Sunday, March 12, 2017

ထူးထူးခြားခြား စားသောက်ဆိုင်များ

စားသောက်ဆိုင် တစ်ဆိုင်ရဲ့ အရေးကြီးဆုံး အချက်က သန့်ရှင်းမှု ရှိရေး ဖြစ်ပါတယ်။ သန့်ရှင်းမှုရှိမှ စားသုံးသူကို ဆွဲဆောင်နိုင်မှာ ဖြစ်ပါတယ်။ နောက်ထပ် အရေးပါတဲ့ အချက်က အစားအသောက် ကောင်းမွန်ဖို့ ဖြစ်ပါတယ်။ အောင်မြင်တဲ့ စားသောက်ဆိုင်တွေရဲ့ နောက်ကွယ်မှာ လျှို့ဝှက်ချက်တွေ အမျိုးမျိုး ရှိတတ်ကြပါတယ်။
           ယနေ့ခေတ်မှာတော့  စားသောက်ဆိုင်တွေကို စည်ကားစေဖို့ ဆွဲဆောင်မှု ပြုလုပ်ရာမှာ ဆိုင်အပြင်အဆင်ကလည်း အရေးပါလာပြီ ဖြစ်ပါတယ်။ ထူးထူးခြားခြား ပြုလုပ်ထားတဲ့ စားသောက်ဆိုင်တွေကို စားသုံးသူတွေက စိတ်ဝင်စားတတ်ကြပါတယ်။ ဒါကြောင့် ကမ္ဘာတစ်ဝှမ်းမှာ ထူးထူးခြားခြား ပြုလုပ်ထားတဲ့ စားသောက်ဆိုင်တွေ အကြောင်း ဖော်ပြ ပေးလိုက်ပါတယ်။
 
၁။ အိမ်သာ စားသောက်ဆိုင်
           အိမ်သာ ဆိုတာ လူတွေရဲ့ မစင်တွေကို စွန့်လွှတ်တဲ့ နေရာဖြစ် ပါတယ်။ ဒါပေမဲ့ အာရှ ဒေသမှာတော့ အိမ်သာပုံစံ စားသောက်ဆိုင်တွေ ဖွင့်လှစ် ထားမှုဟာ ကျယ်ပြန့်လာပြီး၊ စားသုံးသူတွေကလည်း စိတ်ဝင်တစား လာရောက် ကြတာကြောင့် အောင်မြင်တဲ့ လုပ်ငန်းတစ်ခု အဖြစ် ရပ်တည်နေပြီ ဖြစ်ပါတယ်။ အိမ်သာ စားသောက်ဆိုင်တွေကို စတင် ဖွင်လှစ်ခဲ့တာက တရုတ်တိုင်ပေမှာ ဖြစ်ပါတယ်။ အစောပိုင်းမှာ ရေခဲမုန့်တွေကို အိမ်သာ ပုံစံခွက်တွေထဲမှာ ရောင်းချမှု ပြုလုပ်ခဲ့ပါတယ်။
             ဒီနောက် အောင်မြင်မှု ရရှိလာပြီး အိမ်သာ အသုံးဆောင် ပစ္စည်းတွေနဲ့ ရောင်းချမှုတွေ ပြလုပ် လာခဲ့ပါတယ်။ ရေချိုးခန်းသုံး ပစ္စည်းတွေ ဟာလည်း အိမ်သာ စားသောက်ဆိုင်တွေမှာ အရေးပါတဲ့ နေရာ မှာ ရှိနေကြပါတယ်။ အိမ်သာ ကြွေခွက်တွေကို ထိုင်စရာ ထိုင်ခုံအဖြစ် ပြုလုပ်ထားပြီး၊ နောက်ကျောမှီတဲ့ ခေါင်းအုံးတွေကိုလည်း မစင်တုံးပုံစံ ပြုလုပ် ထားပါတယ်။
            နောက်ပြီး စာသောက်တဲ့ ထိုင်ခုံ အပေါ်မှာ တစ်ရှူး လိပ်၊ ရေချိုးပိုက်ခေါင်း စတာတွေကိုလည်း ဖန်တီး ထားပါတယ်။ အစားအသောက် ထည့်တဲ့ ပန်းကန်တွေကလည်း အိမ်သာမှာ အသုံးပြုနေတဲ့ ပစ္စည်းတွေ ဖြစ်ကြပါတယ်။
           ဒါပေမဲ့ အိမ်သာ စားသောက်ဆိုင်တွေဟာ တရုတ်တိုင်ပေမှာ တဖြည်းဖြည်း ကျော်ကြား လာခဲ့ပြီး ဆိုင်ပေါင်း (၁၂) ဆိုင်လောက် ရှိနေပြီ ဖြစ်ပါတယ်။ မကာအို၊ ဟောင်ကောင်၊ တရုတ်ပြည်မကြီး၊ မလေးရှား စတဲ့ နိုင်ငံတွေ မှာလည်း အိမ်သာ စားသောက်ဆိုင်တွေကို ဖွင့်လှစ် ထားတယ်လို့ သိရပါတယ်။ 

၂။ အမြွာတွေကို စားပွဲထိုး ခန့်ထားတဲ့ စားသောက်ဆိုင်
             စားသောက်ဆိုင်တွေရဲ့ ၀န်ဆောင်မှု အရည်အသွေးကို ထိန်းသိမ်း ပေးသူထဲမှာ စားပွဲထိုးတွေက အရေးပါသူတွေ ဖြစ်ပါတယ်။ ကျွမ်းကျင်တဲ့ စားပွဲထိုးရှိမှ အကောင်းဆုံး ၀န်ဆောင်မှုကို ပေးနိုင်မှာ ဖြစ်ပါတယ်။ရုရှားနိုင်ငံ၊ မော်စကို မြို့မှာရှိတဲ့ စားသောက်ဆိုင် ကတော့ စားသုံးသူတွေ စိတ်ဝင်စားမှု ပိုလာအောင် စားပွဲထိုးတွေကို ထူးထူးခြားခြား ခန့်အပ်မှု ပြုလုပ် ထားပါတယ်။
             အဲဒါ ကတော့ အမြွာတွေကို စားပွဲထိုးအဖြစ် ခန့်အပ်ထားခြင်း ဖြစ်ပါတယ်။ ဆိုင်ထဲ ၀င်လိုက်တာနဲ့  အ၀တ်အစား ဆင်တူ ၀တ်ဆင်ထားတဲ့ အမြွာတွေကို မြင်တွေ့ရမှာ ဖြစ်ပြီး၊ ထူးခြားတဲ့ စိတ်ခံစားမှု ဖြစ်လာအောင် ဆောင်ရွက်ထားခြင်းဖြစ်ပါတယ်။
            ဆိုင်ပိုင်ရှင် ဖြစ်သူက ၁၉၆၄ မှာ ကျော်ကြားခဲ့တဲ့ ရုပ်ရှင် ဇာတ်ကားက ပုံစံကို ဖန်တီးထားခြင်း ဖြစ်ကြောင်း ဟြေကြား ခဲ့ပါတယ်။ ရုရှးနိုင်ငံမှာ Kingdom of Crooked Mirrors ရုပ်ရှင် ဇာတ်ကားဟာ အလွန် ကျော်ကြားပြီး မင်းသမီး တစ်ဦး မှန်ကိုကြည့် ပြီးနောက် မှန်ထဲမှာ ထင်နေတဲ့ အရုပ်ကို အစစ်အမှန် အဖြစ် ထင်မှတ်နေခြင်း အကြောင်း ရိုက်ကူးထားတာ ဖြစ်ပါတယ်။
             ဆိုင်ပိုင်ရှင် ဖြစ်သူက မိမိသည် ပုံပြင်များကို သဘောကျသူ ဖြစ်ကြောင်း၊ အမြွာများကြောင့် ထူးခြားတဲ့ ညစာစားမှုကို ဖြစ်ပေါ်စေမှာ ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။ အမေရိကန် ပြည်ထောင်စု၊ နယူးယော့ခ်မှာလည်း အမြွာတွေနဲ့ ၀န်ဆောင်မှု ပေးနေတဲ့ စားသောက်ဆိုင် တစ်ဆိုင် ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

၃။ အရုပ်မ စားသောက်ဆိုင်
                တရုတ် တိုင်ပေမှာရှိတဲ့ စားသောက်ဆိုင် တစ်ဆိုင်ဟာ အပြင်အဆင်က အစ ထူးခြား နေခဲ့ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တစ်ဆိုင်လုံးကို ပန်းရောင် ခြယ်သ ထားတာကြောင့် ဖြစ်ပါတယ်။ ဆိုင်ထဲ ၀င်လိုက်တာနဲ့ တစ်ခါမှ မြင်တွေ့ရခြင်း မရှိတဲ့ စိတ်ခံစားမှုမျိုး ရရှိအောင် ပြုလုပ်ထားပါတယ်။
          အစားအသောက် မှာတဲ့ စာရင်းကအစ ထိုင်ခုံတွေ အဆုံး ပန်းရောင်တွေနဲ့ ပြုလုပ် ထားပါတယ်။ ဒီစားသောက်ဆိုင်ကို အရုပ်မ စားသောက်ဆိုင်လို့ အမည် ပေးထားပါတယ်။ အရုပ်မ တစ်ရုပ်ရဲ့ ဘ၀မျိုး ရောက်သွားအောင် ပြုလုပ်ထားခြင်း ဖြစ်ပါတယ်။
          ပန်းရောင် နောက်ခံ အနေအထားမှာ နံရံတွေကိုလည်း အရုပ်မ ပုံတွေ ချိတ်ဆွဲမှု ပြုလုပ် ထားပါတယ်။ ပိုပြီး ထူးခြားတာက ဆိုင်ဝန်ထမ်းတွေဟာ အရုပ်မပုံစံနဲ့ ၀န်ဆောင်မှု ပေးနေခြင်း ဖြစ်ပါ တယ်။ ချိုသာတဲ့ အပြုံး၊ အရုပ်မလို ၀တ်စား ဆင်ယင်မှုစတဲ့ အချက်တွေဟာ ဆိုင်ကို လာရောက်သူတွေ အတွက် ထူးခြားတဲ့ ခံစားမှုကို ဖြစ်ပေါ် စေပါလိမ့်မယ်။
            ထူးခြားတဲ့ ပုံစံကို နှစ်သက်သူတွေ အတွက် သဘောကျစေမယ့် စားသောက်ဆိုင် ဖြစ်တယ်လို့ ညွှန်းဆို ထားပါတယ်။

၎။ ဆေးရုံ စားသောက်ဆိုင်
             လတ်ဗီးယားနိုင်ငံမှာ ဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင် တစ်ဆိုင်မှာ ဆရာဝန်တွေ၊ သူနာပြုတွေဟာ သွားလာ လှုပ်ရှားနေကြပြီး သူတို့ လက်ထဲမှာလည်း ဆန်းဟြးတဲ့ အစားအစာ တွေကိုလည်း ကိုင်ဆောင်ထား ကြပါတယ်။ သွေးလန့်သူတွေ အတွက် ကတော့ တကယ့်ကို ထိတ်လန့်စရာ ဖြစ်ပါတယ်။
              ကြီးမားတဲ့ ကိတ်မုန့်ကြီးပေါ်မှာ လူသားတွေရဲ့ ကိုယ် အင်္ဂါ အစိတ်အပိုင်းတွေဖြစ်တဲ့ လျှာ၊ လက်၊ နှာခေါင်း စတာတွေကို တင်ထားကိုလည်း တွေ့ရှိရမှာ ဖြစ်ပါတယ်။ ထိတ်လန့်စရာ ဖြစ်သွား နိုင်ပေမယ့် တကယ်တမ်းမှာတော့ စိတ်ဝင်စားမှု ရအောင် ပြုလုပ်ထားခြင်း ဖြစ်ပါတယ်။ ဒါဟာ စားသောက်ဆိုင် တစ်ခုမှာ မြင်တွေ့နေကြ ပုံစံမျိုး ဖြစ်ပါတယ်။
                စားတော်ကဲကြီးက ဆရာဝန် ယူနီဖောင်း၊ စားပွဲထိုးတွေက သူနာပြု ယူနီဖောင်းတွေ ၀တ်ဆင်ပြီး ဆိုင်ထဲမှာ ၀န်ဆောင်မှု ပေးနေခြင်းလည်း ဖြစ်ပါတယ်။ ဒီဆိုင်ကို ဆေးရုံစား သောက်ဆိုင်လို့ ခေါ်ဆိုပြီး ဆေးရုံတစ်ရုံနဲ့ တူအောင် ပြုလုပ်ထားခြင်း ဖြစ်ပါတယ်။ လာရောက် စားသုံးသူတွေဟာ ဆေးရုံ တက်နေသလိုမျိုး ပုံစံဖြစ်အောင် ဆေးရုံ အ၀တ်အစား တွေကိုလည်း ၀တ်ဆင် နိုင်ပါတယ်။
               ဒါ့အပြင် စားသုံးသူတွေ အသစ်အဆန်း ဖြစ်စေဖို့ စားသောက်တဲ့ အသုံးအဆောင် ပစ္စည်းတွေကို ဆေးရုံသုံး ပစ္စည်းတွေနဲ့ ဖန်တီး ပေးထားပါတယ်။ အရက်ဘားကိုလည်း ဆေးရုံသုံး ပစ္စည်းတွေနဲ့ ပြုလုပ်ထားပြီး ခွဲစိတ်ခန်းမှာ သုံးတဲ့ ပစ္စည်းတွေနဲ့ အလှ ဆင်ယင်ထားတာ ဖြစ်ပါတယ်။
                စားသောက်ဆိုင် တစ်ဆိုင်လုံးကို ဆေးရုံး ဆက်စပ် ပစ္စည်းတွေနဲ့ ဆင်ယင်ထားခြင်း ဖြစ်ပါတယ်။ဆေးရုံ ဆက်စပ် ပစ္စည်းတွေနဲ့ ဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင်တွေကို စင်ကာပူနဲ့ အင်ဒိုနီးရှား တို့မှာလည်း ဖွင့်လှစ် ထားပါတယ်။

၅။ သွေးစုပ် ဖုတ်ကောင် စားသောက်ဆိုင်
           သွေးစုပ် ဖုတ်ကောင်လို့ခေါ်တဲ့ ဒရက်ကူလာ ဇာတ်ကားတွေကို ကြည့်ဖူးကြမှာ ဖြစ်ပါတယ်။
                ဒရက်ကူလာတွေဟာ လူသားတွေကို တိုက်ခိုက်ဖို့ နည်းမျိုးစုံ အသုံးပြုနေတာကို ရုပ်ရှင် ဇာတ်ကားတွေ မှာ ပုံဖော်ထားလေ့ ရှိပါတယ်။ ဒရက်ကူလာ၊ စုန်းမ၊ ၀ံပုလွေ စတာတွေကို မကောင်းဆိုးရွား ဇာတ်ကားတွေမှာ မကြာခဏ မြင်တွေ့နေရတာကြောင့် ကြောက်စရာ အဖြစ် မြင်တတ်ကြပါတယ်။
          ဒါပေမဲ့ ဒရက်ကူ လာတွေဟာ ကြောက်စရာ မလိုကြောင်း ပြသတဲ့ အနေနဲ့ သွေးစုပ် ဖုတ်ကောင် စားသောက်ဆိုင်ကို သြစတြေးလျ နိုင်ငံ၊ မဲလ်ဘုန်းမြို့မှာ ဖွင့်လှစ် ထားပါတယ်။ ဒီစားသောက်ဆိုင်ဟာ ထင်ရှားတဲ့ စားသောက်ဆိုင် ဖြစ်ပြီး၊ လာရောက်သူတွေ အားလုံး ကျေနပ်မှု ရရှိအောင် စီစဉ်ပေးထားပါတယ်။
            ဆိုင်ရဲ့အပြင်အဆင်ကိုလည်း ခြောက်ခြားစရာ ဖြစ်အောင် လုပ်ထားပါတယ်။ နောက်ပြီး ဆိုင်ဝန်ထမ်းတွေ ပုံစံကလည်း ဒရက်ကူလာ ရုပ်ရှင် ဇာတ်ကားတွေထဲက ပုံစံမျိုးဖြစ်အောင် ဖန်တီး ပေးထားပါတယ်။
                ဖျော်ဖြေရေး အစီအစီအစဉ် တွေကိုလည်း လုပ်ဆောင် ပေးထားပါတယ်။ အရက်၊ ကော့တေးစတာ တွေကို သရဲအမည်တွေ ပါအောင် ထူးထူးခြားခြား ပေးထားပါတယ်။ ဆိုင်အတွင်းပိုင်းကို ခပ်မှောင်မှောင် ပုံစံ ပြုလုပ်ထားပြီး၊ ခေါင်းတလား တွေကလည်း ရှိနေတာကြောင့် ကြောက်ရွံ့မှုကို ခံစားရရှိစေမှာ ဖြစ်ပါတယ်။
         အရက်ဘားမှာ တာဝန်ကျတဲ့ ၀န်ထမ်းကလည်း ကြောက်စရာ အသွင်အပြင် ဖန်တီးထားတာကြောင့် ဒီဆိုင်ကို လာရောက်သူ အများအဟြး ရှိနေခြင်း ဖြစ်ပါတယ်။
Credit :  messengernewsjournal.com

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...