Friday, January 27, 2017

အကောင်းမြင်သူများ အသက်ပိုရှည်


အကောင်းမြင်ဖို့ လူကြီး မိဘများက ဆုံးမလေ့ရှိသည်။ ထိုဆုံးမ စကား၏ တန်ဖိုးကို ယခုအခါ သုတေသနက လက်တွေ့ပြသလိုက်သည်။ ဘ၀ကို အကောင်းမြင် ရှူထောင့်မှ ကြည့်သူများသည် မကြည့် သူများထက် နှလုံးနှင့် သွေးလှည့်ပတ်မှု နှစ်ဆ ပိုကျန်းမာကြောင်း လေ့လာမှု စစ်တမ်းက ဖော်ပြလိုက်သည်။
           ထို့အပြင် အကောင်းမြင် သူများသည် ကိုယ့် ကိုယ်ကိုလည်း ပိုဂရုစိုက်ကြသဖြင့် ဘက်စုံ အန္တရာယ် ပိုကင်းကြကြောင်း သိရသည်။ အကောင်းမြင် သူများသည် အဆိုးမြင်သူများထက် သွေးတွင်း သကြားဓာတ် ပါဝင်မှု ပိုသင့်တင့်သလို၊ ကိုလက်စထရော ပါဝင်နှုန်းလည်း မျှတပြီး ပိုလည်း လှုပ်လှုပ်ရှားရှား တက်တက်ကြွကြွ ရှိကြကြောင်း တွေ့ရသည်။ အကောင်းမြင် သူများသည် ဆေးလိပ်လည်း သိပ်မသောက်ကြသလို ကိုယ်အလေးချိန် သည်လည်း အ၀မလွန်သော ခပ်ကျစ်ကျစ် အနေအထား ပိုရှိကြကြောင်း သိရသည်။
           စိတ်ကျန်းမာရေး ကောင်းအောင် လုပ်ပေးခြင်းဖြင့် ကိုယ်ကျန်းမာရေးပါ ကောင်းလာကြအောင် ဆောင်ကြဉ်း နိုင်ကြောင်း သုတေသန ပြုသည့် အီလီနွိုက်စ် တက္ကသိုလ် သုတေသန အဖွဲ့က ပြောသည်။
           သွေးပေါင်ချိန်များ၊ ဆေးလိပ်သောက်၊ သွေးတွင်း ကိုလက်စထရောများ၊ ဆီးချိုများ၊ ကျန်းမာရေး လေ့ကျင့်ခန်း မလုပ်၊ အ၀လွန်၊ မိသားစု နှလုံးရောဂါ ရာဇ၀င် ရှိသူများသည် နှလုံးရောဂါ ဖြစ်နိုင်ခြေ ပိုများကြကြောင်းလည်း စစ်တမ်းက ဆိုသည်။
             လေ့လာ တွေ့ရှိမှုများကို Health Behavior and Policy ရီဗျူးဂျာနယ်တွင် ဖော်ပြထားသည်။ အမေရိကန် နိုင်ငံမှ လူငါးထောင်ကို စောင့်ကြည့် မှတ်တမ်းတင်ကာ အကောင်းမြင်ခြင်းနှင့် နှလုံးကျန်းမာရေး အကြား ဆက်စပ်ချက်ကို လေ့လာထားခြင်း ဖြစ်သည်။
             လေ့လာခံသူများ၏ အကောင်းမြင်နှုန်းများကို အမှတ်ပေးသည်။ တစ်ပြိုင်နက် တည်းမှာပင် ထိုသူများ၏ နှလုံး ကျန်းမာရေးကိုလည်း အမှတ်ပေးသည်။ ထိုနှစ်ခုကို ပြန်တိုက် ကြည့်သည့်အခါ အကောင်းမြင်နှုန်း များလေ နှလုံး ကျန်းမာရေး ရမှတ်လည်း ပိုကောင်းလေ ဖြစ်ကြောင်း တွေ့ခဲ့ရသည်။
Source: Daily Mail
Credit:messenger

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...