လူသားများတည်ဆောက်ထားပြီး မှတ်တမ်းတင်ထားခဲ့ကြသည့် ရှေးဟောင်း ကမ္ဘာ့အံ့ဖွယ်(၇)ခု
ကိုပါ။ဒီအံ့ဖွယ်စာရင်းကို မှတ်တမ်းတင်ထားခဲ့ကြသူများမှာသမိုင်းပညာရှင်တစ်ဦးဖြစ်သူ
ဟီရိုဒိုးတပ်(စ်) Herodotus ဘီစီ(၄၈၄-၄၅၂) နှင့် တက္ကသိုလ်ကျောင်းသား Callimachus
ဘီစီ(၃၀၅-၂၄၀) တို့ အလက်ဇန်းဒီးယား(Alexandria) ပြတိုက်၌ စုစည်းမှတ်တမ်းတင်ခဲ့
သည်ဟု ဆိုပါသည်။

ခရစ်နှစ်မပေါ်မှီ ဘီစီ ခေတ်ကတည်းမှတ်တမ်းတင်ခဲ့သော
အံ့ဖွယ်အဆောက်အဦးများ ဖြစ်သဖြင့် ယခုခေတ်တွင် အီဂျစ်နိုင်ငံရှိ ဂီဇာပိရမစ်ကြီး
တစ်ခုမှလွဲ၍ ကျန်သည့်အဆောက်အဦများကို မတွေ့နိုင်တော့ပါ။နှစ်ကာလကြာမြင့်နေသဖြင့်
ပျက်စီးပြိုလဲ ပျောက်ကွယ်သလောက်ဖြစ်ကုန်ကြပါသည်။ သို့သော် ရှေးဟောင်းပညာရှင်များ
ပြန်လည်တူးဖော်မှုကြောင့် အုတ်ရိုးများ ၊ အဆောက်အဦအပျက်အစီး များကို ပြန်လည်တွေ့
မြင်နေရပါပြီ။အခု ရှေးဟောင်းကမ္ဘာ့အံ့ဖွယ်ခုနှစ်ပါး အကြောင်းကို ကြည့်လိုက်ရအောင်နော်…
(၁) ဂီဇာ ပိရမစ်ကြီး(Great Pyramid of Giza)

ယခုအချိန်အထိ အကောင်းအတိုင်းနီးပါးကျန်ရှိနေသည့် ပိရမစ်ကြီး ဖြစ်ပါသည်။
အီဂျစ်နိုင်ငံ ကိုင်ရိုမြို့အနားတွင် တွင်တည်ရှိပြီး အဝေးမှပင် ထီးထီးကြီးမြင်တွေ့နိုင်သော
အဆောက်အဦကြီးဖြစ်ပါသည်။ ဂီဇာအရပ်တွင် ရှိသော ပိရမစ်သုံးခုတွင် အကြီးဆုံးဖြစ်
ပါသည်။ ထိုပိရမစ်ကြီးအား အီဂျစ်ဖာရို ဘုရင် ခူဖူး(Khufu) သည် သူ၏သင်္ချိုင်းဂူအဖြစ်
BC ၂၅၆၀ တင် တည်ဆောက်ခဲ့ပါသည်။ စတင်တည်ဆောက်ချိန်တွင် အမြင့်အားဖြင့်
ပေပေါင်း ၄၈၀ ခန့်ရှိသော်လည်း ယခုအခါ ရာသီဥတုဒဏ်များကြောင့် အနည်းငယ် နိမ့်ကျ
ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပါသည်။တည်ဆောက်ချိန်မှစပြီးနှစ်ပေါင်း ၄၀၀၀ ကျော်လောက်အထိ
လူသားတို့ဖန်တီးသော ကမ္ဘာ့အမြင့်ဆုံးအဆောက်အဦ အဖြစ် မှတ်တမ်းတင်ခြင်းလည်း
ခံခဲ့ရပါသည်။ ခေတ်သစ် ကမ္ဘာ့အံ့ဖွယ် စာရင်းတွင်တော့ အင်တာနက်မဲစနစ်ဖြင့်
မှတ်တမ်းတင်ကြခြင်းဖြစ်သဖြင့် နောက်ဆုံးအဆင့်တွင် ကပ်ပြီးပြုတ်ခဲ့ပါသည်။

ဒါလည်းအီဂျစ်အစိုးရ ကိုယ်တိုင်က အင်တာနက်မှ မဲ ပေးရွေးချယ်ခြင်းကို မလိုလား
မလုပ်သင့်ဟု ထင်သဖြင့် တားမြစ်မှုများရှိခဲ့သည်ဟု ဆိုပါသည်။ လူအများကတော့
ယခုလက်ရှိ ခေတ်သစ်ကမ္ဘာ့အံ့ဖွယ် (၇)ပါးစာရင်းတွင် ဂီဇာ ပိရမစ်ကြီးလည်း
ပါဝင်သည် ဟု မှတ်ယူ ထင်နေကြတုံးပါ။
(၂) ဘေဘီလုံမှ မိုးပျံဥယျာဉ်(Hanging Gardens of Babylon)

ယခုအချိန်တွင် မတွေ့ရှိနိုင်တော့သည် ဥယျာဉ်တစ်ခုဖြစ်ပါသည်။ တည်နေရာသည်
ယခု အီရတ်နိုင်ငံ ယူဖရေးတီး မြစ်ကမ်းပါးတွင် ရှိသည်ဟု ဆိုကြသော်လည်း အချို့
သော သမိုင်းပညာရှင်များကတော့ ထိုနေရာမှာ မဟုတ်ဟု အငြင်းပွားမှုများလည်း
ရှိကြပါသည်။ ဘေဘီလွန်းနီးယန်းဘုရင် Nebuchadnezzar II သည် သူ၏နန်းတော်အတွင်းတွင်
BC ၆၀၀ ခန့်က သူ့မိဖုရားအတွက် တည်ဆောက်ပေးခဲ့သည် ဟုဆိုကြပါသည်။ မိဖုရားသည်
စိမ်းလန်းသော နယ်မြေဒေသမှလာသူဖြစ်၍ သူ၏နယ်မြေကိုလွမ်းဆွတ်နေသောကြောင့်ဘုရင်က
တည်ဆောက်ပေးခဲ့ခြင်းဖြစ်သည်ဟု ပြောကြသည်။ ဘေဘီလုံမိုးပျံဥယျာဉ်နှင့် ပတ်သတ်သော
အသေးစိတ်အချက်အလက်များသည် ဂရိရာဇဝင်များ၌သာ အများဆုံး တွေ့ရသည်။
ဘေဘီလုံမှတ်တမ်းများတွင်မူ မည့်သည့်အသေးစိတ်မှတ်တမ်းမှ မတွေ့ရှိရပေ။
တွေ့ရှိရသော တစ်ချို့မှတ်တမ်းများ အဆိုအရ စိမ်းလန်းစိုပြေပြီး အံ့သြဖွယ်ကောင်းသော
ဥယျာဉ်တစ်ခုဖြစ်ကြောင်း ဆိုကြပါသည်။
(၃) Ephesus ရှိ အာသီးမိ(စ) နတ်ဘုရားကျောင်း (Temple of Artemis at Ephesus)

ယခုအခါ တူရကီနယ်ထဲတွင် တည်ရှိပြီး BC ၅၅၀ ခန့်က ဂရိနတ်ဘုရားမ အာသီးမိ(စ်)
(Artemis)အား ပူဇော်ရန် ရည်ရွယ်တည်ဆောက်ခဲ့သော အဆောက်အဦကြီး ဖြစ်ပါသည်။
ပေ ၆၀ မြင့်သော တိုင်လုံးပေါင်း ၁၂၀ ဖြင့် အခိုင်အမာတည်ဆောက်ထားပြီး
အနုပညာကျောက်ဆစ်လက်ရာ အနုအရွများဖြင့် တန်ဆာဆင်ထားသော အဆောက်အဦးဟု
ဆိုကြပါသည်။ ထိုအနုပညာလက်ရာများတွင် အမေဇုံစစ်သည်များ၏ ကြေးရုပ်တုများလည်း
ပါဝင်သည်ဟု ဆိုကြသည်။ အမေဇုံစစ်သည်များသည် ဒဏ္ဍာရီဆန်သော အမျိုးသမီးစစ်သည်များကို
ဆိုလိုသည်။ Herostratus ဆိုသောလူတစ်ယောက်မှ နာမည်ကြီးလိုသောကြောင့် ၃၅၆ ဘီစီတွင်
ဘုရားကျောင်းအားမီးရှို့ဖျက်စီး ခဲ့သည်ဟုဆိုသည်။ ပြန်လည်တည်ဆောက်ခဲ့ပြီးနောက် အေဒီ ၂၆၂
တွင်ဂေါ့(သ်)(Goths) မျိုးနွယ်များ၏ ဖျက်စီးမူ့ ကိုခံခဲ့ရပြီး အေဒီ ၄၀၁ တွင်
ကွန်စတန်တီနိုပယ်(Constantinople) သာသနာပိုင်Saint John Chrysostom ၏အမိန့် ဖြင့်
ခရစ်ယာန်များ၏ ဖျက်စီးခြင်းကိုခံခဲ့ရသည်။ ယခုအခါ ဘုရားကျောင်းပြန်လည်တူးဖေါ်ရေး
ဖောင်ဒေးရှင်း များဖွဲ့၍ပြန်လည်တူးဖေါ်ခြင်းများပြုလုပ်နေပါသည်။
(၄) အိုလံပီယာရှိ ဇု(ရပ်)နတ်ဘုရားရုပ်တု(Statue of Zeus at Olympia)

ဂရိနတ်ဘုရားတို့၏ ဘုရင် ဇု(ရပ်စ်) (Zeus) ၏ ကြီးမားသော ရွှေချထားသည့်ရုပ်တုကြီးအား
ရှေးဟောင်းအိုလံပစ် ပြိုင်ပွဲများကျင်းပရာဒေသတွင် တည်ဆောက်ခဲ့ကြသည်။
ထိုနေရာနေသည် အိုလံပီယာမြို့တည်ရှိခဲ့သော ရှေးဟောင်း မြို့တော်နေရာတွင်တည် ရှိသည်။
ရုပ်တုကြီးကို ဘီစီ ၄၃၂ ခုနှစ်တွင် တော်ဝင် ပန်းပုထုပညာရှင် ဖိုင်ဒီးရပ်(စ်) Phidias က
အပြီးအစီးထုလုပ်ခဲ့သည်။ ကျောက်စီထားသောရာဇနှင်တံကိုလက်တစ်ဖက်က ကိုင်၍
ပလ္လင်ပေါ်တွင်ထိုင်ကာ တစ်မြို့လုံးကိုမိုးကြည့်နေဟန် ထုလုပ်ခဲ့ခြင်းဖြစ်သည်။
အမြင့်ပေ ၄၀ ခန့်မြင့်ကာ လက်တစ်ဖက်တွင် ရာဇနှင်တံကို ကိုင်ထားပြီး နောက်လက်တစ်ဖက်
ပေါ်တွင် အောင်မြင်ခြင်းကို ကိုယ်စားပြုသော နတ်ဘုရားမရုပ်တုကို တင်ထားသည်။
အဆိုပါ ရုပ်တုနှင့် နှင်တံများကို ဆင်စွယ်နှင့် အခြားအဖိုးတန်သတ္တုများဖြင့် ပြုလုပ်ထားသည်။
အေဒီ ၃၉၁ တွင် ခရစ်ယာန်ဘာသာသည် ရောမအင်ပါယာ၏ တရားဝင်ဘာသာဖြစ်လာပြီးနောက်ပိုင်း
နတ်ဘုရားများ ကိုးကွယ်ခြင်းကို ပိတ်ပင်တားစီးခဲ့သောကြောင့် ရုပ်တုရှိရာ ဘုရားကျောင်းကိုလည်း
ပိတ်ပစ်လိုက်ရသည်။ ဘုရားကျောင်းနှင့်တကွရုပ်တုပါ ဖျက်စီးခံခဲ့ရသည်၊
ကွန်စတန်တီနိုပယ်(Constantinople) ယခု တူရကီနိုင်ငံ အစ္စတန်ဘူလ်(Istanbul) သို့ရုပ်တုကို
သီးသန့်ယူသွား၍ မီးရှို့ဖျက်စီးခဲ့ကြသည်ဟု သမိုင်းပညာရှင်များ အမျိုးမျိုးအငြင်းပွားခဲ့ကြသည်။
(၅) Maussollos ၏ င်္သချိုင်းဂူအဆောက်အဦး (Mausoleum of Maussollos at Halicarnassus)

Halicarnassus အရပ် (ယခုခေတ်တူရကီနိုင်ငံ အနောက်မြောက်ပိုင်းဒေသ) ရှိ ထင်ရှားသော
င်္သချိုင်းဂူမှာ ဘီစီ ၃၇၀ နှင့်၃၅၀ ကြားတွင် ဘုရင် Maussollos အတွက်တည်ဆောက်ခဲ့ကြခြင်းဖြစ်သည်။
ဒဏ္ဍာရီဇာတ်လမ်းများ အရ ဘုရင် Maussollos က သူ၏မိဖုရား Artemisia II မှ သူနှင့် သူတို့၏
အချစ်အား သတိရနေစေရန်တည်ဆောက် ခဲ့ခြင်းဖြစ်သည်ဟု ပြောကြသည်။ Maussollos သည်
ပါရှန်းအင်ပါယာမှ အုပ်ချုပ်သူတစ်ယောက်ဖြစ်ပြီး သူ၏ ကျော်ကြားသောသင်္ချိုင်းဂူမှတဆင့်
Mausoleum(သင်္ချိုင်းဂူ) ဟူသောစကားလုံးဆင်းသက်လာခဲ့သည်။ ဂူအဆောက်အဦးမှာ
ပေ ၁၂၀ ရှည်လျားပြီး ပေ၁၄၀ မြင့်သည်။ သင်္ချိုင်းဂူသည် လှပသော ဗိသုကာလက်ရာများကြောင့်
အလွန်ပင်ထင်ရှားသည်။ အလယ်တွင် ရွှေချထားသော ခေါင်းတလားမြုပ်နှံထားသောအခန်းရှိပြီး
ပန်းကနုတ်များ၊ ပန်းဆွဲများဖြင့် နံရံများတွင် ခြယ်သထားသည်။ ထိုဂူ အဆောက်အဦအား
ဂရိဗိသုကာ လေးယောက်မှတည်ဆောက်ပေးခဲ့ကြခြင်းဖြစ်သည်။ ဂူအဆောက်အဦသည်
၁၅ ရာစုအစောပိုင်းထိ တည်ရှိနေခဲ့သော်လည်း ခရစ်ယာန် ခရူးဆိတ် စစ်သည်များမှ
ရဲတိုက်သစ်ဆောက်လုပ်ရန်အတွက် လိုအပ်သောပစ္စည်းများ ယူရာမှ ပျက်စီးခဲ့ရသည်။
မပျက်စီးပဲကျန်ရစ်ခဲ့ သော ကနုတ်ပန်းနှင့် အလှတန်ဆာ တစ်ချို့အား ယခုအခါ လန်ဒန် ရှိ
ဗြိတိသျှပြတိုက်တွင် တွေ့ရှိနိုင်သည်။
(၆) ရိုဒတ်(စ်)၏ကျောက်ရုပ်တုကြီး (Colossus of Rhodes)

ဘီစီ ၂၈၂ တွင်တည်ဆောက်ပြီးစီးကာ ၁၂ နှစ်ကြာမျှ အချိန်ယူတည်ဆောက်ခဲ့ရသော
ကျောက်ရုပ်တုကြီးသည် ၅၆ နှစ်အကြာတွင် ငလျင်ဒဏ်ကြောင့် ဒူးခေါင်းနေရာထိ
ပြိုကျပျက်စီးခဲ့သောကြောင့် ရှေးဟောင်းအံ့ဖွယ်ခုနစ်ပါး တွင် သက်တမ်းအနည်းဆုံး
အဖြစ်တည်ရှိခဲ့သော ကျောက်ရုပ်တုကြီးဖြစ်သည်။ ကျွန်းစောင့်နတ်ဘုရားဖြစ်သော
ဂရိနေနတ်ဘုရား Helios အားကိုယ်စားပြုတည်ဆောက်ထားသော ထိုရုပ်တုကြီးသည်
ကျောက်တုံး၊သံသတ္တုများ ဖြင့်ဖွဲ့စည်းထားပြီး အပြင်ဘက်ပိုင်းအား ကြေးဝါသတ္တုဖြင့်
ဖုံးလွှမ်းထားသည်။ ကျောက်ရုပ်တုကြီးသည် ပေပေါင်း ၁၁၀ ခန့်မြင့်သောကြောင့်
ရှေးဟောင်းရုပ်တုများအနက် အမြင့်ဆုံးရုပ်တုကြီး ဟုခေါ်ဆိုနိုင်ပေသည်။
မက်စီဒိုးနီးယား (Macedonia) သြဇာအာဏာကို တွန်းလှန်နိုင်ခဲ့သော မြို့ပြနိုင်ငံသုံးခု၏
ပေါင်းစည်းခြင်းအထိမ်းအမှတ်အဖြစ် တည်ဆောက်ခဲ့ကြခြင်းဖြစ်သည်။
(၇) အလက်ဇန်းဒီးယားမြို့ မီးပြတိုက် (Lighthouse of Alexandria)

ထိုမီးပြတိုက်သည် ရှေးဟောင်းကမ္ဘာမှအံ့ဖွယ်ခုနစ်ပါးတွင် လက်တွေ့အသုံးကျသည့်
တစ်ခုတည်းသောအဆောက် အဦဖြစ်သည်။ အီဂျစ်ဆိပ်ကမ်းမြို့တော် အလက်ဇန်းဒီးယားတွင်
အချက်ပြမီးရောင်အဖြစ် သဘောင်္များအတွက် အန္တရာယ်ကင်းစေရန် နှစ်ပေါင်းများစွာ
တာဝန်ထမ်းဆောင်ခဲ့သည်။ ဖာရိုး(စ်) (Pharos) ကျွန်းငယ်လေးပေါ်တွင် ဘီစီ ၂၈၅မှ ၂၄၇
အတွင်းတည်ဆောက်ခဲ့သော ထိုအဆောက်အဦသည် ကမ္ဘာ့အမြင့်ဆုံးအဆောက်အဦ
အဖြစ်နှစ်ပေါင်းများစွာ မှတ်တမ်းဝင်ခဲ့သည်။ ခန့်မှန်းချေအားဖြင့်ပေပေါင်း ၃၈၄ပေ နီးပါးရှိသော
ထိုအဆောက်အဦးသည် ယခုခေတ်နှင့်ဆိုလျင် အထပ်၄၀ ခန့်ရှိသော
အဆောက်အဦးတစ်လုံးနီးပါးရှိသည်။ မီးပြတိုက်အား ညအခါတွင် မီးထွန်းထားပြီး၊
နေ့အခါတွင် ပြောင်လက်နေသော ကြေးဝါပြားများမှတစ်ဆင့် နေရောင် ပြန်စေပြီး
သဘောင်္များအား လမ်းပြကူညီခဲ့သည်။ ထိုမီးပြတိုက်မှ ထွက်သောအလင်းရောင်အား
ပတ်ဝန်းကျင် ၃၅ မိုင်အကွာအဝေးမှ မြင်ရသည်ဟုဆိုကြသည်။ အဆိုပါ ကြီးမားသော
မျှော်စင်မီးပြတိုက်ကြီးသည် အေဒီ ၁၃၀၃ နှင့် ၁၃၂၃ တို့တွင် လှုပ်ခတ်ခဲ့သော ငလျင်ကြီးများ
ကြောင့် ပျက်စီးခဲ့ရသည်။ မပျက်စီးခင် နှစ်ပေါင်း ၁၅၀၀ ကျော်နီးပါးလုံးတွင် မက်ဒီတာရီယန်
ကမ်းခြေမှအလင်းရောင် ကြီးအဖြစ် သဘောင်္များအားကူညီပေးခဲ့သည်။
နောက်ထပ်အပိုင်းတွင် ခေတ်သစ် ကမ္ဘာ့အံ့ဖွယ် (၇) ပါးအကြောင်းကို ဆက်လက်
တင်ပြပေးပါမည်။
7/6/2012
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။