Sunday, March 12, 2017

လွန်ခဲ့သော နှစ် ၃၀ ကတည်းက Selfie တုတ်တံ မူပိုင်ခွင့်တင်ခဲ့သူ

 
Selfie တုတ်တံများသည် အသုံးလည်း ၀င်သလို၊ မျက်စိလည်း နောက်ရသော ယနေ့ခေတ် လူသုံးများ ပစ္စည်းတစ်မျိုး ဖြစ်၏။
            ဂျပန်နိုင်ငံမှ ကင်မရာ ကုမ္ပဏီ Minolta တွင် အင်ဂျင်နီယာ အဖြစ် လုပ်ကိုင်သော ဓာတ်ပုံဆရာ ဟီရိုရှီယူအီဒါက ၎င်းသည် ၁၉၈၀ ၀န်းကျင် နှစ်ပိုင်းများကလည်းက Selfie တုတ်တံ အိုင်ဒီယာကို အစောဆုံး မူပိုင်ခွင့် တင်ခဲ့သူဟု ဆိုလိုက်သည်။
              ဥရောပသို့ မိသားစု ခရီးထွက်ကြစဉ် မိသားစု စုံစုံညီညီ ဓာတ်ပုံရိုက်ရန် အခက်အခဲ ဖြစ်နေရာမှ Selfie တုတ်တံ တီထွင်ဖို့ အိုင်ဒီယာရခဲ့ခြင်း ဖြစ်ကြောင်း ယူအီဒါက ပြောသည်။ ပါရီရှိ လုဗ်ပြတိုက်သို့ သွားကြည့်စဉ် မိသားစု ဓာတ်ပုံ တူတူ ရိုက်ချင်သောကြောင့် ကောင်လေး တစ်ယောက်ကို ကင်မရာပေးပြီး ရိုက်ခိုင်းရာ ကင်မရာယူပြီး ကောင်လေး ထွက်ပြေးသွားသဖြင့် ကင်မရာ ဆုံးခဲ့ရသည်။
              ထိုကိစ္စကို အခဲမကျေသည့် စိတ်က ကင်မရာကို တုတ်တံတွင် တပ်ကာ မိမိဖာသာ ကိုင်ရိုက်နိုင်မည့် Selfie တုတ်တံမျိုး တီထွင်ဖြစ်အောင် တွန်းထိုး မောင်းနှင် ပေးခဲ့ကြောင်း ယူအီဒါက ပြောသည်။ Selfie တုတ်တံထိပ်တွင် ၀က်အူရစ်ပါသည်။ ထိုဝက်အူရစ်ဖြင့် ကင်မရာအောက်က ၀က်အူပေါက်မှာ ရစ်ပြီး တပ်လိုက်ရုံ ဖြစ်သည်။

              ထိုစဉ်က စမတ်ဖုန်းများ မပေါ်သေးသောကြောင့် ယနေ့လို အပေါ်အောက် တွဲညှပ်ရသည့် ထိပ်ခေါင်း ဒီဇိုင်းမျိုးတော့ မပေါ်သေး။
            ထိုစဉ်က ကင်မရာများသည် ယနေ့ စမတ်ဖုန်းလို ရှေ့ဖန်သားပြင် မြင်ကွင်း မပါသောကြောင့် ကိုယ့်ပုံကိုယ်ကြည့်ပြီး ချိန်နိုင်ရန် ယူအီဒါသည် ၎င်း၏ Selfie တုတ်တံတွင် မှန်တစ်ပြားပါ တပ်ထားသည်။ ၁၉၈၃ ခုနှစ်က Selfie  တုတ်တံကို မူပိုင်ခွင့် မှတ်ပုံတင်ခဲ့ခြင်း ဖြစ်သော်လည်း ထိုစဉ်က တွင်ကျယ်ခြင်း မရှိခဲ့ဘဲ တိမ်မြှုပ် နေခဲ့ရသည်။
            မစ္စတာ ယူအီဒါသည်လည်း သူ၏ တီထွင်မှုမှ ငွေကြေး အကျိုးအမြတ် များများ စားစား မခံစားခဲ့ရ။ မစ္စတာ ယူအီဒါကား ငွေကြေးကို ဂရုမစိုက်။ သူ့ Selfie တုတ်တံဖြင့် မိသားစု ဓာတ်ပုံ ကောင်းကောင်း ရိုက်လိုက်ရတာကိုပဲ ကျေနပ်လှပြီ။
            ၁၉၈၀ ၀န်းကျင်က ကင်မရာဖြင့် ကိုယ့်ပုံကိုယ် ပြန်ရိုက်ခြင်းဟူသည် အသစ် အဆန်းကြီး ဖြစ်၏။
            ““ Selfie တုတ်တံ ထွင်လိုက်တော့ ကျွန်တော် ဘယ်သွားသွား၊ ဘယ်ရောက်ရောက် ကြိုက်တဲ့ နေရာမှာ ကိုယ့်ပုံကိုယ် ရိုက်နိုင်သွားတယ်”” ဟု မစ္စတာ ယူအီဒါက ပြန်ပြောင်း ပြောပြသည်။
            မစ္စတာ ယူအီဒါ၏ ပထမဆုံး Selfie တုတ်တံပေါ်ပြီး နှစ်ပေါင်း (၃၀) ကျော်ကြာ ယနေ့အခါတွင်ကား နေရာတကာမှာ Selfie တုတ်တံ တကားကား မြင်ရေပြီ။ အဖော်မဲ့ တစ်ကိုယ်တည်း သမားများ၏ ပြယုဂ် အဖြစ်လည်း Selfie တုတ်တံကို ရှုမြင်နိုင်သည်။ နာမည်ကျော်တို့ ပရိသတ်နဲ့ တွဲပြီး ဓာတ်ပုံ ရိုက်သော တုတ်တံ အဖြစ်လည်း ရှုမြင်နိုင်သည်။
              Selfie တုတ်တံတွေ နေရာတကာ တွင်ကျယ်လာသဖြင့် တုတ်တံ တရန်းရန်းနဲ့ ရိုက်မိကာ အဖိုးတန် ပစ္စည်းများ ပျက်စီးကုန်မည် စိုးသောကြောင့် ပြတိုက်ကြီးများက Selfie တုတ်တံများကို ပိတ်ပင်ရသည့် အခြေအနေ ရောက်ကုန်သည်။ ဂီတ ဖျော်ဖြေပွဲများ၊ ဘောလုံးကွင်း များတွင်လည်း ရှေ့က Selfie တုတ်တံ တထောင်ထောင် သမားများကြောင့် နောက်က ကြည့်သူတွေ အဆင်မပြေသဖြင့် Selfie တုတ်တံယူခွင့် ပိတ်ပင် ထားရသည်။
                        Selfie ခေတ်ကို မွေးဖွား ပေးခဲ့သည်မှာ အက်ပဲ၏ အိုင်ဖုန်း ဖြစ်သည်။ ဖုန်းရှေ့ဘက်တွင် ကင်မရာကို ဦးဆုံး ထည့်သွင်း ပေးခဲ့သည်မှာ အိုင်ဖုန်းဖြစ်၏။ ထိုကင်မရာကြောင့် ဖုန်းဖန်သားပြင်တွင် ကိုယ့်ပုံကိုယ် ပြန်ကြည့်ကာ Selfie ရိုက်နိုင်ခဲ့ကြသည်။ သို့သော် ထိုအက်ပဲသည်ပင်  Selfie သမားများ Selfie တုတ်တံ တကားကားဖြင့် ဓာတ်ပုံ ရိုက်လွန်းခြင်းကို မခံနိုင်တော့သဖြင့် လာမည့် ရင်းနှီးမြှုပ်နှံသူများ အစည်းအဝေးပွဲတွင် Selfie တုတ်တံ ယူမလာရဟု သတ်မှတ်ချက် ထုတ်ပြန်ထားပြီ။
            နောက်ဆုံးပေါ် ခေတ်မီ Selfie တုတ်တံများကား တုတ်တံကို အရှည်ကြီး ဆွဲဆန့် ပြီး ခပ်လှမ်းလှမ်းက ရိုက်နိုင်သည်။ ကင်မရာ ခလုတ်နှိပ်ရန်လည်း ဘလူးတုသ်နဲ့ ချိတ်နိုင်သော ခလုတ်လေး တစ်ပါတည်း ပါသည်။ လက်ထဲ ကိုင်ထားပြီး နှိပ်လိုက်ရုံ ဖြစ်သည်။
            မစ္စတာ ယူအီဒါ၏ Selfie တုတ်တံ မူပိုင်ခွင့်သည် ၂၀၀၃ ခုနှစ်တွင် သက်တမ်း ကုန်ဆုံးသည် ဖြစ်ရာ ပြီးခဲ့သည့် နှစ်ပိုင်းများကမှ တွင်ကျယ်လာသော Selfie တုတ်တံ ဈေးကွက်မှ အကျိုးအမြတ်များကို ခံစားခွင့် မရလိုက်။
            ကနေဒါ နိုင်ငံသား တီထွင်ဖန်တီးသူ ၀ိန်းဖရွမ် သည်လည်း ၂၀၀၀ ပြည့်နှစ် အစောပိုင်း ကတည်းက Quik pod ဟုခေါ်သည့် Selfie တုတ်တံကို တီထွင်ခဲ့သည်။ ၎င်းသည်လည်း သမီးနှင့်အတူ ဥရောပသို့ ခရီးထွက်စဉ် သားအဖတူတူ ဓာတ်ပုံရိုက်ရန် အခက်အခဲ တွေ့ရသဖြင့် ကင်မရာကို တင်ပြီး ခပ်လှမ်းလှမ်းက ချိန်ကာ ကိုယ့်ဖာသာ ပြန်ရိုက်နိုင်မည့် Selfie တုတ်တံမျိုး တီထွင်ဖို့ အိုင်ဒီယာ ရခဲ့ခြင်း ဖြစ်သည်။ မစ္စတာ ဖရွမ်၏ Quik Pod တုတ်တံများ  အသင့်အတင့် ရောင်းချခဲ့ရသည်။
            သူ့အိုင်ဒီယာသည် ရှေ့တန်း ရောက်လွန်း စောလွန်းသဖြင့် နည်းပညာသစ်ကို လူသုံးများသည့် ကာလနှင့် လွဲသွားရသည်ဟု ဆိုသည်။ မစ္စတာ ယူအီဒါကမူ ထို့အတွက် စိတ်မပျက်၊ ဂုဏ်ပင် ယူနေသေးသည်။
            ““ဒီလို အိုင်ဒီယာမျိုး၊ တီထွင်မှုမျိုးကို မနက် (၃)  နာရီ တီထွင်မှုလို့ ခေါ်တယ်။ လူသုံးတွင်ကျယ်နိုင်မယ့် အချိန်ထက် အများကြီးစောပြီး တီထွင် ဖြစ်ခဲ့လို့လေ”” ဟု ၎င်းကပြောသည်။
            Selfie  (ကိုယ်ပုံကိုယ် မိမိဖာသာ ပြန်ရိုက်ခြင်း) အိုင်ဒီယာကား မနေ့ တစ်နေ့ကမှ ပေါ်လာသော အိုင်ဒီယာတော့ မဟုတ်။ သမိုင်း မှတ်တမ်းများ အရကား လွန်ခဲ့သော ဆယ်စုနှစ် များစွာ ကတည်းက ရှိခဲ့ကြောင်း သိရသည်။ ကင်မရာ ပေါ်ဦးစ ခေတ်များက တည်းက ဖန်တီးဉာဏ် ရှိသူများသည် အမျိုးမျိုးသော နည်းလမ်းများဖြင့် ကိုယ့်ပုံကိုယ် ပြန်ရိုက်ဖို့ ကြိုးပမ်းခဲ့ကြောင်း ဓာတ်ပုံ ဟောင်းကြီးများက သက်သေခံနေသည်။
            ခပ်လှမ်းလှမ်းမှာ ဒေါက်ထောက်ကာ ချိန်ထားသော ကင်မရာရှေ့မှာ ရပ်ပြီး ကင်မရာ ခလုတ်ကို လှမ်းနှိပ်ဖို့ အတွက် တံမြက်စည်း တုတ်တံရှည်ကြီးနဲ့ ကင်မရာ ခလုတ်ကို လှမ်းနှိပ်ပြီး ရိုက်ထားသည့် ပုံမျိုးကိုပါ တွေ့ရသည်။
            ၁၈၄၀ ခုနှစ်လောက်က စပြီး Selfie ဆန်ဆန် ပုံများကို တွေ့နိုင်ကြောင်း ဗြိတိန် တော်ဝင် ဓာတ်ပုံ အသင်းကြီးမှ ညွှန်ကြားရေးမှူးချုပ် မိုက်ကယ် ပရစ်ချာ့ဒ်က ပြောသည်။
Selfie တုတ်တံအပေါ် သဘောထား
            ချစ်သူများလည်း ရှိသည်။ မုန်းသူများလည်း ရှိသည်။ Selfie တုတ်တံများတွင် ကျယ်လာသည်နှင့် အမျှ ပိတ်ပင်မှုတွေလည်း များသထက် များလာသည်။ လန်ဒန် အမျိုးသား ပန်းချီ ပြတိုက်ကြီး တွင်လည်း Selfie တုတ်တံများက သမိုင်းဝင် ပန်းချီ ကားများကို ရိုက်မိကာ ပျက်စီးနိုင်သဖြင့် ပြတိုက်တွင်းသို့ တုတ်တံယူခြင်း ပိတ်ပင်လိုက်ပြီ။ ပြင်သစ်ရှိ ဗာဆိုင်း နန်းတော်၊ အမေရိကန် နယူးယောက်မြို့မှ ခေတ်သစ် အနုပညာ ပြတိုက် စသည်တို့ အပြင် ပြတိုက် အများအပြားတွင်လည်း Selfie တုတ်တံများ ယူဆောင်ခွင့် ပိတ်ပင်ထားပြီ။
            အမေရိကန်မှာ အနုပညာ ဖျော်ဖြေရေးပွဲများ စီစဉ်သည့် Coachella Valley Music and Arts Festival ၊ Lollapalooza တို့သည်လည်း ၎င်းတို့ စီစဉ်သော ပွဲများတွင် Selfie တုတ်တံကို ပိတ်ပင်ထားသည်။ လန်ဒန်ရှိ  Q2 အားကစားကွင်းနှင့် ၀မ်ဘလွေကွင်း တို့တွင်လည်း Selfie တုတ်တံယူခွင့် ပိတ်ထားသည်။ အီတလီနိုင်ငံ ရောမမြို့ရှိ Colosseum ရှေးဟောင်း အဆောက်အဦးကြီးထဲ ၀င်ကြည့်ရှု သူများလည်း Selfie တုတ်တံကို အပေါက်ဝမှာ အပ်ခဲ့ရသည်။
Ref: Man who patented the selfie stick THIRTY YEARS ago - but won't make a penny from the millions being sold now
(Daily Mail)
Credit: messengernewsjournal.com

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...