Thursday, March 2, 2017

မြေထဲပင်လယ်အောက်မှ ပြန်လည်ရှာဖွေတွေ့ရှိခဲ့သော မြို့ဟောင်းကြီး

မြေထဲပင်လယ်ဒေသ အီဂျစ်ကမ်းလွန် အဘိုကာပင်လယ်အော် အနီးတွင် ရှေးဒဏ္ဍာရီထဲမှ Heracleion
မြို့ဟောင်းကြီးကို ၂၀၀၁ ခုနှစ်လောက်က ပြန်လည်၍ ရှာဖွေတွေ့ရှိခဲ့ပါသည်။ ထို့မြို့ဟောင်းကြီးသည်
ရေအောက်သို့ နစ်မြှုပ်ပျောက်ကွယ်နေသည် နှစ်ပေါင်း ၁၂၀၀ ကျော်နေပါပြီ။

ယခင်က ဒဏ္ဍာရီထဲမှ မြို့တော်ကြီးအဖြစ် လူအများက ထင်မှတ်ထားကြပြီး နှစ်ပေါင်းများစွာ
ရှာဖွေတွေ့ရှိခြင်း မရှိခဲ့ကြပါ။ ဒဏ္ဍာရီထဲတွင် ရှေးခေတ်ဂရိများ၏ ဆိပ်ကမ်းမြို့တော်ဟု လူသိများပြီး ဥရောပရေအောက် ဗိသုကာပညာရှင်များအဖွဲ့မှ စတင်တွေ့ရှိခဲ့ကြခြင်း ဖြစ်ပါသည်။

ဒေါက်တာဖရန့်ဂေါ်ဒီယို ဦးဆောင်သောအဖွဲ့သည် ဆယ်စုနှစ်ရှည်ကြာအောင် ထိုမြို့ပျက်ဟောင်းကို
ရှာဖွေခဲ့ကြရခြင်း ဖြစ်ပါသည်။


Heracleion မြို့သည် ကလီယိုပါထရာ မင်းသမီး ဘိသိက်ခံယူခဲ့သည့် ဘုရားကျောင်း တည်ရှိရာ မြို့တစ်မြို့ ဖြစ်ပြီး  ပင်လယ်ကြမ်းပြင်သို့  မနစ်မြုပ်မီက မြေထဲပင်လယ် ဒေသတွင် အဓိက အချက်အချာ ကျသော  ကုန်သွယ်ရေး မြို့ တစ်မြို့ ဖြစ်ခဲ့ကြောင်း သမိုင်းမှတ်တမ်းများက ဆိုကြပါသည်။

တူးဖော်သူများသည် သဲများ၊ ရွှံ့လွှာများကို ဖယ်ရှားပြီး နောက်တွင် Heracleion မြို့၏ ပန်းချီကား တစ်ချပ်နှင့် ထူးခြားသော ပစ္စည်း များစွာကို တွေ့ရှိ ခဲ့ကြသည်။ရှေးဟောင်း ပစ္စည်းများ နှင့် ရုပ်တုကြီးများကို ထိုရေအောက်မှ များစွာ ဆယ်ယူရရှိခဲ့ကြပါသည်။

ယင်းမြို့ပျက်ဟောင်းသည် ရှေးခေတ်က ကုန်သွယ်သင်္ဘောများ စုစည်းရာနေရာအဖြစ် လူသိများသလို နိုင်းမြစ်ဝှမ်းတွင် ကြီးစိုးခဲ့သော ဟက်ပီနတ်မင်းကြီးရှိရာ နေရာအဖြစ်လည်း ထင်ပေါ်ကျော်ကြား လူသိများသည်။ ပြန်လည်ရှာဖွေရာတွင်လည်း တူးဖော်သူများသည် အီဂျစ် ကမ်းရိုးတန်း အလွန် လေးမိုင်အကွာရှိ ပင်လယ်ကြမ်းပြင် အောက်၌ နစ်မြုပ်နေသော သင်္ဘော ၆၄ စင်း ကျော်၏ အပိုင်းအစ များကို တွေ့ရှိခဲ့ကြပါသည်။ ယင်းကဲ့သို့ တွေ့ရှိမှုသည် နေရာ တစ်နေရာတည်း၌ ရှေးဟောင်း သင်္ဘော မြောက်များစွာကို ပထမဆုံး အကြိမ် စုပုံ တွေ့ရှိရခြင်းပင် ဖြစ်ပါသည်။

ကာနိုဗစ်ဒေသဟု မြေပုံပညာရှင်များက ထောက်ပြကြသည့် အဆိုပါနေရာတွင် ဟီရာကလီယွန် ဘုရားကျောင်းကြီးလည်းရှိပြီး ယင်းဘုရားကျောင်းထဲတွင် ဟက်ပီနတ်မင်းကြီး၏ နတ်ကွန်းကြီးကိုလည်း တည်ထားသည်။ယခုအခါ ပြင်သစ်မှ သုတေသီများက ချမ်းသာကြွယ်ဝမှုကို ယူဆောင်လာသည့် ဟက်ပီနတ်မင်းကြီး၏ ရုပ်တုနှင့်တကွ ရေအောက်တွင် ဒဏ္ဍာရီဆန်စွာ ပျောက်ဆုံးနေခဲ့သော မြို့ဟောင်းကြီးကိုပါ ရှာဖွေတွေ့ရှိခဲ့ကြခြင်း ဖြစ်ပါသည်။

ထိုမြို့ဟောင်းကြီးရှိရာနေရာသို့ ရာစုနှစ်ပေါင်း များစွာကြာသည့်တိုင်အောင် မည်သူကမျှ ခြေချနိုင်ခဲ့ခြင်းမရှိဟု အောက်စဖို့ဒ်တက္ကသိုလ်မှ ဗိသုကာဂုရုကြီး ဆာဘာရီကမ်လစ်ဖီက ရှင်းပြခဲ့ပါသည်။

ရေအောက်ကမ္ဘာတွင် နှစ်ပေါင်းထောင်ချီ ပျောက်ဆုံးနေသည့် အကြောင်းအရင်းမှာလည်း ပဟေဠိဆန်နေပြီး လေ့လာသူများအနေဖြင့် ရှင်းလင်းသော ဖြေရှင်းချက်များရရှိအောင် ကြိုးစားနေကြပါသည်။

ယခုအခါ သုတေသီများသည် အဆိုပါမြို့၏ ပုံစံကို 3D နည်းပညာသုံး၍  ပြန်လည် ပုံဖော်ပြီး  ၎င်းမြို့ကြီး ပင်လယ်ကြမ်းပြင်အောက် နစ်မြုပ်သွားရသည့် အကြောင်းရင်း အတိအကျကို ဖော်ထုတ်နိုင်ရန် သုတေသန ပြုမှု များကို  လုပ်ဆောင်လျက် ရှိသည်ဟု သိရပါသည်။

ကမ္ဘာတစ်ဝှမ်းတွင် အလားတူ ရေအောက်သို့ ပျက်စီးပျောက်ကွယ်နေကြသော ဒဏ္ဍာရီဆန်သော မြို့ဟောင်းကြီးများ ရှိကြပြီး ပြန်လည်တူဖော်တွေ့ရှိရန် ကြိုးစားနေကြသော်လည်း မတွေ့ရှိသည်က များပါသည်။ ယခု Heracleion မြို့ဟောင်းကြီးကတော့ ဒဏ္ဍာရီဇာတ်လမ်းတစ်ပုဒ်ကို ပြန်လည်၍ အသက်သွင်းနိုင်ခဲ့သည့် နေရာတစ်နေရာ ဖြစ်ပါသည်။
















သူငယ်ချင်းများပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...