
အမေရိကန်နိုင်ငံ၊ ဘာလ်တီမိုးမြို့တွင် ခွေးလေးတစ်ကောင်သည် အသက် ၈ လအရွယ် ကလေးငယ် တစ်ဦးကို မီးမလောင်စေရန် ကာကွယ်ရင်း အသက်ပေးသွားခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် သီတင်းပတ်ကုန်က ဖြစ်စဉ်တွင် အဟိတ်တိရစ္ဆာန်ပင် ဖြစ်လင့်ကစား သူရဲကောင်းဆန်စွာ ပြုမူသွားသည့် မိသားစု အချစ်တော် ခွေးကလေးကြောင့် မိန်းကလေးငယ်မှာ အသက်ရှင်ခဲ့ကြောင်း သိရသည်။
ထိုနေ့က လေပြင်းမုန်တိုင်းများ တိုက်ခတ်သဖြင့် မီးပြတ်သွားသောကြောင့် ကလေးမလေး၏ မိခင်ဖြစ်သူ အီရီကာ ပိုရမ်စကီက ဖယောင်းတိုင် တစ်ချောင်းကို မီးထွန်းထားခဲ့သည်။ ထို့နောက် သူမသည် အားကုန်နေသည့်ဖုန်းကို ကားဘက်ထရီဖြင့် အားသွင်းရန် ကားဂိုဒေါင်ဘက်သို့ ခေတ္တမျှ သွားရောက်ခဲ့သည်။ ပိုရမ်စကီသည် အိမ်ဘက် ပြန်လှည့်ကြည့်လိုက်သည့်အခါ သမီးဖြစ်သူ ဗီဗီယာနာ ရှိနေသည့် အခန်းထဲတွင် မီးလောင်နေသည်ကို တွေ့လိုက်ရသည်။
“သမီးလေး ငိုတဲ့အသံကို ကြားနေရတယ်။ ကျွန်မက သူ့ဆီကို ဘယ်လိုမှ သွားလို့မရဘူး။ ကျွန်မ အစွမ်းကုန် ကြိုးစားတယ်။ ဆူညံသံတွေကြားတော့ အိမ်နီးချင်းတွေလည်း မျိုးစုံကြိုးစားတယ်။ တံခါးတွေ၊ ပြတင်းပေါက်တွေကို ဖျက်ဝင်ဖို့ ကြိုးစားတယ်။ ဒါပေမဲ့ မီးရှိန်က ပြင်းလွန်းတော့ ကျွန်မရော၊ သူတို့ပါ ဝင်လို့မရဘူး”ဟု ပိုရမ်စကီက ဆိုသည်။ သူမသည် ဗီဗီယာနာကို ကယ်ဆယ်ရန် ကြိုးစားရင်း လက်နှင့် မျက်နှာတို့တွင် မီးလောင်ဒဏ်ရာများ ရရှိခဲ့သည်။
ထို့နောက် မီးသတ်များ ရောက်လာပြီး မီးငြှိမ်းကာ အခန်းကို ဖျက်ဝင်ချိန်တွင် ဗီဗီယာနာနှင့်အတူ ခွေးကလေး ပိုလိုကိုပါ အခန်းထဲတွင် တွေ့မြင်ခဲ့ရသည်။ ပိုလိုသည် ဗီဗီယာနာကို မီးမဟပ်စေရန်အတွက် ၎င်း၏ ခန္ဓာကိုယ်ဖြင့် အုပ်မိုး ကာကွယ်ပေးခဲ့ခြင်း ဖြစ်သည်။ ပိုလို၏ အားထုတ်မှုကြောင့် ကလေးမလေးသည် မီးလောင်ဒဏ်ရာများ ရရှိသည့်တိုင် အသက်ရှင်ခဲ့သည်။
“သမီးလေးက မီးတော့ နည်းနည်း အဟပ်ခံလိုက်ရတယ်။ ပိုလိုက သမီးနဲ့ တစ်ချိန်လုံး အတူနေလေ့ရှိပါတယ်။ သူက အိပ်ခန်းထဲကတောင် အောက်ကို ဆင်းလေ့ မရှိဘူးလေ”ဟု ပိုရမ်စကီက ရှင်းပြသည်။ သူနာပြု အဖွဲ့များသည် မေ့မြောနေသည့် ဗီဗီယာနာလေးကို ကယ်ဆယ်နိုင်ခဲ့ကြသည်။ ကလေးမလေး၏ မျက်နှာဘေးဘက်၊ လက်မောင်းနှင့် နံကြားတို့တွင် အတန်ငယ် ပြင်းထန်သော မီးလောင်ဒဏ်ရာများ ရရှိထားသည်။ ဗီဗီယာနာကို ကယ်ဆယ်ရန် အစွမ်းကုန် ကြိုးစားခဲ့သည့် ပိုလိုမှာမူ အသက်မရှိရှာတော့ချေ။
“ပိုလိုကို ကျွန်မတို့ သားသမီးလို သဘောထားပြီး မွေးခဲ့တာပါ။ ကျွန်မရဲ့ သားဦးလေးလိုပါပဲ။ အခုတော့ သူ့ကို ဆုံးရှုံးခဲ့ရပြီ။ မီးကူးတာက အရမ်းမြန်တယ်။ ဘယ်လိုတွေ ဖြစ်သွားသလဲဆိုတာ ကျွန်မ မတွေးတတ်အောင်ပါပဲ။ ဖြစ်ရပ်က အရမ်းမြန်တယ်”ဟု ပိုရမ်စကီးက ဆိုသည်။
ထိုသတင်းကို ကြားသိရသည့်နောက် သူငယ်ချင်းတစ်ဦး ထူထောင်ပေးသည့် GoFundMe အမည်ရှိ အင်တာနက် ရန်ပုံငွေ Pageမှတဆင့် ဗီဗီယာနာလေး ဆေးကုသမှု ခံယူရန် စုပေါင်းလှူဒါန်းငွေ ဒေါ်လာ ၂၆၀၀၀ ကျော်မျှကို လက်ခံရရှိထားပြီ ဖြစ်ကြောင်းလည်း သိရသည်။ အဆိုပါ Pageက ဗီဗီယာနာအတွက် ဆေးကုစရိတ် ဒေါ်လာ ၅၀၀၀၀ ထိ ရရှိရန် ရည်ရွယ်ထားသည်။ ပိုရမ်စကီးက သမီးဖြစ်သူ အခြေအနေမှာ စိုးရိမ်ရသည့် အဆင့်တွင် ရှိနေဆဲဖြစ်ပြီး နေ့စဉ်နေ့တိုင်း ကြပ်မတ်စောင့်ကြည့်နေရဦးမည်ဟု ပြောကြားခဲ့သည်။
“သမီးလေးအတွက် တတ်နိုင်သမျှ အကောင်းဆုံး လုပ်ပေးနေကြတာပါပဲ။ သူ့အတွက် သူကိုယ်တိုင် တိုက်ပွဲဝင်ရမှာပါ။ သမီးလေး အဆင်ပြေပါစေလို့ပဲ ဆုတောင်းရပါမယ်”ဟု သူမက ဖွင့်ဟခဲ့သည်။ မီးသတ်ဌာနက မီးလောင်မှု ဖြစ်ပွားရသည့် အကြောင်းရင်းကို စုံစမ်းနေဆဲဟု ကြေညာထားသည်။
Ref:CBS
Credit: 7 Daydaily
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။