်လှမ်းနေရသည်ဟု ထင်ရပါသည်။ သဘာဝအတိုင်းသစ်ပင်များကို ခုတ်ထွင်ထားခြင်းမျိုး
မတွေ့ရပဲ ရေတံခွန်မှ စီးဆင်းလာသော စမ်းချောင်းလေးအတိုင်း အထက်ကို တက်လာရပါသည်။
တစ်တောလုံးမှာ ရေကျသံ၊ရေစီးသံများကိုကြားရပြီးတစ်ခါတစ်ရံ တောငှက်ကလေးများအသံကို
လည်းကြားရပါသည်။

ချောင်းကူးတံတားလေးများ နေရာအနှံ့တွင်တွေ့မြင်ဖြတ်သန်းရပြီး ခရီးသွားများအတွက်
အမှတ်တရ ဓာတ်ပုံရိုက်စရာ နေရာလေးများဖြစ်ပါသည်။

တောလမ်းလေးအတိုင်း ဖောက်လုပ်ထားပြီး ခေတ်မှီဆန်းသစ်မှုများကို အတတ်နိုင်ဆုံး
ရှောင်ရှားကာ ဖန်တီးထားပါသည်။

ကျောက်တုံးစီ လမ်းကလေးနှင့် သစ်ပင်များမလွတ်လျှင်တောင် ခုတ်မပစ်ပဲ ရှောင်ရှားချန်ထားကာ
ဖောက်ထားပါသည်။

သစ်ပင်များလဲနေတာကိုပင် ဒီအတိုင်း ထားထားပါသည်။ ဒါကပင် တကယ့်တောလမ်းလေးကို
လျှောက်နေရသည်ဟု ပိုထင်ရပါသည်။လမ်းကလည်းအကွေ့အကောက်များလှပြီး
တဖြည်းဖြည်း အထက်ကို တတ်သွားရပါသည်။

ကြီးမားလှသော သစ်ပင်များနှင့် မြင့်မားလှသော သစ်ပင်များကိုလည်း တွေ့မြင်ရပါသည်။
နေရာအနှံတွင် အနားယူစရာထိုင်ခုံလေးများကို ပြုလုပ်ပေးထားပြီး အမောဖြေစရာ
အပန်းဖြေဆောင်များကို လည်းဆောက်လုပ်ပေးထားပါသည်။
လမ်းညွှန်နှင့် သတိပေးဆိုင်းဘုတ်များကိုလည်း နေရာအနှံ့တွေ့မြင်ရပါသည်။

ကျောက်တောင်အမြင့်မှ ကျောက်တုံးများပြုတ်ကျတတ်ပြီး သတိထားရမည့်နေရာများတွင်
ဆိုင်းဘုတ်များဖြင့် အသိပေးထားပါသည်။ တကယ်ပဲ လိမ့်ကျလာသော ကျောက်တုံးများကို
တွေ့မြင်ခဲ့ရပါသည်။

လမ်းတစ်လျှောက်တော်တော်လေးလျှောက်လှမ်းပြီးမှ ရေတံခွန်မှရေကျသံကို ကြားခဲ့ရပါသည်။
ရေတံခွန်အနီးတွင် အပန်းဖြေစားသောက်စရာ အဆောက်အဦး တစ်ခုရှိပြီး အစားအစာများကို
လည်းရောင်းချနေပါသည်။ ထိုရောင်းချသူ အဘိုးအိုသည် ပုံစံကတရုတ်ပုံစံဖြစ်သော်လည်း
အ၀တ်အစားမှာ တိုင်းရင်းသားတစ်မျိုးမျိုးနှင့် ဆင်နေပါသည်။
နောက်ပိုင်းမေးကြည့်မှ ကချင်အမျိုးသားကြီးဖြစ်နေပြီး ဒီနားပတ်ဝန်းကျင်တွင် ကချင်ရွာများ
ရှိကြောင်းသိရပါသည်။ သို့သော် ကချင်စကားတော့မတတ်ပါ။ တရုတ်လိုသာပြောတတ်ပါသည်။
ဒါတင်မဟုတ် ရွှေလီမြို့ပြင်က ရှမ်းရွာ ၊ ကချင်ရွာများတွင်လည်း တရုတ်စကားသာ ပြောတတ်
ကြပါသည်။ ၀တ်ပုံစားပုံနှင့် ယဉ်ကျေးမှု အနည်းငယ်သာ တူညီကြတော့ပြီး တော်တော်များများ
ကတော့ တရုတ်ယဉ်ကျေးမှုနှင့်ကူးစပ်သွားပါတော့သည်။

ထိုနေရာမှ ထွက်ပြီး ရှေ့ဆက်သွားလိုက်တော့မှ မိုလီရေတံခွန်ကို တွေ့မြင်လိုက်ရပါတော့သည်။
Moli ဟူသည်မှာ လှပသောရေတံခွန်ဟု အဓိပ္ပါယ်ရပြီး ဒေသခံ ဒိုင်လူမျိုးများ၏ အခေါ်အဝေါ်ဟု
သိရပါသည်။မြင့်မားလှသော တောင်ကမ်းပါးယံမှ ရေများသည် အရှိန်ပြင်းစွာ စီးကျနေပါသည်။
ရေကျသံမှာလည်း ကျယ်လောင်လှပြီး လေတိုက်ခတ်သောကြောင့် ရေမှုန်ရေမွှားလေးများ
လွင့်စင်နေပုံမှာ အလွန်ပင်သာယာလှပါသည်။အလှဓာတ်ပုံရိုက်ကြသူ အများအပြားရှိကြပါသည်။

ဒီမိုလီ မုတ်သုံသစ်တော သဘာဝဥယျာဉ်ကြီးသည် ခရီးသွားများကို အထူးစွဲဆောင်သည့်နေရာ
တစ်နေရာဖြစ်ပြီး တရုတ်နိုင်ငံ တစ်ဝန်းလုံး၏ သဘာဝပတ်ဝန်းကျင်အစိမ်းလန်းဆုံးနေရာများမှာ
တစ်ခုအပါအ၀င်ဖြစ်ပြီး အောက်စီဂျင်အိုင်းယွန်းဓာတ်များတဲ့ နေရာတစ်နေရာတည်းဖြစ်ပါသည်။

ထိုသို့ဖြစ်နေရန်လည်း စနစ်တကျ ထိန်းသိမ်းထားပါသည်။
ကျွန်တော်တို့ မြန်မာနိုင်ငံတွင် မိုလီရေတံခွန်ထက်ပိုလှပြီး စွဲဆောင်မှုရှိသော ရေတံခွန်များ
များစွာရှိပါသည်။ဥပမာ ပြင်ဦးလွင်မြို့မှ ဓာတ်တော်ချိုင့် ၊ ပွဲကောက် နှင့် ပိတ်ချင်းမြောင်သုံးဆင့်ရေတံခွန်များ
လည်းလှပကြပါသည်။အထူးသဖြင့် ပိတ်ချင်းမြောင်သုံးဆင့်ရေတံခွန်သည် မိုလီရေတံခွန်လောက် မမြင့်
သော်လည်း ရေတံခွန်ခရီးလမ်းရှိ နာမည်ကျော်မဟာနန္ဒာမူလိုဏ်ဂူနှင့် တွဲဘက်ပြီး အလွန်ကို စိတ်ဝင်စားဖို့
ကောင်းပါသည်။ သို့သော် မိုလီရေတံခွန်၏ အားသားချက်မှာ လာရောက်လည်ပတ်သူများ
သဘာဝတောင်တောင်ရေမြေ ကိုပါခံစားနိုင်အောင် ဖန်တီးပေးထားခြင်းဖြစ်ပါသည်။
ပိတ်ချင်းမြောင်ရေတံခွန်ကျတော့ ကားရပ်နားစခန်းရောက်သည်နှင့် လိုဏ်ဂူတော်ကို
တွေ့နေရပါပြီ။ သဘာဝ တောတောင်ရေမြေ ခံစားရမှု အားနည်းသည်ဟု ထင်မြင်မိပါသည်။
အခြား မြန်မာပြည်၏ တောတောင်များထဲ၌ ရှိကြသော လှပသောရေတံခွန်များကြတော့လည်း
ခရီးလမ်းပန်း ခက်ခဲနေတတ်ကြပါသည်။ 
မိုလီသို့သွားသည့် တောင်တတ်ကားလမ်းမှာ အလွန်ကောင်းပါသည်။ဒါလည်း ကွာခြားချက်တစ်ခုဟု ထင်ပါသည်။

သူတို့ဆီမှာက ရှိတာကို သိပ်မပြုပြင်ပဲ ထပ်မံပံ့ပိုးကာ လှအောင် ပြုထားပါသည်။
အနောက်တိုင်းဟန် လမ်း၊ အဆောက်အဦ မရှိပါ။ ကျွန်တော်တို့ဆီမှာက ရှိပြီးသားအလှကို
အစက ပြန်တူးပစ်ပြီး အသစ်ဖြစ်အောင် ဖန်တီးတတ်ကြပါသည်။ထို့ကြောင့် မူရင်းအနှစ်သာရမှာ
မပြောက်ရင်တောင် လျော့သွားတတ်ပါသည်။ ဒါကလည်း အလွန်သတိထားစရာကောင်းပါသည်။
နောက်များမှာတော့ ပြင်ဦးလွင်မြို့မှ ပိတ်ချင်းမြောင်ရေတံခွန်နှင့် လိုဏ်ဂူအကြောင်းကို
ထပ်မံရေးတင်ပေးပါအုံးမည်။ အားပေးကြပါအုံးခင်ဗျာ……..
ဒီပိုစ့်မှ အချက်အလက်များကို နေခရမ်း၏ ခရီးသွားအတွေ့အကြုံများ နှင့် အင်တာနက် website များမှ ရှာဖွေရယူပြီး ပုံများကတော့ နေခရမ်း မူပိုင်ဖြစ်ပါသည်။
Jul 8, 2015 မှပိုစ့်အား ပြန်လည်ပြင်ဆင် တင်ပြထားပါသည်။
သူငယ်ချင်းများပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...