Wednesday, March 22, 2017

ကမ္ဘာကြီး ဘာတွေ ၀ယ်ချင်နေလဲ


ပလတ်စတစ် ဆာဂျရီမှသည် ဂျပန် ဖရဲသီး အထိ ဂူဂဲမှာ ကမ္ဘာတစ်ဝန်းက လူသားများ ဈေးနှုန်း ရိုက်ရှာနေတာတွေ စုစည်း လေ့လာလိုက်တော့ စိတ်ဝင်စားစရာ ပြုံးချင်စရာလေးတွေ တွေ့ရသည်။
             ဘယ်ဟာက ဘယ်ဈေးနှုန်း ရှိကြောင်း သိချင်၍ ဂူဂဲမှာ ရိုက်ရှာထားကြသည့် စာရင်းများကို ဈေးနှုန်းခန့်မှန်း ၀ဘ်ဆိုက် Fixr.com က စာရင်းပြုစု ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ ရလဒ်များ အရ လူတွေဟာ ပြင်သစ် ရောက်ရင် ပြင်သစ်မှာ နာမည်ကျော် လခြမ်းပုံ ပေါင်မုန့်ဈေး သိချင်ကြသည်။ အီဂျစ်ရောက်ရင် ကုလားအုတ်စီးဖို့ ဈေးဘယ်လောက် ပေးရလဲ သိချင်ကြသည်။ မေးစရာ လူမရှိပါက ဂူဂဲမှာ ရိုက်ရှာတတ်ကြသည်။
           သမားရိုးကျ ရှာဖွေမှုများ အပြင် ပြုံးချင်စရာ ထူးထူးဆန်းဆန်း ဈေးနှုန်း ရှာဖွေမှုများလည်း ရှိသည်။ ဂျပန်က ဖရဲသီးဈေး၊ အီကွေဒေါက ပနားမား ဦးထုပ်ဈေး၊ ပနားမားမှာ ပင်လယ်ပြင် လေဟုန်စီးခ၊ ရုရှားမှာ MiG   တိုက်လေယာဉ်စီးရင် ဘယ်လောက် ကျမလဲ စသဖြင့် ခပ်ဆန်းဆန်းများလည်း ပါသည်။

           ဂူဂဲတွင် ဈေးနှုန်းများ ရိုက်ရှာကြသည့် စာရင်းကို သုံးသပ်ကြည့်ခြင်းဖြင့် ကမ္ဘာတစ်ဝန်း ယဉ်ကျေးမှု ကွာခြားပုံများကို မြင်နိုင်သလို၊ တူညီမှုများကိုလည်း မြင်ရကြောင်း  Fixr.com က ပြောသည်။
            စာရင်းများအရ မြောက်အမေရိက တိုက်သားများသည် နိုင်ငံကူး လက်မှတ်ခ၊ မူပိုင်ခွင့် တင်ခများကို  စိတ်အ၀င်စားဆုံး ဖြစ်ကြောင်း တွေ့ရသည်။ ဥရောပသားများက လက်တွေ့ဆန်သည်။ တက္ကသိုလ် ကျောင်းစရိတ်၊ ကားဈေးနှုန်း၊ အရက်ဘီယာ ဈေးနှုန်းတွေ ပိုစိတ်ဝင်စားသည်။
            ဗြိတိန်မှာ တက္ကသိုလ် တက်ရင် ဘယ်လောက် ကျမလဲ ဆိုတာ ဥရောပသားများ အရှာအများဆုံး ဖြစ်သည်။ ဂျာမနီက BMW ကားဈေး၊ ဆွစ်ဇာလန်က Rolex နာရီဈေးကိုလည်း အရှာ များကြသည်။ အိုက်စလန်နှင့် ဘယ်ဂျီယမ်တွင် ဘီယာဈေး ဘယ်လောက် ရှိတယ် ဆိုတာလည်း လူစိတ်ဝင်စားမှု များသည်။ အကြောင်းမှာ အိုက်စလန်သည် ဘီယာကို အထူး ကန့်သတ် ထားသောကြောင့် ဘီယာအလွန် ဈေးကြီးသလို၊ ဘယ်ဂျီယမ်မူကား ဘီယာ ကောင်းကောင်းတွေ အထွက်ဆုံး နိုင်ငံအဖြစ် နာမည်ကြီးသောကြောင့် ဖြစ်သည်။
            အာဖရိကသား များကား နေ့စဉ်ဘ၀ အသုံးအဆောင် ပစ္စည်းဈေး၊ စားသောက်ကုန် ဈေးများကို အရှာအများဆုံး ဖြစ်သည်။ ကုလားအုတ်ဈေး၊ နွားဈေး၊ ဆိတ်ဈေး ဘယ်လောက်ရှိလဲ ဆိုတာ အာဖရိကသားများ အသိချင်ဆုံး ဖြစ်သည်။
           အာဖရိကတွင် အခြားသော ဈေးနှုန်း ရှာဖွေမှုများထဲ၌ အိမ်ဈေး၊ ပေါင်မုန့် ဈေးကိုလည်း လူရှာများသည်။ ဆီရာရာလီယွန်တွင် စိန်ဈေး၊ တန်ဇေးနီးယားတွင် တောရိုင်း ဥယျာဉ်တွင်း အပန်းခြေ ခရီးစရိတ်၊ တူနီးရှားတွင် ကုလား အုတ်စီးခ ကိုလည်း လူစိတ်ဝင်စားသည်။
            မွေးမြူရေး တိရစ္ဆာန် ဈေးနှုန်းကို အာရှသားများ စိတ်ဝင်စားသည်။ အိန်္ဒိယမှာ နွားဈေးကို လူတော်တော်များများ သိချင်ကြသဖြင့် ဂူဂဲမှာ အရှာ များကြသည်။ အိန်္ဒိယတွင် နွားချော နွားလှ ပိုင်ဆိုင်သူသည် ဂုဏ်ကြီးသူ အဖြစ် သတ်မှတ် ခံရသည်။ ပြီးခဲ့သည့်နှစ် အိန်္ဒိယ နွားပြပွဲတွင် နိုင်ငံမြောက်ပိုင်း၊ မာရွတ်မြို့မှ ယူရာ့ဂ်ျ ဟူသော နွားသည် ပထမဆု ဆွတ်ခူးခဲ့သည်။ ထိုနွားကို ဒေါ်လာ တစ်သန်းပေးပြီး ၀ယ်ယူလိုသူများပင် ပေါ်ပေါက်ခဲ့သည်။
            အရှေ့အလယ်ပိုင်းနှင့် အာရှဒေသသည် တန်ဖိုးကြီး ပစ္စည်းများကိုလည်း ခုံမင်ကြသည်။ ကူဝိတ်က လူများ အရှာအများဆုံးမှာ လမ်ဘိုဂီနီ ပြိုင်ကား ဈေးနှုန်း ဖြစ်သည်။ ယူအေအီး နိုင်ငံသားများသည်လည်း ဖယ်ရာရီကားဈေးကို အရှာဆုံး ဖြစ်သည်။
            ပါတီပွဲ ပျော်ပွဲများနဲ့ တက်ကြွ နေတတ်သော တောင်အမေရိက တိုက်သားများသည် ဓလေ့နှင့် လိုက်ဖက်စွာပင် ဘီယာဈေး၊ အရက်ဈေးများကို အရှာ အများဆုံး ဖြစ်သည်။ ဖန်ပြွန် သန္ဓေသားနည်းနဲ့ ကလေး မွေးလျှင် ဘယ်လောက်ကျမယ် ဆိုတာကို သြစတြေးလျသားများက စိတ်အ၀င်စားဆုံး ဖြစ်သည်။ အမျိုးသားများ သားကြောဖြတ်သည့် ခွဲစိတ် ကုသစရိတ် ဘယ်လောက် ဆိုတာကို နယူးဇီလန်သားများက ဂူဂဲမှာ အရှာဆုံး ဖြစ်သည်။
            ခပ်ဆန်းဆန်း တွေလည်းရှိသည်။ မော်ရီတေးနီးယားမှာ ကျွန်ဈေး ဘယ်လောက်လဲ၊ အီရန်မှာ ကျောက်ကပ်ဈေး ဘယ်လောက်လဲ၊ တောင်ကိုရီးယားမှာ နှာခေါင်း ခွဲစိတ်ခ ဘယ်လောက်လဲ၊ ဘရာဇီးမှာ ဇိမ်မယ်ခေါ်ရင် ဈေးဘယ်လောက်လဲ စသည်တို့လည်း ပါသေးသည်။
            အီရန်တွင် ကျောက်ကပ် ထုတ်ရောင်းခြင်းကို အစိုးရက စည်းမျဉ်း စည်းကမ်းများဖြင့် တရားဝင် ခွင့်ပြုပေးထားသည်။ မော်ရီတေးနီးယားတွင် ကျွန်အရောင်းအ၀ယ်ကို ၂၀၀၇ ခုနှစ်ကမှ အစိုးရက တရားဝင် တားမြစ်လိုက်ခြင်း ဖြစ်သည်။ ကမ္ဘာပေါ်တွင် ကျွန်စနစ် နောက်ဆုံး နိုင်ငံလည်း ဖြစ်သည်။ ယခုထိတိုင် ကျွန်ကုန်ကူးစနစ် မီးမငြိမ်းနိုင်သေးကြောင်းကို ဂူဂဲတွင် ကျွန်ဈေးရှာဖွေ ကြည့်ရှုမှုများက သက်သေ ခံနေသည်။
            ဂျပန်မှာ ဖရဲသီးဈေး ဘယ်လောက် ဆိုတာကလဲ လူရှာများသော ဈေးနှုန်းဖြစ်သည်။ ပြီးခဲ့သည့်နှစ် ဇွန်လက ဂျပန်တွင် အခွံမည်းနှင့် စက်လုံးပုံစံ လုံးဝန်းသော ဖရဲသီးကို ဒေါ်လာ သုံးထောင်ကျော်ထိ ပေးပြီး ၀ယ်စားသူများပါ ရှိခဲ့သည်။
            ဂျပန်တွင် အသီးအနှံ ကောင်းကောင်းသည် ဂုဏ်ယူစရာ၊ တန်ဖိုးထားစရာ ပစ္စည်းတစ်ခု ဖြစ်သည်။ ပန်းသီးတစ်လုံးကို (၅) ဒေါ်လာ လောက် ရှိသည်။ စက်လုံးပုံ ဖရဲသီး အပြင် လေးထောင့် ဖရဲသီးသည်လည်း ဂျပန်တွင် တစ်သက် တစ်ခါ အထိမ်းအမှတ် ပွဲမျိုးမှာမှ စားကြသည့် တန်ဖိုးကြီး စားစရာ တစ်ခု ဖြစ်သည်။
            တစ်ကမ္ဘာလုံးက လူတွေ စိတ်ဝင်စားကြသည့် ဈေးနှုန်း တစ်ခုကား အန္တာတိကတိုက်တွင် မြေဈေး ဘယ်လောက် ရှိလဲဟူ၍။
Ref: Daily Mail
Credit: messengernewsjournal.com

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...