Friday, December 30, 2016

ကမ္ဘာ့အကြီးဆုံး ဖန်တီးထားသော ကမ်းခြေတုကြီး

ဂျပန်နိုင်ငံ မှ Seagaia Ocean Dome အမည်ရှိ ကမ်းခြေတုကြီးကို
ကမ္ဘာ့အကြီးဆုံး ပြုလုပ်ဖန်တီးထားသည့် မိုးလုံလေလုံ ကမ်းခြေတုကြီး
အဖြစ် ဂင်းနစ်မှတ်တမ်းတွင် ဖော်ပြခံခဲ့ရပါသည်။

အရှည် မီတာ ၃၀၀ ရှိပြီး ၊ အကျယ်အားဖြင့် မီတာ ၁၀၀ အထိ ရှိပါသည်။
၁၉၉၃ ခုနှစ်တွင် စတင်ဖွင့်လှစ်ပေးခဲ့ပြီး နှစ်စဉ်လာရောက်လည်ပတ်သူများ
အများအပြားရှိပါသည်။ ၁၉၉၅ ခုနှစ်တစ်နှစ်တည်းမှာပင် လာရောက်
လည်ပတ်သူ ၁.၂၅ သန်းရှိပါသည်။

ဂျပန်နိုင်ငံသည် ပင်လယ်ဝိုင်းရံနေသော ကျွန်းနိုင်ငံ ဖြစ်ပြီး ထိုကမ်းခြေတု
ကြီး တည်ရှိရာ အနီးမှာလည်း ပင်လယ်နှင့် ထိစပ်နေပါသည်။
သို့သော် လာရောက်လည်ပတ်သူများ ကမ်းခြေတုကြီးဆီ တကူးတက
လာရောက်ရခြင်းမှာလည်း ကမ်းခြေတုကြီးအတွင်းမှ စီစဉ်ဖန်တီးပေးထား
သော ၀န်ဆောင်မှုများကြောင့်လည်း ပါပါသည်။

အဆောက်အဦအတွင်း၌ ပင်လယ်ကမ်းခြေပုံစံ နှင့်အတူ သဲသောင်ပြင် ၊
အုန်းပင်များ ၊ သီးခြားရေကူးကန်များ နှင့် မီးတောင်တု တစ်ခုကိုပင်
ထည့်သွင်း ဖန်တီးပေးထားပါသည်။

မီးတောင်တုမှ ၁၅မိနစ်တစ်ခါ မီးတောင်ပေါက်ကွဲ
သလိုမီးတောင်ပြာများထွက် ပေါ်လာသည်ကို တွေ့မြင်ရမည်
ဖြစ်သလို ပင်လယ်ကမ်းခြေတွင် လှိုင်းစီးသူများ အတွက်လည်း
လှိုင်းတုများနှင့် တကယ့်ပင်လယ်အစစ်ကဲ့သို့ ဖြစ်အောင်
ကြိုးစားပေးထားပါသည်။

ထူးခြားချက် တစ်ခုမှာ အဆောက်အဦကြီး၏ အမိုးပိုင်းဖြစ်ပါသည်။
ထိုအမိုးခုံးကြီးမှာလည်း ကမ္ဘာ့အကြီးဆုံး ဖွင့်၊ ပိတ် ပြုလုပ်နိုင်သည့်
အမိုးကြီး ဖြစ်ပါသည်။

အဆောက်အဦအတွင်း၌ အမြဲနေရသည်ဟု
မထင်မှတ်ရစေရန် ရာသီဥတု သာယာသော အချိန်များနှင့် ကိုက်ညီစွာ
အမိုးခုံးကြီးကို ဖွင့် ၊ ပိတ်ပြုလုပ်ပေးပါသည်။ ထို့ကြောင့် ပြင်ပ
သဘာဝနှင့်လည်း နီးစပ်စေပါသည်။ မိုးရွာနေသော နေ့ရက်များအတွက်
လည်း အတွင်း၌ သာယာကြည်လင်သော နေ့ရက်တစ်ရက်
ဖြစ်စေရန်လည်း ဖန်တီးပေးထားပါသည်။

လူပေါင်း ၁၀၀၀၀ တစ်ပြိုင်နက် အပန်းဖြေနိုင်ပါသည်။
လေထု အပူချိန်ကိုလည်း 30 °C (86 °F) ပတ်လည်အမြဲ ရှိစေရန်
ချိန်ညှိထိန်းထားသလို ရေအပူချိန်ကိုလည်း 28 °C (82 °F)
ပတ်လည် ရှိရန် ချိန်ညှိထားပါသည်။

သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...