“ချောင်း ၊ ချောက် ၊ ဂူ ၊ မြောင်
သုံးတွင်းတောင် သုံးအောင်ရေတံခွန်
ကံထူးထွဋ်ခေါင် ပိတ်ချင်းမြောင်
အောင်မြေနတ်လမ်းညွန်”
မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့သို့ရောက်ဖူးသူတိုင်း သွားရောက်လည်ပတ်၍ ဘုရားများဖူးမျှော်နိုင်သော အထင်ကရနေရာ တစ်ခုမှာ ပိတ်ချင်းမြောင် မဟာနန္ဒမူလှိုဏ်ဂူတော် ဖြစ်ပါသည်။
သုံးတွင်းတောင် သုံးအောင်ရေတံခွန်
ကံထူးထွဋ်ခေါင် ပိတ်ချင်းမြောင်
အောင်မြေနတ်လမ်းညွန်”
မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့သို့ရောက်ဖူးသူတိုင်း သွားရောက်လည်ပတ်၍ ဘုရားများဖူးမျှော်နိုင်သော အထင်ကရနေရာ တစ်ခုမှာ ပိတ်ချင်းမြောင် မဟာနန္ဒမူလှိုဏ်ဂူတော် ဖြစ်ပါသည်။

ပိတ်ချင်းမြောင် မဟာနန္ဒမူလှိုဏ်ဂူတော်ကြီးသည် ပြင်ဦးလွင်မြို့၏အရှေ့ဘက် (၁၂)မိုင် ပြင်ဦးလွင် လားရှိုးလမ်းမပေါ် ရှိ ၀က်ဝံကျေးရွာမှ တောင်ဘက် ၂ မိုင်ခန့်တွင် တည်ရှိပါသည်။

လှိုဏ်ဂူကြီးသည် ၁၆၀၈ ပေခန့် ရှည်လျားပြီး ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၃၂၀၀ ခန့်တွင်
တည်ရှိပါသည်။ အမြင့်ဆုံးနေရာမှာ (၄၀)ပေရှိပြီး ၊ အနိမ့်ဆုံးနေရာမှာ(၅)ပေ ရှိပြီး၊ အကျယ်ဆုံးနေရာမှာ (၃၀)ပေခန့်ရှိကာ အကျဉ်းဆုံးနေရာမှာ (၄)ပေခန့်ရှိပါသည်။

လှိုဏ်ဂူတော်အတွင်းရှိ ကျောက်များ၏ သက်တမ်းမှာ လွန်ခဲ့သောနှစ်သန်းပေါင်း (၃၄၅) မှ (၃၉၅) အတွင်းရှိပြီး လိုဏ်ဂူ၏ဖြစ်ပေါ်မှုသက်တမ်းမှာ ကာဗွန်နိဖဲရပ်ယုဂ်နောက်ပိုင်းမှ ပါမီရာမ်ယုဂ်အကုန်ထိ လွန်ခဲ့သောနှစ်သန်းပေါင်း (၂၅၀) နှင့် (၃၁၀) အတွင်းက လိုဏ်ဂူဖြစ်တည်မှု စတင်ခဲ့သည်ဟု ယူဆကြပါသည်။

ထိုဒေသသည် တစ်ချိန်က ပင်လယ်ရေအောက်တွင် တည်ရှိနေပြီး ရှမ်းကုန်းပြင်မြင့် ဒေသ၏ တိုက်ဖျက်လှုပ်ရှားမှုများကြောင့် လှိုဏ်ဂူရှိရာဒေသသည် ပင်လယ်ရေအောက်မှ ကြွတတ်ဖြစ်တည်လာသည်ဟု ခန့်မှန်းကြပါသည်။ ထိုသို့ကြွတတ်လာပြီးနောက် မိုးရေစီးကြောင်းများအားဖြင့် ဓာတုဓာတ်ခြေခြင်းများဖြစ်ပေါ်ကာ လှိုဏ်ဂူဖြစ်တည်လာကြောင်း မှတ်သားရပါသည်။

လိုဏ်ဂူတော်ကြီးမှာ ပြတ်ရွေ့ကြောကြီးများမှတဆင့် ဖြစ်ပေါ်လာသည့် ကျောက်ဂူဖြစ်ပြီး ထုံးကျောက်၊ကျောက်စက်ရေများကြောင့် ကျောက်စက်ပန်းဆွဲများ လှပစွာဖြစ်ပေါ်စေခဲ့ပါသည်။

လိုဏ်ဂူအတွင်းရှိ စမ်းချောင်းမှာ သဘာဝအလျောက် နေရာအနှံ့အပြားမှ ထွက်ရှိနေသည့် မြေအောက်ရေထွက်စမ်းများ၊ စိမ့်ရေထွက်ပေါက်များစုစည်းပြီး ဖြစ်ပေါ်လာသည့် မြေအောက်စမ်းချောင်းဖြစ်ပါသည်။

ထို့ပြင် လှိုဏ်ဂူအမိုး ကျောက်စက်ပန်းဆွဲများမှလည်း သဘာဝစိမ့်ရေများ မိုးရွာနေသကဲ့သို့ ကျဆင်းနေတတ်ပါသည်။ ပိတ်ချင်းမြောင်ကို တောတောင်များ ပတ်လည် ဝန်းရံထား၍ ဒယ်အိုး ပုံသဏ္ဌာန် အနေအထားဖြင့် တည်ရှိ နေသည်။ တစ်ချိန်က ဂူအ၀တွင် ပိတ်ချင်းပင်များ အုပ်ဆိုင်းနေသဖြင့် ပိတ်ချင်းမြောင်ဟုခေါ်ကြောင်း လည်းဆိုကြပါသည်။

ကားရပ်နားစခန်းသို့ ရောက်သည်နှင့် တသွင်သွင် ကျဆင်းနေသော ရေတံခွန်ကို တွေ့မြင်ရပြီး ထိုရေတံခွန်နှင့် လှိုဏ်ဂူအတွင်းမှ စီးထွက်လာသော စိမ့်စမ်းရေများပေါင်းဆုံကာ လှိုဏ်ဂူရှေ့တွင် ရေပြင်အဖြစ်တည်ရှိနေပါသည်။ ထိုနေရာတွင် လာရောက်လည်ပတ်သူများ ပျော်ရွှင်စွာ ရေကစားနေကြပါသည်။ ရေများသည် ကြည်လင်အေးချမ်းနေပြီး စိတ်ပျော်ရွှင် ကြည်နူးမှုကိုရရှိစေပါသည်။

လှိုဏ်ဂူတော်သို့ စတင်ဝင်ရောက်လိုက်သည်နှင့် ကျောက်စက်ပန်းဆွဲများနှင့် အတူ များပြားလှပါသော ဗုဒ္ဓရုပ်ပွားတော်များကို ဖူးတွေ့ရမည်ဖြစ်ပါသည်။

လှိုဏ်ဂူတော်အမိုးပေါ်မှ အေးမြလှသော ရေစက်လေးများ မိမိကိုယ်ပေါ်ကျဆင်းလာသည် ကိုလည်း ခံစားရပါသည်။ လိုဏ်ဂူတော်အ၀င်ဝတွင် ပဉ္စ၀ဂ္ဂီငါးဦးအား မြတ်စွာဘုရားမှ တရားဦးဟောတော်မှုဟန် ရုပ်ပွားတော်ကို ဖူးတွေ့နိုင်ပါသည်။

လိုဏ်ဂူတော်အ၀င်ဝနားတွင်ပင် ကျောက်သားစစ်စစ်နဂါးရုံဘုရား နှင့် အခြားနဂါးရုံ ဘုရားတစ်ဆူကိုလည်း ဖူးတွေ့ရမှာဖြစ်ပါသည်။

အများပြည်သူလှူဒါန်းထားရှိ ပူဇော်ထားသော ဘုရားဆင်းတုတော်များကိုလည်း ဖူးမျှော်ရမှာပါ။ လှိုဏ်ဂူတော်အတွင်းမှ စီးဆင်းကျဆင်းလာသော စိမ့်စမ်းရေများကြောင့် သဘာဝရေအိုင် ကြီးသဖွယ်ဖြစ်ပေါ်နေပြီး ထိုရေအိုင်ထဲတွင် ငါးများကိုလည်း တွေ့မြင်ရပါသည်။

ဂူအတွင်း နဂါးရုံဘုရား အပြင် ဒုက္ကရ စရိယာ ကျင့်တော်မူ နေပုံ၊ ပဉ္စဝဂ္ဂီ ငါးဦးအား ဓမ္မစကြာ တရားဟောကြားဟန်၊ နဂါးမင်း နှင့် ဗုဒ္ဓဘုရား ဖလသမ္မာပတ် ဝင်စားဟန်၊ ကိုးတောင်ပြည့် ကံထူးထွဋ်ခေါင် ရွှေစေတီတော်၊ ကိုးတောင်ပြည့် ပေါင်းလဲ ကိုယ်တော်၊ မိဂဒါဝုန်တော၊ အံသွားတော် ရေကျ၊ အန္တရာယ်ကင်း ပိတ်တွင်းရေကျ၊ စောင်းတန်း ကိုးသွယ်၊ ကျောက်ဆင်း တုထိုင် ကိုယ်တော်၊ ရေစက်ကျ ရပ်တော်မူ၊ နိမိတ်ကြီး လေးပါး၊ ဗောဓိပင်နှင့် ရွှေပလ္လင်၊ မဟာမုနိ ကြေးဆင်းတု တော်ကြီး၊ ကံထူတံခွန် စေတီတော်၊ အောင်ခြင်းရှစ်ပါး၊ ပုပ္ပား တောင်တော်၊ ကျိုက်ထီးရိုး စေတီ၊ နဂါးမင်း မောင်နှမ အခွေထက် မြတ်စွာဘုရား ဖလသမ္မာပတ် ဝင်စားဟန် တို့ကို အဆင့်ဆင့် ဖူးမြော်ရမည် ဖြစ်ပြီး လိုဏ်ဂူတော် ဆုံးခါနီးတွင် သုဒ္ဓါဝါသ ထပ်ဆင့်ဂူတော် တစ်ခုကို ထပ်မံ တွေ့ရပေမည်။ ထို ဂူတော်အတွင်း ၌ ပွင့်တော်မူ ပြီးသော မြတ်စွာဘုရား ရုပ်ပွားတော် များကို သရက်ပင်၊ ပိန္နဲပင်၊ ဗောဓိညောင်ပင် တို့အောက်တွင် သီတင်းသုံး နေသည်ကို ကြည်ညိုဖွယ်ရာ ဖူးတွေ့ရမည် ဖြစ်သည်။

ဂူအဆုံးနားတွင်ရှိသော သုဒ္ဓါဝါသ ထပ်ဆင့်ဂူသည် ဂူထဲကဂူဟုပင် ဆိုရမည်ကဲ့သို့ အထက်သို့ လှေကားမှ တတ်ရောက်ကြည့်ရှုရပါသည်။

ထို့ပြင် ထိုဒေသသည် ပိတ်ချင်းမြောင်၊ ၀က်လူးမြောင်၊ တရော်မြောင်ဟူ၍ မြောင်သုံးမြောင်၊
ရေလမ်းတောင်၊ ၀ါးမျှင်တောင်၊ တောင်ချောင်းတောင် ဟူ၍တောင်သုံးလုံး၊
သုံးဆင့်ရေတံခွန်၊ငါးတွင်းကြီးရေတံခွန် ရေသရောက်ရေတံခွန်ဟူ၍ ရေတံခွန်သုံးခု၊
ဂဲလောင်းချောင်း၊ ပိတ်ချင်းချောင်း၊ ငုတ်တွင်းချောင်းဟူ၍ ချောင်းသုံချောင်း၊
ငါးတွင်းကြီး၊ ငါးတွင်းလေး၊ စနိတ်တွင်းဟူ၍တွင်းသုံးတွင်း၊
နှစ်ထပ်ဂူ၊ ပိတ်ချင်းဂူ၊ကျားပါးစပ်ဂူဟူ၍ဂူသုံးလုံး၊
နတ်ကမ်းပါးချောက်၊ ကျိုက်ထီးရိုးချောက်၊ ရေသရောက်ဟူ၍ ချောက်သုံးချောက် စသည်တို့ဖြင့် သုံးမျိုးသုံးသဘာဝအသွင်အမျိုးမျိုးစုစည်းပေါင်းဆုံရာမြေဖြစ်ကြောင်း မှတ်သားဖူးပါသည်။

ထို့ပြင် ဗုဒ္ဓဘုရားရှင် ကိုယ်တိုင် ကြွချီတော် မူလာဖူးပြီး သာသနာထွန်းကားမည့်ဒေသအဖြစ် ဗျာဓိတ်ထားခဲ့ကြောင်း ဆိုကြပါသည်။ အမှန်ပင် ယခုအချိန်တွင် သာသနာရောင်ဝါထွန်းလင်း နေသည့် သာသနာ့မြေအဖြစ် တွေ့မြင်ရပါသည်။
ထို့ပြင် အနီးအနားတွင်ရှိသော နှစ်ထပ်ဂူ နှင့် သုံးဆင့်ရေတံခွန်ကဲ့သို့ သဘာဝ အလှအပများ ကိုလည်းခံစားရမည့် နေရာပင်ဖြစ်ပါသည်။

ပိတ်ချင်းမြောင်ဒေသ၏ ထူးခြားချက်မှာ ရိုးရိုးအပန်းဖြေခရီးတစ်ခုပင် မဟုတ်ပဲ များပြားသပ္ပါယ်လှစွာသော ဘုရား ၊ စေတီ ၊ ပုထိုးများကိုလည်း ဖူးမျှော်ရမည့် ခရီးတစ်ခုပင် ဖြစ်ပါသည်။ လေ့လာစရာ သဘာဝ လှိုဏ်ဂူကြီးနှင့် ဖူးမျှော်စရာ စေတီ၊ဘုရားများတင်မက အပန်းဖြေစရာ သဘာဝ စိမ့်စမ်း ၊ ရေတံခွန်များကိုပါ တစ်ပေါင်းတည်း ခံစားနိုင်မည့် ခရီးစဉ်တစ်ခုပါ။ အခြားသော ရေတံခွန် ၊ လှိုဏ်ဂူတို့နှင့် အဓိက ကွာခြားချက်တစ်ခုဟု မှတ်ထင်မိပါသည်။ သူငယ်ချင်းတို့လည်းသွားရောက် လိုက်ကြပါအုံးဟု နေခရမ်းမှ တိုက်တွန်းလိုက်ပါတယ်။
Aug 25, 2015 မှ ပိုစ့်အား ပြန်လည်ပြင်ဆင်တင်ပြ ထားပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။