
အမေရိကန်ဖွား ခရစ်ဘန်ဂယ် တစ်ယောက် (၁၇) နှစ်ကြာ BMW ဒီဇီုင်းဌာန အကြီးအကဲ အလုပ်မှ အနားယူလိုက်ပြီးနောက် ၂၀၀၉ ခုနှစ်တွင် ဂျာမနီကနေ အီတလီရှိ ငြိမ်းချမ်းသော ကလာဗီဆာနာ ရွာကလေးသို့ ပြောင်းလာခဲ့သည်။ ထိုရွာကလေးသို့ ပြောင်းရွှေ့နေထိုင်ခြင်းကြောင့် သူ့ဘ၀သည်များစွာ ငြိမ်းချမ်းကာ အပြောင်းလဲကြီး ပြောင်းလဲခဲ့သလို၊ ရွာလေးအဖို့လည်း ပြောင်းလဲမှုများစွာ ဖြစ်ပေါ်စေခဲ့သည်။
လူချမ်းသာတွေအတွက် ကားဒီဇိုင်းတွေ ဆွဲရတာ စိတ်ကုန်လာပြီ။ လူတိုင်းခံစားနိုင်မည့် ဒီဇိုင်းမျိုးတွေ ဘန်ဂယ် ရေးဆွဲချင် သည်။ သူ့ဒီဇိုင်းသည် သဘာဝနှင့်လည်း သဟဇာတ ဖြစ်စေလိုသည်။ သူ့ခေါင်းထဲ ၀င်လာတာက ပန်းခြံထဲကခုံမျိုး အကြီးစားကြီးလုပ်ဖို့ ဖြစ်သည်။ ဇနီးသည် ကတ်သရင်းနှင့် တိုင်ပင်ကာ “ဧရာမထိုင်ခုံ ပရောဂျက်” ကို စတင်ဖြစ်ခဲ့သည်။
ရွာဝန်းကျင်က ရှုခင်းကောင်းပြီး အများပြည်သူ အပန်းဖြေနိုင်သော နေရာတွေမှာ ဧရာမပန်းခြံ ထိုင်ခုံကြီးတွေ ဆောက်ဖို့ဖြစ်သည်။ ထိုင်ခုံကြီးပေါ် တက်လိုက်လျှင် လူကြီးတစ်ဦးသည်ပင် ကလေးသာသာ ဖြစ်သွားမည်။ ခြေတွဲလောင်းချထိုင်ရင်း ကလေးတစ်ယောက်၏ ခံစားချက်မျိုးဖြင့် လောကကြီးကို ကြည့်ဖြစ်သွားကြစေလိုသည်။
ထိုင်ခုံကြီးတွေက အကြီးစားတွေမို့ လူများများလည်း တက်ထိုင်နိုင်သည်။ မိသားစုနဲ့ ထိုင်မလား၊ သူစိမ်းတွေနဲ့ ထိုင်ရင်း စကားပြောမလား အဆင်ပြေသည်။ ဘန်ဂယ်၏ ကြိုးပမ်းမှုကြောင့် ထိုင်ခုံကြီး (၁၉) လုံး အကောင်အထည်ပေါ်လာပြီ။ အီတလီ အနောက်မြောက်ပိုင်း တောင်ထူထပ်သည့် လန်ဟီးဒေသရှိ ကလာဗီဆာနာ ရွာကလေး အနီးတစ်ဝိုက်တွင် ထိုင်ခုံကြီးများ ရှိနေသည်။
ထိုင်ခုံကြီးများ၏ တည်နေရာ အတိအကျကို မြေပုံဖြင့် ဖော်ပြမထား။ ထိုသို့ ဖော်ပြမထားခြင်းကိုက မစ္စတာဘန်ဂယ်၏ ရည်ရွယ်ချက် ဖြစ်သည်။ သွားရင်းလာရင်း ထိုင်ခုံကြီးတွေကို မထင်မှတ်ဘဲ တွေ့ရှိကာ ခုံကြီးပေါ်တက်ထိုင်၊ လှပသည့် ရှုခင်းတွေကို ခံစားကာ လောကကိုအမြင်သစ်နဲ့ ကြည့်ဖြစ်စေဖို့ ရည်ရွယ်သည်ဟု မစ္စတာဘန်ဂယ်က ပြောသည်။
““တချို့ခုံကြီးတွေက တော်ရုံနဲ့ မမြင်သာ။ လမ်းမကနေ ကြည့်လိုက်ရင် ခြုံတွေနဲ့ ကွယ်နေတယ်။ ခုံကြီးပေါ် ရောက်ရင်တော့ ရှေ့မှာရှုခင်းကောင်းကောင်းကြီး မြင်ရလိမ့်မယ်””ဟု မစ္စတာဘန်ဂယ်၏ အိမ်နီးချင်း အန်ဂျလိုက ပြောသည်။
““တချို့ခုံကြီးတွေက လမ်းနဲ့ဝေးတယ်။ အဲ့ဒါလည်း ကောင်းတာပဲ။ ခုံကြီးတွေ့အောင် စွန့်စားရှာဖွေရတာကိုက ပျော်စရာ”” ဟု အန်ဂျလိုက ဆိုသည်။
ခုံကြီးပေါ် ရောက်သွားလျှင် လူကြီးများသည်ပင် ကလေးလို ဖြစ်သွားသည်။ ငယ်ငယ်တုန်းက ပန်းခြံထဲက လူကြီးထိုင်ခုံမှာ ထိုင်နေရသည့် ကလေးလေးလိုပင်။ အောက်ကိုခြေမမီ။ နောက်မီကြီးကလည်း ကြီးလှသည်။ ထိုင်ခုံကြီးကလည်း ကျယ်လှသည်။ ကလေးတစ်ယောက်လိုထိုင်၊ ကလေးတစ် ယောက်လို အပန်းဖြေ၊ ကလေးတစ်ယောက်ကို ကြည်နူးခွင့် ရရှိစေမည်ဟု မစ္စတာဘန်ဂယ်က အာမခံထားသည်။
Ref: The giant benches that make adults feel like children (BBC)
Credit:messenger
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။