အဖွဲ့အစည်းမှ ဖောင်းဒေးရှင်းကို တည်ထောင်ပြီး ကမ္ဘာ့နေရာဒေသ အသီးသီးမှ
ပြည်သူများအား အင်တာနက် ၊ တယ်လီဖုန်းစသည်တို့မှ တဆင့်မဲပေးရွေးချယ်
ခဲ့ခြင်းဖြစ်ပါသည်။ ကမ္ဘာပေါ်တွင်မူလအတိုင်းနီးပါး ကျန်ရှိနေခဲ့သော
အထိမ်းအမှတ် အဆောက်အဦးပေါင်း ၂၀၀ ကို စာရင်းပြုစုပြီး ရွေးချယ်ခိုင်းခြင်း
ဖြစ်ပါသည်။ရွေးချယ်ထားသောအထိမ်းအမှတ် ၂၀၀ မှနောက်ဆုံးဆန်ကာတင် ၂၁ ခုအား
၂၀၀၆ ခုနှစ် ဇန်န၀ါရီလ ၁ရက်နေ့တွင် ထုတ်ပြန်ကြေငြာခဲ့သည်။
ပေါ်တူဂီနိုင်ငံ၊လစ္စဘွန်းမြို့ရှိ ဘင်ဖီကာ အားကစားကွင်း တွင် နောက်ဆုံးရွေးချယ်ခဲ့သော အံ့ဖွယ်ခုနစ်ပါးအား အခမ်းအနားဖြင့်ကြေငြာခဲ့ခြင်း ဖြစ်ပါသည်။

new7wonders.com Website ကိုလည်းဖွင့်လှစ်ပေးထားပြီး
ဝင်ရောက်ကြည့်ရှု့နိုင်အောင် စီမံပေးခဲ့ပါသည်။
ယနေ့ခေတ်သစ် ကမ္ဘာ့အံ့ဖွယ်(၇)ပါး စာရင်းကို ကြည့်လိုက်ရအောင်နော်…
(၁)ဘရာဇီးနိုင်ငံမှ ခရစ်တော်၏ ရုပ်တုကြီး
Christ Redeemer: Rio de Janeiro, Brazil

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရို မြို့ အနီးအနားရှိ Corcovado တောင် ၏ ထိပ်တွင် တည်ရှိသော
ကမ္ဘာကျော် ခရစ်တော်ရုပ်တုကြီး ဖြစ်ပါသည်။ အောက်ခံခုံ အပါအ၀င်
အမြင့် 38 meters ( ၁၂၄ ပေ ) အထိ မြင့်ပါသည်။ လက်နှစ်ဘက် ဆန့်တန်းထားသော
ပုံစံဖြစ်ပြီး လက်နှစ်ဖက်ထိပ် အကျယ်မှာ 28 metres ( ၉၂ ပေ ) ရှိပါသည်။
အလေးချိန်အားဖြင့် ၆၃၅ မက်ထရစ်တန် လေးပြီး ပေ ၂၃၀၀ မြင့်သော Corcovado တောင်ပေါ်မှ
ရီယိုဒီဂျနေရို မြို့ကို အပေါ်စီးမှ ကြည့်ရှု့နေသလို တည်ဆောက်ထားခြင်းဖြစ်ပါသည်။
၁၉၂၂ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၉၃၁ ခုနှစ်တွင် ပြီးစီးခဲ့ပါသည်။
ယခုအချိန်တွင်တော့ ကမ္ဘာလှည့်ခရီးသွားများ နှစ်စဉ် များပြားစွာ သွားရောက်
လည်ပတ်တတ်သည့် နေရာတစ်ခု ဖြစ်ပါသည်။
(၂)တရုတ်နိုင်ငံမှ မဟာတံတိုင်းကြီး
Great Wall of China: China

တရုတ်ပြည်မြောက်ပိုင်း မှ ကမ္ဘာကျော် မဟာတံတိုင်းကြီး ( Great Wall ) သည်လည်း
မဲပေးရွေးချယ်မှုအရ ခေတ်သစ်ကမ္ဘာ၏ အံ့ဖွယ် (၇) ပါးတွင် ပါဝင်လာခဲ့ ပါသည်။
လူသားတို့ ဖန်တီး တည်ဆောက်ခဲ့သော အဆောက်အဦ များတွင် အရှည်လျားဆုံး
အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါသည်။ ဘီစီ ၇ ရာစုခန့်မှ အေဒီ ၁၆ ရာစုအထိ အဆင့်ဆင့်
ပြုပြင်တည်ဆောက်ခဲ့သော မဟာတံတိုင်းကြီးသည် ပြည်ပကျူးကျော်ရန်များမှ
ကာကွယ်ရန်ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။
အဓိက အပိုင်းများကို တည်ဆောက်ခဲ့သူမှာ တရုတ်ပြည်၏ ပထမဆုံး အင်ပိုင်ယာ
ဧကရာဇ် တစ်ဦးဖြစ်သူ ရှီဟွမ်တီ (220–206 BC) ဖြစ်ပါသည်။ဆက်စပ် အပိုင်းများ
အပါအ၀င် စုစုပေါင်း 21,196 km (13,171 မိုင် ) ရှည်လျား ကျယ်ဝန်းပါသည်။
ယခုအခါ ယူနက်စကို ၏ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်ဒေသ အဖြစ်
သတ်မှတ်ထားခဲ့ပြီး နှစ်စဉ် ခရီးသွားဧည့်သည်များ သွားရောက်လည်ပတ်ရာ
နေရာ တစ်ခုဖြစ်ပါသည်။
(၃)ပီရူးနိုင်ငံမှ အင်ကာမြို့ဟောင်း မာချူပီချူး
Machu Picchu: Peru

၁၅ ရာစုတွင် ထိုရှေးဟောင်း Machu Picchu (“old mountain”) မြို့ကို ပင်လယ်ရေမျက်နှာပြင်
အထက် ပေ ၇၉၇၀ မြင့်သော တောင်ပေါ်တွင် တည်ဆောက်ခဲ့ပါသည်။ယခုအခါ
ပီရူး နိုင်ငံတွင် တည်ရှိပါသည်။ အင်ကာ လူမျိုးစုများ၏ အင်ပါယာမြို့တော်ဖြစ်ပါသည်။
ရှေးဟောင်းသုတေသီ သမိုင်းပညာရှင် အများစုကတော့
ထိုမြို့တော်ကို အင်ကာ အင်ပါယာဘုရင် Pachacuti (1438–1472) မှ တည်ဆောက်ခဲ့သည်ဟု
ယုံကြည်ကြပါသည်။ စပိန်လူမျိုးများ၏ ၀င်ရောက်ကျူးကျော် တိုက်ခိုက်ခြင်းကို ခံယူရပြီးနောက်
ပျက်စီးပျောက်ကွယ်ခဲ့ရပြီး နောင်နှစ်ပေါင်း ၃၀၀ လောက်အထိ ပျောက်ဆုံးနေသော
ဒဏ္ဍာရီမြို့အဖြစ် ကျော်ကြားခဲ့ပါသည်။ ၁၉၁၁ ခုနှစ်တွင် Hiram Bingham မှ ပြန်လည်ရှာဖွေ
ဖော်ထုတ်ခဲ့ပါသည်။ ၁၉၈၃ တွင် ယူနက်စကို၏ ကမ္ဘာယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်
ဒေသ အဖြစ်သက်မှတ်ခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် ကမ္ဘာတစ်ဝှမ်းလုံး အင်တာနက်မဲပေး
ရွေးချယ်မှုကြောင့် ခေတ်သစ် ကမ္ဘာ့အံ့ဖွယ် (၇) ခု စာရင်းဝင် ဖြစ်လာပါသည်။
(၄)ဂျော်ဒန်နိုင်ငံမှ ပီထရာမြို့ဟောင်း
Petra: Jordan

ယခုဂျော်ဒန်နိုင်ငံတွင်တည်ရှိသော ပီထရာမြို့ဟောင်းမှာ အာရေဗီယံသဲကန္တာရ အစွန်းတွင်တည်ရှိပြီး နာဘေတီယန်(Nabataean) နိုင်ငံတော်၏ ဘုရင်စတုတ္တမြောက် အာရီတတ်(စ)(Aretas)
(ဘီစီ၉-အေဒီ၄၀) လက်ထပ်တွင် အဓိက မြို့တော်ဖြစ်ခဲ့သည်။ မူလက ပီထရာမြို့ဟောင်းကို အနောက်နိုင်ငံများမှ မသိရှိကြပဲ ဆွစ်ရှာဖွေလေ့လာသူJohann Ludwig Burckhardt က
၁၈၁၂ ခုနစ် တွင်တွေ့ရှိရာမှ လူသိများလာသည်။ မြို့တော်ကို တည်ဆောက်ထားသော
ကျောက်တုံးများအရောင်ကြောင့် နှင်းဆီနီမြို့တော် ဟုလည်းခေါ်တွင် တတ်ကြပါသည်။
ပီထရာမြို့ဟောင်းထင်ရှားရခြင်းမှာ ၁၃၂ ပေမြင့်သော အနီရောင်ကျောက်ထွင်းဘုရားကျောင်းနှင့်
တကွ လှပသော ကျောက်တုံး အဆောက်အဦးများကြောင့်ဖြစ်သည်။
ထိုမြို့တော်ဟောင်းတွင် ဥမင်များ၊ ရေချိုးခန်းများနှင့်တကွ လူလေးထောင်ခန့် ဆန့်သော
လူထုစည်းဝေးရာခန်းမတစ်ခုရှိသည်။ ၁၉၈၅ ခုတွင် ယူနက်စကို၏ ကမ္ဘာ့ယဉ်ကျေးမှု
အမွေအနှစ်စာရင်းဝင်ဒေသ အဖြစ်သက်မှတ်ခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် ခေတ်သစ် ကမ္ဘာ့
အံ့ဖွယ် (၇) ခုတွင် ပါဝင်လာပါသည်။
(၅)မက္ကဆီကိုနိုင်ငံမှ မာယာမြို့တော်ဟောင်း ပိရမစ်ကြီး
Pyramid at Chichén Itzá: Yucatan Peninsula, Mexico

Chichén Itzá မြို့ဟောင်းသည် အကျော်ကြားဆုံးသော မာယာ ယဉ်ကျေးမှု ဘုရားကျောင်း
မြို့တစ်မြို့ဖြစ်ပါသည်။ထိုမြို့သည် မာယာလူမျိုးများ၏ နိုင်ငံရေး ၊ စီးပွားရေး နှင့်
ယဉ်ကျေးမှုဆိုင်ရာ တိုးတတ်မြင့်မားခြင်းကို ထင်ဟပ်ပေါ်လွင်စေပါသည်။
ထိုမြို့ဟောင်းတွင် အဆောက်အဦး များစွာရှိပြီး Kukulkan ပိရမစ် ၊ Chac Mool ဘုရားကျောင်း ၊
Thousand Pillars ခန်းမ နှင့် အကျဉ်းသားများ၏ ကစားကွင်းများကို ယနေ့အချိန်အထိ
တွေ့မြင် နိုင်ပါသေးသည်။ အေဒီ ၆၀၀ မှ ၁၂၀၀ အတွင်း အဆင့်ဆင့် တည်ဆောက်
ဖွံ့ဖြိုးခဲ့သော မာယာမြို့ဟောင်းဖြစ်ကြောင်း သတ်မှတ်ကြပါသည်။
မက္ကဆီကို နိုင်ငံတွင် တည်ရှိပါသည်။ မြို့တော်၏အလယ်ဗဟိုတွင် Kukylkan
ပိရမစ်ရှိပြီး အမြင့်ပေပေါင်း ၇၉ ပေမြင့်သည်။ ယူနက်စကို ၏ ကမ္ဘာ့ယဉ်ကျေးမှု
အမွေအနှစ် စာရင်းဝင်ဒေသ တစ်ခုဖြစ်ပါသည်။
(၆)အီတလီနိုင်ငံမှ ရောမခေတ်ကိုလိုစီယမ် အားကစားကွင်းကြီး
Roman Colosseum: Rome, Italy

ထိုအဆောက်အဦကြီးသည် အီတလီပြည်ရောမမြို့ရှိအားကစားကွင်းကြီး ဖြစ်သည်။
ရှေး ရောမတို့၏ ကြီးမားခိုင်ခန့်လှသော အမိုးပွင့် ပွဲကြည့်စင်ဝိုင်းကြီး ဖြစ်ပါသည်။
ထိုအဆောက်အဦကြီးကို အေဒီ ၇၂ ခုနှစ်တွင် ဧကရာဇ် ဗက်စပါစီယန်(Vespasian)
မှစတင်တည်ဆောက်ခဲ့ပါသည်။အေဒီ ၈၀ မှ ပြီးစီးခဲ့ပါသည်။ပျမ်းမျှအားဖြင့်
ပွဲကြည့်ပရိသတ်ပေါင်း ၆၅,၀၀၀ ခန့်အထိ ၀င်ရောက်ကြည့်ရှု့နိုင်ကြောင်း
ခန့်မှန်းကြပါသည်။ ထိုအားကစားကွင်းတွင် တိုက်ခိုက်ပွဲများ၊ တိရစ္ဆာန်များနှင့်
လူများ တိုက်ခိုက်ပွဲများအစရှိသည့် ရက်စက်သောအားကစားပွဲများ အပြင်
ပွဲလမ်းသဘင် များလည်းကျင်းပခဲ့ပါသည်။ နှစ်ပေါင်း ၂၀၀၀ ခန့်ကြာသော
အဆောက်အဦဖြစ်သော်လည်း တည်ဆောက်ထားပုံစနစ်ကျ လှခြင်းကြောင့်
ယခုခေတ် အားကစားကွင်းများ အတွက် အတုယူစရာ အဆောက်အဦတစ်ခု
ဖြစ်ပါသည်။ ထိုနေရာသည် သမိုင်းစာအုပ်များ ၊ ရုပ်ရှင်ဇာတ်လမ်းများတွင်
ပါဝင်ရုံသာမက ကမ္ဘာလှည့်ခရီးသွားများ၏ သွားရောက်လည်ပတ်စရာ
ဒေသတစ်ခု အဖြစ်တည်ရှိနေပါသည်။
(၇)အိန္ဒိယနိုင်ငံမှ တာ့ဂ်ျမဟာ
Taj Mahal: Agra, India

တာ့ဂ်ျမဟာ အဆောက်အဦကြီးသည် အိန္ဒိယနိုင်ငံ အဂ္ဂရာမြို့ရှိ
ဂမ်းမ်နားမြစ်၏ ညာဘက်မြစ်ကမ်းပေါ်တွင် လှပ၀ံ့ထယ်စွာ ဖြင့်
တည်ရှိပါသည်။ တာ့ဂ်ျမဟာကို ဒေလီ၏ ပဉ္စမမြောက်ဧကရာဇ်
ရှားဂျဟန်(1628–1658) က အချစ်ဆုံးမိဖုရားကြီး မွမ်တာ့ဇ်မာဟဲ အတွက်
သင်္ချိုင်းဂူအဖြစ် ၁၆၃၂ ခုနှစ်တွင် စတင်တည်ဆောက်ပေးခဲ့ခြင်းဖြစ်ပါသည်။
၁၆၅၃ ခုနှစ်တွင် မှ အပြည့်အစုံပြီးစီးခဲ့ပါသည်။အလုပ်သမား နှင့်
ပညာရှင်အင်အား နှစ်သောင်းဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
အလယ်မှ စကျင်ကျောက်ဖြူ အဆောက်အဦ၏ အမြင့်သည်
73 metres (240 ပေ) အထိမြင့်ပါသည်။ တန်ဖိုးကြီးမား သော စကျင်ကျောက်များဖြင့်
တည်ဆောက်ထားသော စက်လုံးပုံ င်္သချိုင်းဂူကြီးတွင် လှပသောဥယျာဉ်များ နှင့်
လေးဖက်လေးတန်ထောင့်တစ်ခုစီတွင် ၁၃၇ ပေ မြင့်သော မျှော်စင်တစ်ခုစီ
ပါဝင်ပါသည်။အခြားသော အနုပညာလက်ရာကောင်းများလည်း
ထည့်သွင်းတည်ဆောက်ထားသည့် နှစ်ပေါင်း ၃၀၀ ကျော်ကြာပြီ
ဖြစ်သည့် အဆောက်အဦဖြစ်ပါသည်။၁၉၃၈ ခုနှစ်တွင် ကမ္ဘာ့ယဉ်ကျေးမှု
အမွေအနှစ်စာရင်းဝင် အဖြစ်သက်မှတ်ခံခဲ့ရပြီး နောက် ခေတ်သစ်ကမ္ဘာ့အံ့ဖွယ်
(၇) ခု စာရင်းတွင်ပါ ပါဝင်လာခဲ့ပါသည်။
ခေတ်သစ်ကမ္ဘာ့အံ့ဖွယ်(၇) ပါးတွင် နောက်ဆုံးအချိန်ကျမှ မပါဝင်တော့ပဲ
ကပ်ကျန်နေသော ဂီဇာပိရမစ်အကြောင်းကို ဆက်လက်တင်ပေးချင်ပါသည်။
တစ်ချို့သော Website များတွင် ဂီဇာပိရမစ်ကြီးသည် ခေတ်သစ်ကမ္ဘာ့အံ့ဖွယ်(၇) ပါးတွင်
ပါဝင်သည်ဟု ဖော်ပြနေကြပါသဖြင့် သီးခြားထပ်တင်ပေးခြင်းပါ။
နေခရမ်းကတော့ တရားဝင်စာရင်းကောက်ယူ မှတ်တမ်းတင်သော
New Open World Corporation (NOWC) ၏စာရင်းကိုသာ တင်ပြပေးခြင်းပါ။
ဂီဇာပိရမစ်ကြီးသည် ရှေးခေတ် ကမ္ဘာ့အံ့ဖွယ်(၇) ပါးတွင်တော့ ထိပ်ဆုံးမှ ပါဝင်ပါသည်။
ဂီဇာ ပိရမစ်ကြီး(Great Pyramid of Giza)

ယခုအချိန်အထိ အကောင်းအတိုင်းနီးပါးကျန်ရှိနေသည့် ပိရမစ်ကြီး ဖြစ်ပါသည်။
အီဂျစ်နိုင်ငံ ကိုင်ရိုမြို့အနားတွင် တွင်တည်ရှိပြီး အဝေးမှပင် ထီးထီးကြီးမြင်တွေ့နိုင်သော
အဆောက်အဦကြီးဖြစ်ပါသည်။ ဂီဇာအရပ်တွင် ရှိသော ပိရမစ်သုံးခုတွင် အကြီးဆုံးဖြစ်
ပါသည်။ ထိုပိရမစ်ကြီးအား အီဂျစ်ဖာရို ဘုရင် ခူဖူး(Khufu) သည် သူ၏သင်္ချိုင်းဂူအဖြစ်
BC ၂၅၆၀ တင် တည်ဆောက်ခဲ့ပါသည်။ စတင်တည်ဆောက်ချိန်တွင် အမြင့်အားဖြင့်
ပေပေါင်း ၄၈၀ ခန့်ရှိသော်လည်း ယခုအခါ ရာသီဥတုဒဏ်များကြောင့် အနည်းငယ် နိမ့်ကျ
ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပါသည်။တည်ဆောက်ချိန်မှစပြီးနှစ်ပေါင်း ၄၀၀၀ ကျော်လောက်အထိ
လူသားတို့ဖန်တီးသော ကမ္ဘာ့အမြင့်ဆုံးအဆောက်အဦ အဖြစ် မှတ်တမ်းတင်ခြင်းလည်း
ခံခဲ့ရပါသည်။ ခေတ်သစ် ကမ္ဘာ့အံ့ဖွယ် စာရင်းတွင်တော့ အင်တာနက်မဲစနစ်ဖြင့်
မှတ်တမ်းတင်ကြခြင်းဖြစ်သဖြင့် နောက်ဆုံးအဆင့်တွင် ကပ်ပြီးပြုတ်ခဲ့ပါသည်။
ဒါလည်းအီဂျစ်အစိုးရ ကိုယ်တိုင်က အင်တာနက်မှ မဲ ပေးရွေးချယ်ခြင်းကို မလိုလား
မလုပ်သင့်ဟု ထင်သဖြင့် တားမြစ်မှုများရှိခဲ့သည်ဟု ဆိုပါသည်။ လူအများကတော့
ယခုလက်ရှိ ခေတ်သစ်ကမ္ဘာ့အံ့ဖွယ် (၇)ပါးစာရင်းတွင် ဂီဇာ ပိရမစ်ကြီးလည်း
ပါဝင်သည် ဟု မှတ်ယူ ထင်နေကြတုံးပါ။
ယခုတင်ပြသော စာရင်းများကို new7wonders.com Website မှ ရယူပြီး
အချက်အလက်များကို WIKI မှ ရယူထားပါသည်။
6/2/2012 မှပိုစ့်အား ပြန်လည်ပြင်ဆင် တင်ပြထားပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။