Wednesday, September 7, 2016

ချင်းတောင်ပေါ်မှ အသည်းပုံသဏ္ဍန် ရိဒ်ရေကန်

ကျွန်တော်တို့နိုင်ငံ မှာ သဘာဝကပေးတဲ့ အလှအပတွေ မြောက်များစွာတည်ရှိပါသည်။
အထူးသဖြင့် လူသူအရောက်နည်းတဲ့တောင်ပေါ်ဒေသ တိုင်းရင်းသား တို့ဌာနေ မှာ
တည်ရှိတဲ့သဘာဝ အလှအပများကို တင်ပြပေးပါမည်။
ချင်းတောင်ဒေသ ဖွံ့ဖြိုးရေးနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ဖို့ ကြိုးစားနေကြတာကို
အခုတလော မြင်နေတွေ့နေရလို့ ကမ္ဘာ့ပေါ်မှာ ရှားပါးသော ပုံသဏ္ဍန်ဖြင့်တည်ရှိသော
အသည်းပုံသဏ္ဍန် ရိဒ် ရေကန်အကြောင်းကို အင်တာနက် wiki နှင့်အခြားသော ဆိုဒ်
များမှတစ်ဆင့် စုစည်းပြီး ပြန်လည်တင်ပေးလိုက်ပါသည်။
http://i1183.photobucket.com/albums/x474/konay1/general%203/c6.jpg
ရိဒ်ရေကန်ဆိုတာ  အမြင့်ပေ (၁၉၆၆) ပေရှိသော ချင်းတောင်တန်း ကြီးများပေါ်မှ အသည်းပုံ တိတိ ကျကျ ပေါ်လွင် နေသော ရေကန်ကြီး တစ်ခုပါ။ထိုရေကန် ကြီးသည်ကား ချင်းလူမျိုး တို့အတွက် ဒဏ္ဍာရီ ဆန်သော ရာဇ၀င်များ ၊ ယုံကြည် စွဲလမ်းမှုများ ၊အမြတ်တနိုး တန်ဖိုး ထားမှုများဖြင့် ပြည့်နှက် နေသော ရိဒ်ရေကန်ကြီး (RHI-DIL) ပင်ဖြစ်ပါသည်။
http://i1183.photobucket.com/albums/x474/konay1/general%203/399125_234188920050451_711905041_n.jpg
တည်နေရာ
ရိဒ် ရေကန်ကြီး၏ တည်နေရာမှာ မြန်မာနိုင်ငံ၏ အနောက် မြောက်ဖက် ဒေသ ၊ ချင်းပြည်နယ်၏ အနောက်မြောက်ဖက် အစွန်းတွင် တည်ရှိသည်။
အထူးသဖြင့် အိန္ဒိယ - မြန်မာ နယ်စပ် နှင့်ပို၍ နီးသည်။ နယ်စပ် မျဉ်းနှင် ၂ မိုင်သာဝေးသည်။ အိန္ဒိယ နိုင်ငံဘက် ကြံဖိုင်းမြို့ နှင့် မိုင် (၂၀) ဝေးပြီး မီဇိုရမ် ပြည်နယ်ရှိ မြို့တော် အိုက်ဇောနှင့်လည်း မိုင်(၁၃၀) သာဝေးသည်။သို့အတွက် ရိဒ်ရေကန်ကြီးသို့ လာရောက် လည်ပတ် သူများမှာလည်း အိန္ဒိယနိုင်ငံ ဘက်မှသာ များသည်။ မြန်မာ နိုင်ငံဘက်မှ သွားရောက် သူတွေများ အနေဖြင့်တော့ ချင်းတောင်၏ တံခါးဝဟု ဆိုစမှတ်ပြုသည့် ကလေးမြို့မှ တစ်ဆင့်သာ ခရီးဆက်ကြရသည်။
ကလေးမြို့မှ မိုင် (၆၀) နီးပါးဝေးသော ချင်းပြည်နယ် တီးတိန်မြို့ကို ဖြတ်ကာ တီးတိန်မှ (၃၂) မိုင်ဆက် သွားကြရသည်။ သို့ရာတွင် အိန္ဒိယ နိုင်ငံဘက်မှ လာသည် ဖြစ်စေ ၊ မြန်မာနိုင်ငံဘက်မှ သွားသည်ဖြစ်စေ၊ သေချာသည် တစ်ခုကတော့ အမြင့်ပေ လေး၊ ငါးခြောက်ထောင် ကျော်ရှိသော တောင်တန်းများပေါ်မှ ကျော်ဖြတ်၍ သွားကြရခြင်း ပင်ဖြစ်သည်။ ထိုသို့ အမြင့်ပေ လေး ၊ငါး ခြောက်ထောင် တောင်တန်းကြီးများကို ဖြတ်သန်း သွားရသဖြင့် မြန်မာနိုင်ငံဘက်မှ အပန်းဖြေ လေ့လာသူတွေ ရှိသလို နိုင်ငံခြားသား အချို့လည်း လာရောက် လေ့ရှိပါသည်။ သို့ရာတွင် အများဆုံး အလာများသည် ကတော့ အိန္ဒိယနိုင်ငံဘက်မှ ဖြစ်သည်။ ၄င်းတို့အနေဖြင့် ထိုသို့ အလားများရသည်ကတော့ "၄င်းတို့၏ ဆွေမျိုး သားချင်းများ၏ ၀ိညာဉ်များသည်လည်း ရိဒ်ရေကန်ကြီးတွင် လာရောက်မှီခိုနေထိုင်ကြသည်" ဟူသော အယူအဆ တစ်ရပ် အရ အထွတ်အမြတ်ထားရာ နေရာအဖြစ်လာရောက် ကြခြင်းဖြစ်သည်။ သို့ရာတွင် ယခုအခါတွင်တော့ ရိဒ်ရေကန်ကြီးအတွင်း အပျော်စီးလှေများ စီးနင်းနိုင်အောင် စီစဉ် ပေးထားခြင်းနှင့် ညအိပ် တန်းခိုနိုင် ရန်ပင် ဘန်ဂလိုများ စီစဉ်ပေးထား ခြင်းတို့ကြောင့် ရိဒ်ရေကန်ကြီးမှာ အပျော်စီး လှေလာရောက် စီးနင်းသည့် တောင်ပေါ် သားများနှင့် ပျားရည်ဆန်း ခရီးထွက်သူများ ဖြင့်ပါ စည်ကားနေ လေ့ရှိပေသည်။
http://i1183.photobucket.com/albums/x474/konay1/general%203/10353026_864691950216393_4725070857380358372_n.jpg
ပုံသဏ္ဍာန် နှင့်အနေအထား
ထိုမျှ ဒဏ္ဍာရီဆန်သော အတိတ်သမိုင်းများ ၊ ဆန်းပြားသော ယုံကြည်ချက် များနှင့် ထူးခြားချက်များနှင့် ပြည့်နှက်နေသော ရိဒ်ရေကန်ကြီးမှာ ပတ်လည် အကျယ် ၃ မိုင်နီးပါး ရှိသော တောင်ပေါ် ရေကန်ကြီးတစ်ခု ဖြစ်သည်။အလျားလိုက် အရှည်ဆုံးနေရာသည် ၁ မိုင်(1.6 km) ရှိပြီး အကျယ်ဆုံးနေရာသည်
မိုင်ဝက် (0.80 km) ရှိပါသည်။
ထိုပတ်လည် အနား တစ်လျှောက် တွင်လည်း မိုးမခပင်များက ခြံစည်းရိုး ရှည်ကြီးသဖွယ် သဘာဝ အလျောက် စီတန်းကာ ပေါက်ရောက် နေပြန်ရာ အဆိုပါ မိုးမခ ပင်တန်းကြီးကို ချင်းလူမျိုးတို့က ( ၄င်းတို့၏ ယုံကြည် ချက်အရ ၀ိညာဉ် ခြံစည်း ရိုးဟု ကင်ပွန်း တတ်ထားကြ လေသည်။) ကန်အတွင်း ရေပြင်၏ ပျှမ်းမျှ အနက်မှာပေ (၅၀) ရှိပြီးအနက်ဆုံး နေရာများ တွင်မူ ပေ (၆၀) အထိ ရှိသည်။ ရေအရောင်မှာ ပြာလဲ့လဲ့ရှိသည်။အလားတူပင် ရေကန်ပတ်လည်ရှိ မိုးမခပင်များ ထက်တွင် လည်း သစ်ခွပင်များ ပေါက် ရောက်နေပြန်ရာ ရိဒ်ရေကန်ကြီးမှာ တောင်ပေါ်ဒေသမှ စာပန်းချီခြယ်သ မကုန်နိုင်သည့် ရှုခင်းကြီး တစ်ခု သဖွယ် ဖြစ်နေ ပါတော့သည်။
မိုးရာသီ မိုးရေကြောင့်ရေတက် လာချိန် အသည်းပုံပျက်တော့မည့်အခြေအနေမျိုးမှာ ကန်ရဲ့အရှေ့ဘက် တောင်ကုန်းအောက်ရှိ ၃ ဖာလုံလောက်ရှိတဲ့ သဘာဝမြေအောက်လှိုင်ခေါင်းမှတစ်ဆင့် ရေများဒဟောသွန်ချကာ အသည်းပုံမပျက်အောင် သဘာဝကထိန်းသိမ်းစောင်ရှောက်ပုံကလည်းသူ့ရဲ့ထူးခြားချက်လေး တစ်ခုပါ ။
http://i1183.photobucket.com/albums/x474/konay1/general%203/1024px-Rih_dil.jpg
ရိဒ်ရေကန်ကြီး၏ ဖြစ်တည်မှု သမိုင်း
ရိဒ်ရေကန်ကြီး၏ ဖြစ်တည်မှု သမိုင်းကား အလွန်ပင် ဒဏ္ဍာရီဆန်လှသည်။ သို့ရာတွင် ထိုသို့ ဒဏ္ဍာရီ ဆန်လွန်းလှသည့်တိုင် အဆိုပါ ဖြစ်တည်မှု သမိုင်းကို တော့ ချင်းလူမျိုးတို့က ယနေ့တိုင် အခိုင်အမာ ယုံကြည်နေ ကြဆဲဖြစ်သည်။ အဆိုပါ ဖြစ်တည်မှု ဒဏ္ဍာရီကြီး၏ အစကား လွန်ခဲ့သော နှစ်ပေါင်း ငါးရာကျော် ၊ ခြောက်ရာ နီးပါး ကာလ၊ မီဇို ချင်းလူမျိုးတို့၏ အခြေချ နေထိုင် ခဲ့သည့် အချိန်မှ ပင်ဖြစ်ပေသည်။ ချင်းအနွယ်ဝင် မီဇိုလူမျိုးနှင့် ဟွာလ်ငိုး (Huanlngo) နွယ်ဝင် တို့သည် ၁၄၅၀ ခုနှစ်ခန့် မှစတင်၍ ချင်းတောင်တန်း ပေါ်တွင် မြို့ပြ တည်ထောင်ကာ အခြေချ နေထိုင် ခဲ့ကြသည်။ ဤ သို့နေထိုင် လာခဲ့ရာမှ တစ်နေ့သော အခါတွင်မူ ဒုတိယမြောက် ဆွေးပွီးမြို့သူကြီး ဟွာထန် (Huathana) သည် အိပ်မက်တစ်ခုအား မြင်မက်လေတော့သည်။ ယင်း အိပ်မက်တွင် မုတ်ဆိတ်မွေး ဖားဖားနှင့် အလွန်တရာမှပင် ကျက် သရေ ရှိလှသော နတ်မင်းကြီး တစ်ပါးက ဟွာလ်ထန်အား ကိုယ်ရောင်ပြပြီး " ငါသည် ၀ိညာဉ်စောင့်နတ်မင်းကြီး ပူးရိဒ် ဖြစ်ပေသည်။ သင်တို့၏ ၀ိညာဉ်များ အားစောင့်ရှောက်ရန်အလို့ငှာ ငါသည် နွားနောက်ဖြူ အသွင်ဖန်ဆင်းကာ ကောင်းကင် ခရီး ဖြင့်လာခဲ့ရာ သင်တို့၏ သင်တို့အရပ်၏ အနောက် မြောက်ဖက်ခရီး အတန်ငယ်ဝေးသော နေရာတွင် နေရာတစ်ခုကို တွေ့ရှိခဲ့ပေသည်။ ငါသည် ထိုနေရာ၌ စံစားနေထိုင်ရန် အလို့ငှာ ထိုနေရာအား လူတို့၏ အသည်းနှလုံးပုံ တိတိကျကျ ရှိသော ရေအိုင်ကြီးတစ်ခု အဖြစ်ဖန်ဆင်းလိုက်ပေသည်။ ထိုရေအိုင်ကြီး တွင်ယနေ့မှ စ၍ ငါကိုယ်တော်စံစားမည် ဖြစ်သလို .. သေသောသူအားလုံးတို့၏ ၀ိညာဉ်များသည်လည်း မဖြစ်မနေ ငါထံသို့ လာကြရပေမည် " ပြောဆိုမိန့်ကြားသွားခဲ့လေသည်။ ထိုအိပ်မက်အရ ဟွာလ်ထန်သည် သူ၏ မူးမတ်များအား လွှတ်၍ ရေအိုင်ကြီးကို ရှာဖွေစေခဲ့ရာ ခုနှစ်ရက်တိတိ ပြည့်မြောက်သော နေ့မှာပင် ထိုရေအိုင်ကြီးအား တွေ့ရှိခဲ့ပြီး ယင်းသို့တွေ့ရှိချိန်မှ အစပြု၍ ထိုရေကန်ကြီးအား ရိဒ်ရေကန် (RHI-DIL) ဟုခေါ်ဆို ကြလေသည်။ ရိဒ်ဆိုသည်မှာ ရိဒ်နတ်မင်းကြီးအား ကိုယ်စားပြုပြီး (DIL) မှာရေကန်ဟု အဓိပ္ပါယ် ရလေသည်။ ဆိုလိုရင်းမှာ ရိဒ်နတ်မင်းစံစားရာ ရေအိုင်ပင်ဖြစ်လေသည်။
http://i1183.photobucket.com/albums/x474/konay1/general%203/rih-lake.jpg
ဒဏ္ဍာရီမူကွဲတစ်ခု
အထက်ပါအကြောင်းအရာ က wiki မှရတာပါ။ အခုဆက်လက်ပြီး ရှာဖွေတွေ့ရှိတဲ့မူကွဲအကြောင်း
လေးကို တင်ပေးလိုက်ပါတယ်။
လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ခုဖလမ်းမြို့အနီးမှာ “ဘေး ဗွီးမြို့” ရှိခဲ့ဖူးတယ်တဲ့။ ဘေးဗွီးဘုရင်နဲ့မိဖုရား ကို ၀ိညာဉ်စောင့်နတ်သမီးက “ငါသည်သင်တို့၏ ၀ိ ညာဉ်စောင့် နတ်ဖြစ်ပြီး၊ နာမည်က ရိဒ် RIH လို့ခေါ်တယ်။ ခုသင်တို့နေထိုင် တဲ့မြို့ရဲ့အရှေ့မြောက်အရပ် မှာနေ ရာ တစ်ခုရှိရာကိုနွားဖြူအသွင်ဆောင်ကာ ကောင်းကင်ခရီးဖြင့်ပျံသန်း ခဲ့တော့ ကျင်ငယ်ရေတွေ ပန်း ထွက်နေတဲ့ ရေအိုင်ကြီးတစ်အိုင်အဖြစ် ကျန်ရစ်ခဲ့တယ်။
အဲဒီရေအိုင် ထဲမှာ ခံစားနေရတဲ့ ၀ိ ညာဉ်စောင့် အဖြစ်လည်းကျန်ခဲ့တယ်။ ဒါကြောင့် ဒီဒေသက သေဆုံးသူ အား လုံး ရဲ့ ၀ိညာဉ်တွေ ငါ့ထံလာရောက်ကြ ရမယ်”လို့ ပြောဆိုသွားခဲ့တယ် လို့အယူရှိကြပါတယ်။
မူကွဲဆိုပေမယ့် နီးစပ်ပါတယ်။ ပြီးတော့ သေလွန်ပြီးသူများ၏ ၀ိညာဉ်များနှင့်လည်းဆက်စပ်နေပါတယ်။
ချင်းလူမျိုးတို့၏ ယုံကြည်မှု
ရိဒ်ရေကန်ကြီးနှင့် ပတ်သက်ပြီး မီးဇိုချင်းများက..." လူတစ်ယောက် သေဆုံးသွားသည့် အခါတွင် ထိုသေဆုံးသူ၏ ၀ိညာဉ်သည် ဘ၀တစ်ပါးသို့ ကူးပြောင်း နိုင်ရန် နောက်ဆံတင်းစွာဖြင့် ရိဒ်ရေကန် သို့လာကြရပြီး ရေကန်သို့ ရောက်သောအခါမှ လုံးလိုသွေး (Longlotui) ခေါ် အတိတ်ဘ၀ မေ့စေနိုင်သည့် စမ်းရေကြည်ကို သောက်ကာ ဟိုလ်လိုပါးရ် (Hoilopar) ခေါ် နောက်မလှည့်ပန်း ကို ပန်ဆင်ကြရသည်။ ထိုအခါ တွင်မှသေသူ၏ ၀ိညာဉ်များမှာ အတိတ်ဘ၀အား တမ်းတစိတ် များပျောက်ကွယ်ကာ ဘ၀သစ်သို့ ကူးပြောင်း သွားနိုင်ရန် အတွက် ရေကန်ကြီး အတွင်းသို့ စိတ်ဖြောင့် လက်ဖြောင့် ဆင်းသွားနိုင်ကြသည်ဟု ယုံကြည်ထားကြည်ထားကြသည်။ အဆိုပါယုံကြည်မှု အရလည်း ချင်းလူမျိုး တို့မှာ ပွင့်လင်းရာသီရောက်တိုင်း ရိဒ်ရေကန်ကြီးသို့ လာရောက်လည်ပတ်ကာ ရက်လည် ၊ နှစ်လည်ပွဲကဲ့သို့သော နာရေးပွဲများကို ကျင်းပလေ့ရှိသည်။ ယင်းပွဲများတွင် ဘုန်းတော်ကြီးများက ရေကန်တွင်းမှကို လက်ခုပ်နှင့် ခပ်ကာ သရဇ္ဇယ် ကြလေ့ရှိပြီး ကန်အတွင်းသို့ ငွေအကြွေစများ နှင့်အမွှေးနံ့သာများ ပက်ကြဲကာ ရေကန်အနီးရှိ အရိပ်ကောင်းသော ညောင်ပင်ကြီးအောက်တွင် တရားပေးလေ့ရှိကြသည်ဟု ဆိုသည်။
http://i1183.photobucket.com/albums/x474/konay1/general%203/c4.jpg
ထူးခြားချက်များ
ကမ္ဘာအ၀ှမ်းတွင် ရှိရှိသမျှသော ရေကန်များအနက် အသည်းပုံစစ်စစ် ရှိသည့် တစ်ခုတည်းသော ရေကန်ဖြစ်သည်။ အမြင့်ပေ (၁၉၀၀) ကျော်သော တောင်တန်းပေါ်တွင် တည်ရှိသည့် ရေကန်လည်းဖြစ်သည်။ ထိုအချက်များထက် ပို၍ထူးခြားသည်မှာ ချင်းပြည်နယ်၏ မြို့တော် ဖြစ်သော ဟားခါးတွင် အပူချိန် (ရေခဲမှတ်အောက်) အနှုတ် (၃) ဒီဂရီရောက်နေချိန်၌ ရိဒ်ရေကန်ကြီးအတွင်း ထူးခြားစွာ အနွေးဓါတ်ရရှိနေခြင်းပင် ဖြစ်ပေသည်။ ထိုမှ တဖြန် အထူးခြားဆုံးဟု ဆိုရမည့်အချက်ကား... ရိဒ်ရေကန်ကြီးအတွင်းသို့ ချောင်းရေ ၊ မြောင်းရေ လည်း စီးမ၀င် ၊ မိုးလည်းမရွာသည့် ဒီဇင်ဘာလကုန်ပိုင်း နှင့် ဇန်န၀ါရီ လဆန်းကဲ့သို့ ဆောင်းနှင်းထန်သည့် ကာလများတွင် ကန်ရေ ပြင်မှာ အလိုအလျောက် နောက်ကျိနေတတ်ခြင်းပင်ဖြစ်သည်။
http://i1183.photobucket.com/albums/x474/konay1/general%203/10401147_216914971980259_9212171822579282424_n.jpg
ရိဒ်ရေကန်နှင့်ဆက်စပ်သည့်အကြောင်းအရာများ
ဒီအကြောင်းအရာများကိုတော့ traveller2008 ဆိုဒ်မှ တွေ့ရှိလို့ဆက်တင်ပေးလိုက်ပါတယ်။
ရိဒ်ရေကန် အနီးမှာ ဘယ်အချိန်ကမှည့်ခဲ့မှန်း အတိအကျမသိရပေမယ့် ယခုအချိန်ထိ အမည်နာမခေါ်ဆိုဆဲဖြစ်တဲ့ ဆင်ဝင်ချိုင့် ၊ ဆင်ဝင်တောင် များလည်းရှိပါသေးတယ် ၊ ကန်ရဲ့ပတ်လည်မှာရှိတဲ့ လယ်ကွင်းများစတင်တူးဖော်ခဲ့တဲ့ 1942 မှ 1950 အကြားကာလမှာ ဆင်သွား၊ ဆင်စွယ်တွေ မကြာခဏတွေ့ခဲ့ကြလို့ ရိဒ်ရေကန်မှာ တစ်ချိန်က ဆင်သချိင်္ုင်း ဖြစ်ခဲ့တယ်လို့ သတ်မှတ်လို့ရပါသေးတယ်။ ဒီဆင်သင်္ချိုင်းအဖြစ်ကို သိရှိခဲ့တဲ့ အာသံကုလား သူဌေးတစ်ဦးဟာ ဆင်စွယ်လိုချင်ဇောနဲ့ အလုပ်သမားထောင်ချီခေါ်လာပြီး ရေကန်ခန်းအောင် မြောင်းကြီးဖောက်ပြီး ကန်ရေတစ်ဝက်လောက်ခန်းသွားတဲ့အချိန် ၊ ၀ိဥာဉ်စောင့်နတ် ဖန်ဆင်းလိုက်တဲ့ နဂါးမောင်နှံဟာ အမောက်ကြီးများထောင်ကာရေထဲကထလာလို့ ကုလားတွေကြောက်အားလန့်အားပြေးခဲ့ရာ သေသူသေကုန်ကြပြီး ၊ မသေသူများမှာလည်း ဆံပင်မွေးကျွတ်သည်အထိဖျားနာခဲ့တယ်လို့ ပုံပြင်ဆန်ဆန်သိရပေမယ့် ရေကန်ရဲ့တောင်ဘက်မှာ `` ကုလားမြောင်းချောက် ´´ လို့ ခေါ်တွင်ဆဲချောက်ကြီးတစ်ခုသက်သေရှိနေပါသေးတယ် ။
သူများအမြတ်တနိုးကိုးကွယ်ခဲ့တဲ့ နတ်ရေကန်ကို မစူးစမ်းဘဲ ဖျက်ဆီး ၊ စော်ကားမိခဲ့လို့ ထိတ်လန့်ကြပြီး ဒီယုံကြည်မှုကို သူတို့တွေ သက်ဝင်လာလို့ ဗုဒွှဘာသာနှင့် တူသော အာသံကုလားများ ပွင့်လင်းရာသီရောက်တိုင်း ရိဒ်ရေကန်ကို တဖွဲဖွဲလာရောက်ကြပြီး နှစ်လည် ၊ ရက်လည် ပုံစံကဲ့သို့ နာရေးကိစွှဖြင့် ပူဇော်ပွဲများလုပ်လေ့ရှိကြောင်း ၊ သူတို့ပင့်ဆောင် လာသော ဘုန်းကြီးများက ရေကန်ကို လက်ခုပ်ဖြင့်ခပ်သရဇွှုယ်ပြုပြီး ကန်ရေထဲသို့ပိုက်ဆံ အကြွေများပစ်ကျဲ ၊ အမွှေးနံ့သာရည်များလောင်းချပြီး ညောင်ပင်ကြီးအောက်မှာတရားနာ ခဲ့ကြ ကြောင်းသိရပါတယ်။
http://i1183.photobucket.com/albums/x474/konay1/general%203/c1.jpg
 (ရိဒ်ရေကန် အား Google Earth မှ မြင်ရပုံ)
ရိဒ်ရေကန်၏ လက်ရှိအခြေအနေ 
ယခုအခါရိဒ်ရေကန်အတွင်း ကလေးမြို့က နှစ်၆၀ ကန်ထရိုက် ယူကာစပိ ဘုတ် များပြေးဆွဲ အပန်းဖြေခြင်း အစီ အစဉ် ကို၂၀၀၇ခုနှစ်နှောင်း ပိုင်းက စ၍ပြုလုပ်နေပြီဖြစ်သည်ကိုတွေ့ရှိရသည်။ ကလေး- တီးတိန် ရိဒ်ရေ ကန် သည် မိုင်၉၀ကွာဝေးကာနေ့ချင်းရောက်ခရီးစဉ်ဖြစ်သည်။
တီးတိန်မှ၁၄မိုင်ကွာဝေးသည့် လွိုင်တွီးကျေးရွာသည် ၁၈၇၄ ခုနှစ်ကတည်း က တည်ခဲ့သော ရွာကြီးဖြစ် ကာ လားမြင်းကောင်ရေ ၅၀၀ကျော်ရှိသည့် ရွာကြီးဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင်အထက် ၄၉၅၀ ပေမြင့်ေ သာ လွိုင်တွီးမှ၁၆မိုင်ကွာဝေးသည့် ရိဒ်ရေကန်သို့လားမြင်းများဖြင့်လည်း ဗဟုသုတ အဖြစ် သွားေ ရာ က်နိုင်သ ည်။
အင်းလေးကဲ့သို့ တိမ်ကောမှုမရှိစေရန် ထိန်းသိမ်းရေးလုပ်ငန်း များ ဆောင်ရွက်လျက် ရှိနေကြောင်း ချင်းပြည်နယ် သစ်တောဦးစီးဌာနနှင့် UNDP ရုံးတို့မှ သိရသည်။
http://i1183.photobucket.com/albums/x474/konay1/general%203/Capture.png
 ( ရိဒ်ရေကန် တည်ရှိရာ မြေပုံ)
လက်ရှိချင်းပြည်နယ်၊ ဖလမ်း မြို့ရှိ ရိဒ်ရေကန်အနီး၌ ရွှေ့ပြောင်း တောင်ယာစနစ်များနှင့် စည်းကမ်း မဲ့ သစ်ခုတ်မှုများကြောင့် ရိဒ်ရေ ကန်အတွင်း နုန်းအနည်ပို့ချမှုများ လာသည့်အတွက် အဆိုပါ ကန်သုံးမိုင်ပတ်လည် အကွာအဝေးအတွင်း ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးခြင်း နှင့် သစ်ခုတ်ယူမှုများအား တားမြစ်ခဲ့ကြောင်း၊ ထို့အပြင် သစ်တောဦးစီးဌာနနှင့် UNDP တို့၏ ကြီးကြပ်မှုဖြင့် သစ်တောပြုန်းရာနေရာများ၌ သစ်ပင်များ ပြန်လည်စိုက်ပျိုးခြင်းကို ဆောင်ရွက်လျက် ရှိကြောင်း ဖလမ်း မြို့ရှိ UNDP  ရုံးမှ စိုက်ပျိုးရေးမန် နေဂျာဦးဟဲဂျွန်က ပြောသည်။
”အစိုးရအမိန့်နဲ့ ကန်အနီး အမဲလိုက်တာ၊ ရွှေ့ပြောင်းတောင်ယာ စိုက်တာနဲ့ သစ်ခုတ်တာတွေကို တားမြစ်ခဲ့တဲ့အပြင် ဒေသခံတွေကိုလည်း ပညာပေးစည်းရုံးမှုတွေ လုပ်ခဲ့ တယ်။ ဒေသခံတွေကို စည်းရုံးပညာပေးတဲ့အခါမှာ အခုကတည်းက ရိဒ်ရေကန်ကို မထိန်းသိမ်းနိုင်ရင် ရှမ်းပြည်က အင်းလေးကန်လို ဖြစ်သွားမယ်ဆိုပြီး ပညာပေးခဲ့ ရတယ်။ ဒီရေကန်ကို ချင်းတိုင်းရင်းသားတွေ အားလုံးက နတ်ကြီးတယ်လို့ ယူဆထားတဲ့အပြင် ချင်းတိုင်းရင်းသားတွေရဲ့ အထင်ကရ နေရာတစ်ခုဖြစ်တဲ့အတွက် လိုက် နာမှုရှိပါတယ်”ဟု ၄င်းကဆိုသည်။
http://i1183.photobucket.com/albums/x474/konay1/general%203/c5.jpg
သူငယ်ချင်းတို့အတွက်ရှာဖွေရသမျှကိုတင်ပေးလိုက်ပါတယ်။ထိုအကြောင်းအရာများကို wiki မြန်မာ ၊
traveller2008  ၊ oppositeyes နှင့် ပေါ်ပြူလာဂျာနယ် တို့မှ ရရှိပါတယ်။ ပုံများကိုတော့ အင်တာနက်ပေါ်မှာ ရှာရသမျှတင်ပေးလိုက်ပါတယ်။
Apr 24, 2013 မှ ပိုစ့်အား ပြန်လည်ပြင်ဆင် တင်ပြထားပါသည်။
သူငယ်ချင်းများပျော်ရွှင်ချမ်းမြေ့ကြပါစေ..........   နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...