Friday, January 27, 2017

လုပ်စရာတွေကများ၊ အချိန်က မလောက် ဖြစ်နေပါသလား၊ အသက်ရှူ လေ့ကျင့်ခန်း လုပ်ခြင်းဖြင့် အချိန်ကို ဆွဲဆန့်နိုင်


လုပ်စရာတွေက ပြုံကျပ်ခဲလာလေ အချိန်တွေက ဘယ်ရောက်သွားမှန်း မသိလောက်အောင်ကို အကုန်မြန် သွားလေ ဖြစ်ကြောင်း လူတိုင်း ကြုံဖူးကြလိမ့်မည်။
             လက်တွေ့ လေ့လာမှု တစ်ခုအရ အလုပ်တွေကများပြီး ဟိုဟာလည်း ပြီးချင်၊ ဒီဟာလည်း ပြီးချင် ဖြစ်လာလေ အချိန်တွေလည်း အကုန်မြန်လာလေဟု အလိုလို နေရင်းကို ခံစား လာရတတ်ကြောင်း သိရသည်။ ဥပမာ သူဌေး သဘောကျအောင် မိုးချုပ်ထိလည်း အလုပ်က လုပ်ပြချင်၊ မိသားစု အတွက်လည်း ညဘက်မှာ အချိန်ပေးချင် ဆိုတာမျိုး ဖြစ်လာလျှင် အလုပ် လုပ်ရတာ ဘာမှ မပြီးသေးခင် အချိန်က ကုန်သွားပြန်ပြီ ဆိုတာမျိုး ဖြစ်တတ်သလို၊ မိသားစုကိုပင် အချိန် ကောင်းကောင်း မပေးရသေးခင် အလုပ် လုပ်ဖို့က ဖြစ်လာပြန်ပြီ ဆိုတာမျိုး ခံစားရခြင်းမျိုး ဖြစ်သည်။
             သို့ဖြစ်ရာ ရည်မှန်းချက် ပန်းတိုင် မထွေပြားစေဘဲ တစ်ချိန်မှာ တစ်ခုချင်းစီ လုပ်သွားခြင်းသည် အချိန်ကုန် မြန်လိုက်တာ ဟူသော ခံစားချက် မပေါ်အောင် အကောင်းဆုံး ကာကွယ်နည်း ဖြစ်ကြောင်း သုတေသနက လမ်းညွှန်သည်။ အလုပ်များကို တစ်ပြိုင်တည်း ခေါင်းထဲ ထည့်ထားခြင်းသည် စိတ်ဖိစီးမှုကို ဖြစ်စေသည်။

                စိတ်ဖိစီး လာသည့်အခါ အချိန် မလောက် ဟူသော ခံစားချက်က လိုက်လာတတ်သည်။ ထိုအခါ ဘယ်အရာကိုမှ ကောင်းစွာ မလုပ်နိုင်တော့။ ထိုပြဿနာကို ဖြေရှင်းလိုပါက စိတ်ဖိစီးမှု လျော့အောင် လုပ်ရမည်ဟု ပညာရှင်များက အကြံပြုသည်။
              ထို့အတွက် လုပ်ရန်ကား ရှင်းသည်။ စိတ်ကို ငြိမ်အောင်ထား၊ အသက်ကို ၀အောင် ရှူသွင်း  ရှူထုတ်လုပ်ရန် ဖြစ်သည်။ ငါစိတ်လော နေပါလားဟုလည်း မိမိကိုယ်ကို သတိပေးရမည်။ ထိုအခါ လူသည် မိမိအဖြစ်ကို သတိဝင်လာကာ စိတ်လောနေတာများ ကျသွားပြီး အချိန် မလောက်တော့ဘူး ဟူသော ခံစားချက်ပါ လျော့ကျသွားကာ အလုပ်များကို အေးအေး လူလူ လုပ်နိုင်လာမည်ဟု ပညာရှင်များက ဆိုသည်။
               အေးအေး လူလူ အာရုံစိုက် လုပ်နိုင်လာသည့်အခါ အလုပ်လည်း တွင်သည်။ စိတ်လောပြီး လုပ်နေတာထက် လက်ရာလည်း ပိုကောင်းသလို ပိုမြန်မြန်လည်း ပြီးစီးသဖြင့် အချိန် မလုံလောက်ခြင်း ပြဿနာလည်း ပြေလည် သွားသည်ဟု ပညာရှင်များက လမ်းညွှန်သည်။
             မြောက်ကာရိုလိုင်းနား ပြည်နယ် ဒါဟမ်မြို့ ဒုခ်တက္ကသိုလ်ရှိ ဖူကွာ စီးပွားရေး သင်တန်းကျောင်းမှ ပါမောက္ခ ဂျော်ဒန် အက်ကင်နှင့် အဖွဲ့က သုတေသနပြု တွေ့ရှိထားခြင်း ဖြစ်သည်။
             လေ့လာ ခံသူများကို နှစ်စုခွဲ လိုက်သည်။ နှစ်စုလုံးကို အလုပ်များ စိတ်ရှုပ်အောင် လုပ်ထားသည်။ တစ်စုကို အလုပ်များကြားမှာ (၁၁) စက္ကန့်စီလောက်နားပြီး ဖြည်းဖြည်း မှန်မှန် အသက်ရှူ လေ့ကျင့်ခန်း လုပ်ခိုင်းသည်။ နောက်တစ်စုကို (၁) ကနေ (၁၁) ရောက်အောင် ရေတွက်ခိုင်းသည်။ ထိုသို့ လုပ်ပြီးနောက် ထိုနှစ်စု၏ စိတ်အခြေအနေများကို မှတ်တမ်းတင်သည်။
               ထိုအခါ (၁၁) စက္ကန့်  အသက်ရှူ  လေ့ကျင့်ခန်း လုပ်သူများသည် စိတ်ဖိစီးမှု ပိုကျသလို အချိန်မရှိတော့ ဟူသော လောသည့် စိတ်လည်း လျော့သွားပြီး အေးအေး လူလူ မြန်မြန် ဆန်ဆန် လုပ်နိုင်လာကြောင်း တွေ့ခဲ့ရတော့သည်။
               ခေါင်းထဲ အလုပ်တွေ စုပြုံကျပ်ခဲ ထည့်ထား သူများသည် အချိန်မရှိဟု အမြဲတမ်း ခံစားနေရကာ ဘယ်အရာမဆို လောလော လောလော လုပ်တတ်ကြောင်း၊ လိုင်းကားစီးရမှာ စိတ်မရှည်သဖြင့် မလိုအပ်ပါဘဲ တက္ကစီ စီးခြင်းမျိုးဖြင့် အချိန်ကို ၀ယ်ယူဖို့ ပိုကြိုးစား တတ်ကြကြောင်း လေ့လာ တွေ့ရှိရသည်။
Source: Daily Mail
Credit:messenger

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...