Monday, March 20, 2017

မိမိသေဆုံးခဲ့ပေမယ့် မိမိရဲ့အချစ်ကို ရှင်သန်စေခဲ့သူ


သစ္စာကြီးမားပြီး အချစ်ကြီးချစ်ခဲ့သူများ၏ အချစ်ပုံပြင်များတွင် ဂျက်ဘန်နီ(Jack Benny) ၏ အချစ်ကို စံပြုထိုက်စရာတစ်ခု အဖြစ်သတ်မှတ်ခဲ့ကြပါသည်။ သူရဲ့အချစ်သက်သေပြချက်သည် သူသေဆုံးခဲ့ပေမယ့် သူ့၏ချစ်ဇနီးအပေါ် အချစ်တွေ ဆက်လက်ရှင်သန်နေကြောင်း လှပစွာ ပြသနိုင်ခဲ့ခြင်း ဖြစ်ပါသည်။
ရေဒီယို နှင့် တယ်လီဗေးရှင်း အစီအစဉ်များတွင် နာမည်ကျော်လူကြိုက်များခဲ့သော ဂျက်ဘန်နီ သည် သူရဲ့ဇနီးအပေါ် ချစ်ခင်ကြင်နာမှုကတော့ လူအများပြောစရာ ဖြစ်ခဲ့ပါသည်။ သူတို့ဇနီးမောင်နှံသည် တစ်ဦးအပေါ်တစ်ဦး ခိုင်မြဲသော မေတ္တာများဖြင့် နှောင်ဖွဲ့ထားကြသူများပါ။ ဂျက်ဘန်နီ အတွက် သူဇနီး မေရီ (မစ်စ် ဘန်နီ) နှင့် သမီးလေး Joan တို့က သူ့ဘ၀ပါ။
သို့ပေမယ့် ၁၉၇၄ ၊ အောက်တိုဘာလထဲ ဂျက်ဘန်နီ အသက် ၈၀ အရွယ်တွင် ပန့်ခရိယက် ကင်ဆာရောဂါဖြင့် မမျှော်လင့်ဘဲ သေဆုံးခဲ့ပါသည်။ ဂျက် ၏ သေဆုံးမှုသည် မေရီ အတွက်တော့ နှလုံးကွဲကြေ လွမ်းဆွတ်စေပါသည်။ ရုတ်တရတ် ရောဂါဆိုးကြီးဖြင့် ခွဲခွာသွားသဖြင့် ဖြေဆည်နိုင်မှု မရှိခဲ့ရှာပါ။
သို့သော် ဂျက်ဘန်နီ သေဆုံးပြီး နောက်ရက်များတွင် နေ့စဉ်နေ့တိုင်း မေရီဆီသို့ နှင်းဆီပန်း အနီတစ်ပွင့် ရောက်ရှိလာပါသည်။ နေ့တိုင်း တစ်နေ့မပျက် ရောက်လာတာပါ။ နေ့တိုင်းပုံမှန် ဖြစ်လာသဖြင့် မေရီအနေဖြင့် ဒီလိုရောက်လာရသည့် အကြောင်းအရင်းနှင့် ပန်းဆိုင်ပိုင်ရှင်ကို ရှာဖွေခဲ့ပါသည်။
နောက်ဆုံး ပန်းဆိုင်ပိုင်ရှင်ကို တွေ့ရှိခဲ့ပါသည်။ ပန်းဆိုင်ပိုင်ရှင်က ဒီလိုပို့တာ ဂျက်ဘန်နီမကွယ်လွန်မှီ နှစ်များစွာကတည်းက ကြိုတင်စီစဉ်ထားကြောင်းပြောခဲ့ပါသည်။ တစ်နေ့ သူအရင်သေခဲ့ရလျှင် ကျန်ရစ်ခဲ့သူ မေရီအနေဖြင့် မနက်တိုင်း နှင်းဆီအနီရောင် တစ်ပွင့်ကို ရရှိကာ မိမိကို လွမ်းဆွတ်သတိရမှုကို ဖြေသိမ့်စေလိုသော သဘောဖြင့် ကြိုတင်စီစဉ်ထားခဲ့ကြောင်း ပြောပြခဲ့ပါသည်။
မိမိဘယ်အချိန်သေမလဲ ကြိုမသိပေမယ့် ကျန်ရစ်ခဲ့ရသူ ချစ်ဇနီးအတွက် နှစ်များစွာ ကြိုတင်ပြင်ဆင်ထားခဲ့မှုက အံ့သြချီးကျူးစရာပါ။ မေရီအနေဖြင့် ထိုကဲ့သို့ မနက်တိုင်း နှင်းဆီတစ်ပွင့်ကို နောင် ရှစ်နှစ် သူမသေဆုံးသည့် အချိန်အထိ လက်ခံရရှိခဲ့ပါသည်။
ဂျက်ဘန်နီ၏ ချစ်ခြင်းမေတ္တာကို လူသာသေခဲ့ပေမယ့် အချစ်ကတော့ ဆက်လက်ရှင်သန်စေခဲ့သူ အဖြစ် အများကပြောစမှတ် ဖြစ်စေခဲ့ပါသည်။
ချစ်သောသူတိုင်း အချစ်များ ကမ္ဘာတည်သ၍ ဆက်လက်ရှင်သန်နိုင်ပါစေ …..

သူငယ်ချင်းများပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...