
ယနေ့ စမတ်ဖုန်းခေတ်တွင် emoji (ခံစားချက်ဖော် ရုပ်ပုံလေးများ) မသုံးသူ မရှိသလောက် ဖြစ်သည်။ အပြုံး မျက်နှာပုံ၊ နှလုံးသားပုံမှ အစ မစင်ပုံလေးများထိ emoji အမျိုးအစား စုံလင်လှသည်။ မိမိ၏ emoji ရွေးချယ် အသုံးပြုပုံသည် မိမိ စိတ်ဓာတ်ခံကိုလည်း ကောင်းကောင်း ဖော်ကျူးရာ ရောက်နေသည်။ ယခုအခါ ကမ္ဘာတစ်ဝန်း emoji သုံးပုံများကို ခွဲခြမ်းစိတ်ဖြာ လေ့လာကာ နိုင်ငံများ၏ ယေဘုယျ စိတ်ထားကို ဖော်ထုတ်ထားသည့် လေ့လာမှု စစ်တမ်း တစ်စောင် ထွက်လာပြီ။
ကမ္ဘာတစ်ဝန်း emoji သန်းတစ်ထောင် လောက်ထိ အပြန်အလှန် ပေးပို့မှုများကို ခွဲခြမ်းစိတ်ဖြာ မှတ်တမ်း တင်ထားခြင်း ရလဒ် အရ ပြင်သစ် နိုင်ငံသားများသည် အချစ်တတ်ဆုံးသူများ ဖြစ်ကြောင်း နှလုံးသားပုံ emoji အပြန်အလှန် ပေးပို့မှု ထိပ်ဆုံးစာရင်းတွင် ပါနေခြင်းက သက်သေခံနေသည်။ သြစတြေးလျသားများကား အရက်နှင့် ပတ်သက်ပြီး ကမ္ဘာပေါ်တွင် အတက်ကြွဆုံး လူသားများ ဖြစ်ကြောင်းကို အရက်နှင့် ဆက်စပ်သော emoji ပေးပို့မှု အများဆုံး ဖြစ်နေခြင်းက သက်သေခံသည်။
အမေရိကန်နိုင်ငံသားများကား လိင်တူကိစ္စနှင့် ပတ်သက်သည့် လက်ချင်း ချိတ်ထားပုံ၊ သက်တံပုံ၊ အမျိုးသားချင်း လက်တွဲထားပုံ၊ အမျိုးသမီးချင်း လက်တွဲထားပုံ စသည့် emoji လေးများကို အခြား နိုင်ငံများထက် (၃၀) ရာခိုင်နှုန်းလောက် ပိုပို့ နေကြသည်။ အမေရိကန်ပြီးလျှင် ကနေဒါ နှင့် မလေးရှားက အစဉ်လိုက် ရှိသည်။
လန်ဒန် အခြေစိုက် စမတ်ဖုန်း ကီးဘုတ် ကုမ္ပဏီ Swiftkey က သုတေသန ပြုထားခြင်း ဖြစ်သည်။ Swiftkey ကီးဘုတ်သည်လည်း သုံးရ အဆင်ပြေဆုံး ကီးဘုတ် တစ်ခု အဖြစ် နာမည်ကျော်သည်။ အမျိုးအစား ကဏ္ဍပေါင်း (၆၀) ကျော်မှ emoji ပေါင်း (၈၀၀) ကျော်ကို နိုင်ငံ အသီးသီးတွင် အသုံးပြုနေပုံအား လေ့လာထားခြင်း ဖြစ်သည်။
၂၀၁၄ အောက်တိုဘာမှ ၂၀၁၅ ဇန်န၀ါရီ အတွင်း အန်းဒရွိုက်ဖုန်း၊ အိုင်ဖုန်းများနှင့် ကမ္ဘာတစ်ဝန်း အသုံးပြုမှုများကို လေ့လာထားသည်။ အင်္ဂလိပ်၊ စပိန်၊ ဗီယက်နမ်၊ ပြင်သစ်၊ မလေးရှား၊ အာရပ်၊ ဂျာမနီ၊ တူရကီ၊ ပြင်သစ်၊ ပေါ်တူဂီ၊ အီတလီ၊ ရုရှား ဘာသာသုံးသူများကို လေ့လာထားသည်။
ပျော်ရွှင်မှုကို ဖော်ကျူးသော emoji မျက်နှာပုံလေးများ၊ လူပုံလေးများကို တစ်ကမ္ဘာလုံးတွင် ပေးပို့မှု အများဆုံး ဖြစ်သည်။ တစ်ကမ္ဘာလုံး ပေးပို့သော emoji စုစုပေါင်း ၏ (၄၅) ရာခိုင်နှုန်းသည် ပျော်ရွှင်ခြင်းကို ဖော်ကျူးသော emoji များ ဖြစ်ကြောင်း သိရသည်။
ပေးပို့မှု ဒုတိယ အများဆုံးမှာ ၀မ်းနည်းခြင်း ကိုယ်စားပြု emoji ပုံများဖြစ်သည်။ တတိယ အများဆုံးမှာ အရောင် အမျိုးမျိုးဖြင့် နှလုံးသားပုံများ ဖြစ်သည်။ စတုတ္ထ အများဆုံးမှာ လက်မထောင်၊ လက်ခုပ်တီး၊ ငြိမ်းချမ်းရေး သင်္ကေတများ ပါသော လက်ပုံအ မျိုးမျိုး emoji များဖြစ်သည်။ ပဉ္စမ အများဆုံးကား ချစ်ခြင်းကို ကိုယ်စားပြုရာ အနမ်း နှုတ်ခမ်းရာ၊ ရည်းစားစာ၊ နှစ်ယောက် နမ်းနေပုံ စသည့် emoji များဖြစ်သည်။
ဘာသာစကား အမျိုးမျိုးဖြင့် သုံးစွဲနေ သူများကို ပေါင်းခြုံ ကောက်ချက်ချကြည့်လျှင် အပြုသဘောဆောင် emoji ပေးပို့မှု ပိုများကြောင်း တွေ့ရသည်။ တစ်ကမ္ဘာလုံး ပေးပို့သော emoji များ၏ (၇၀) ရာခိုင်နှုန်းထိသည် အပြုသဘောဆောင် emoji များဖြစ်ကြောင်း တွေ့ရသည်။ တစ်နိုင်ငံချင်း အနေဖြင့် ပြင်သစ်သားများက အပြုသဘောဆောင် emoji (၈၇) ရာခိုင်နှုန်းထိ ပေးပို့ကာ ထိပ်ဆုံးက ရပ်တည်သည်။ မလေးရှားသားများက (၆၀) ရာခိုင်နှုန်းဖြင့် အပြုသဘောဆောင် စာရင်း၏ နောက်ဆုံးတွင် ရပ်တည်သည်။
အမေရိကန်မှ စပိန် စကားပြော သမားများကား အဖျက်သဘောဆောင် emoji ပေးပို့မှု (၂၂) ရာခိုင်နှုန်းဖြင့် အဖျက်သဘော ဆောင်စာရင်းတွင် ထိပ်ဆုံးက ရပ်တည်သည်။ ပြင်သစ်သားများက (၇) ရာခိုင်နှုန်းဖြင့် အဖျက် သဘောဆောင် စာရင်းတွင် နောက်ဆုံး၌ ရှိသည်။
ဟာသ emoji များဖြစ်သော မစင်ပုံ၊ လေလည် နေပုံများကို မလေးရှားသားများ က တစ်ကမ္ဘာလုံး ပျမ်းမျှနှုန်းထက် နှစ်ဆထိ ပိုအသုံးပြုကြသည်။ ရုရှားသားများက အသုံး အနည်းဆုံး ဖြစ်သည်။ ကနေဒါနှင့် ဗီယက်နမ် သားများသည်လည်း မစင် အညစ်အကြေးနှင့် ဆက်စပ်သော emoji များကို အသုံးများသည့် ထိပ်ဆုံး စာရင်းထဲတွင် ပါကြသည်။
ပြင်သစ်သည် အခြား နိုင်ငံအားလုံး ထက် နှလုံးသားနှင့် ဆက်စပ်သော emoji ပုံလေးဆထိ ပိုသုံးသည်။
emoji အလိုက် အသုံးအများဆုံးနှင့် အနည်းဆုံး ဒေသများ
လိင်တူ ဆက်စပ် emoji များ
လိင်တူဆက်စပ် emoji များကို အမေရိကန်များက အခြား သူများထက် (၃၀) ရာခိုင် နှုန်း ပိုသုံးကြသည်။ ကနေဒါနှင့် မလေးရှားတို့က အစဉ်လိုက်ရှိသည်။ ဗီယက်နမ်က အသုံးအနည်းဆုံး ဖြစ်သည်။
ချစ်ခြင်း emoji
ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုသော အနမ်းပုံ၊ ပွေ့ဖက်ပုံစသည့် emoji ပုံအမျိုး မျိုးကို ရုရှား စကားပြောသူများက ပျမ်းမျှထက် သုံးဆ ပိုသုံးကြသည်။ ဗီယက်နမ်နှင့် သြစတြေးလျတို့တွင် အသုံးအနည်းဆုံး ဖြစ်သည်။
ဘာသာရေး emoji
ဆုတောင်းနေပုံ၊ ဘုရားကျောင်းပုံ စသည့် အနောက်တိုင်း ဘာသာရေးနှင့် ဆက်စပ်သော emoji ပုံများကို ဘရာဇီး စကား ပြောသူများက ပျမ်းမျှနှုန်းထက် နှစ်ဆကျော်ထိ ပိုသုံးကာ ဇယား ထိပ်ဆုံးတွင် ရှိသည်။ အမေရိကန်မှ စပိန် စကားပြောသူများ၊ လက်တင် အမေရိက ဒေသမှ စပိန် စကားပြောသူများ၊ အမေရိကန်သားများကား ဘရာဇီး တစ်ဝက်လောက်သာ သုံးကြသည်။
အိပ်စက်ခြင်း emoji
မလေးရှား နိုင်ငံသားမျာသည် အိပ်စက်ခြင်းနှင့် ဆိုင်သော emoji များကို ကမ္ဘာ့ပျမ်းမျှနှုန်းထက် နှစ်ဆကျော်ထိ အသုံးပြုကြသည်။ ပြင်သစ်နှင့် ရုရှားက အသုံးအနည်းဆုံး ဖြစ်သည်။
မူးယစ် emoji
သြစတြေးလျသားများသည် စီးကရက်၊ အရက် စသည့် မူးယစ်ကိစ္စများနှင့် ဆိုင်သော emoji များကို တစ်ကမ္ဘာလုံး ပျမ်းမျှနှုန်းထက် (၆၅) ရာခိုင်နှုန်း ပိုသုံးနေကြသည်။ ဆေးတောင့်ပုံ emoji များကို အသုံးအများ ဆုံး ဖြစ်သည်။ ပြင်သစ်သားများက အသုံး အနည်းဆုံး ဖြစ်သည်။
လက်နက် emoji
ကနေဒါသားများက ပျမ်းမျှထက် (၅၀) ရာခိုင်နှုန်းထိ ပိုပြီး လက်နက်နှင့် ပတ်သက်သော emoji များ သုံးကြသည်။ သေနတ်၊ ဓား၊ လက်သီးဆုပ်၊ မီး၊ ပေါက်ကွဲမှု၊ အရိုး ခေါင်း၊ ဗုံး စသည့်ပုံများ ဖြစ်သည်။ ဂျာမနီသားများသည် လက်နက် emoji အသုံး အနည်းဆုံး ဖြစ်သည်။
သရေစာ emoji
မုန့်ပဲ သရေစာ emoji ကို သြစတြေးလျသားများက ပျမ်းမျှထက် နှစ်ဆကျော် ပိုသုံးကြသည်။ ဂျာမနီ၊ အာရပ်၊ တူရကီ တို့က အသုံးအနည်းဆုံး ဖြစ်သည်။
ပါတီ emoji
ပါတီပွဲနှင့် ဆက်စပ်သော ကခုန် သောက်စား ပျော်ပါးပုံ emoji များကို စပိန် စကားပြောသူများက ပျမ်းမျှထက် (၇၂) ရာခိုင်နှုန်းထိ ပိုသုံးကြသည်။ ပြင်သစ်က အနည်းဆုံး ဖြစ်သည်။
Ref: What emoji reveal about YOUR country: The French are in love, Americans use most LGBT images and Arabs are green-fingered (Daily Mail)
Credit: messengernewsjournal.com
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။