Thursday, April 6, 2017

အနာဂတ် ခရီးသွား လုပ်ငန်း ဘယ်လိုရှိမလဲ


အတိတ်နှင့် အနာဂတ်ကို ကြိုက်သလို ခရီးသွားနိုင်သည့် အချိန် ခရီးသွားခြင်းသည် သိပ္ပံရုပ်ရှင်များထဲတွင်သာ ဖြစ်နိုင်လိမ့်မည်ဟု လူများစုကြီးက မှတ်ယူကြလိမ့်မည်။ သို့သော် အချို့သော သိပ္ပံပညာရှင်များမူကား လာမည့် (၈၅) နှစ် အတွင်းမှာပင် တကယ် လက်တွေ့ အချိန် ခရီးသွားနိုင်တော့မည်ဟု ဆိုနေကြပြီ။
             ဇီဝစကန်ဖတ်စက်၊ အိုင့်တ်နဲ့ ထိန်းချုပ်နိုင်သော ဟိုတယ်ခန်းများ စသဖြင့် အနာဂတ် ခရီးသွားခြင်းနဲ့ ပတ်သက်သော စိတ်ဝင်စားစရာများစွာ ရှိနေသည်။ လက်ရှိမှာပင် ခေတ်ရှေ့ပြေး ခရီးသွား လုပ်ငန်းများက ခေတ်ရှေ့ပြေး နည်းပညာများကို စတင် အသုံးပြုနေကြပြီ။ အနာဂတ် ခရီးသွား လုပ်ငန်းသည် မည်သို့ရှိမည်ကို တစ်ချက်လောက် လှစ်ကြည့်ကြစို့။
၂၀၃၀ ရောက်သည့်အခါ
            လာမည့် (၁၅) နှစ် အတွင်းမှာပင် နည်းပညာ တိုးတက်မှုများကြောင့် ခရီးသွားဖို့ လက်မှတ် ၀ယ်ခြင်းမှသည် ဟိုတယ်ခန်း ငှားခြင်းအဆုံး ကိစ္စအ၀၀ကို အွန်လိုင်းကနေ တစ်ထိုင်တည်းနဲ့ စီစဉ်နိုင်တော့မည်။
            ““ခရီးသွားဖို့ သိချင်တာတွေ ရှာဖွေတာကနေ လေယာဉ်၊ ကား၊ ရထား၊ ဟိုတယ် စီစဉ်တာ အဆုံး အမေဇုန် အွန်လိုင်း စတိုးမှာ စာအုပ် တစ်အုပ် ၀ယ်သလောက် နီးပါးကို လွယ်ကူ လာပါလိမ့်မယ်”” ဟု Skyscanner ခရီးသွား ၀န်ဆောင်မှု နည်းပညာ လုပ်ငန်း စီအီးအို ဂျရက်ဝီလျံက ပြောသည်။ ၂၀၃၀ ခန့်ရောက်လျှင် လူတိုင်းတွင် အီလက်ထရောနစ် လက်ထောက် ရှိနေလိမ့်မည်။ ထိုလက်ထောက်သည် ဖုန်းထဲတွင် သို့မဟုတ် စမတ် နာရီထဲတွင် အပလီကေးရှင်း တစ်ခု အနေဖြင့် ရှိလိမ့်မည်။
             မိမိသိချင်တာ လုပ်ချင်တာ မှန်သမျှကို ထိုအီလက်ထရောနစ် လက်ထောက်ကို ခိုင်းလိုက်ရုံ ဖြစ်သည်။ ခရီးသွားဖို့ ကိုလည်း မိမိသွားချင်သည့် နေရာ ပြောလိုက်ရုံဖြင့် လက်ထောက်က ရွေးချယ် စီစဉ် ပေးထားလိမ့်မည်ဟု မစ္စတာ ၀ီလျံက ပြောသည်။ ယနေ့လို ကွန်ပျူတာတွေ စမတ်ဖုန်းတွေမှာ တစ်ခုချင်း မိမိဘာသာ လိုက်ရှာနေရန် မလိုတော့။

            လေဆိပ်များမှာလည်း ကရိကထနည်းစွာဖြင့် မြန်မြန်ဆန်ဆန် ဖြတ်သန်း သွားလာနိုင်မည်။ ဇီဝမျက်နှာ မှတ်သား ဆော့ဖ်ဝဲများက ခရီးသွားများ၏ မျက်နှာကို မှတ်သားခြင်း၊ ကွန်ပျူတာ မှတ်ပုံတင် ပြုလုပ်ခြင်း၊ တားမြစ် ခံထားရသူ ဟုတ်မဟုတ်ကို ရဲဌာန ကွန်ပျူတာ ဆာဗာတွင် စစ်ကြည့်ခြင်းများကို စက္ကန့်ပိုင်း အတွင်း လုပ်ပေးလိမ့်မည်။
             စက်နဲ့ ဖတ်လို့ရသော အီလက်ထရောနစ် နိုင်ငံကူး လက်မှတ်များလည်း သုံးလာကြမည် ဖြစ်သောကြောင့် လေဆိပ်မှာ ယနေ့လို တန်းစီ စောင့်နေစလိုမလို။ Chet-in ကို တစ်မိနစ်ပင် မကြာဘဲ ပြီးစီးသွားလိမ့်မည်။
              ဆိုက်ရောက် ဘက်ခြမ်းတွင်လည်း အလားတူပင် မော်လီကျူး အဆင့်ထိ အသေးစိတ် စစ်ဆေးနိုင်သော လေဆာစက်များက ခရီးသည်များ၏ ခရီးဆောင် သေတ္တာများကို တစ်စက္ကန့်ပင် မကြာဘဲ အသေးစိတ် စစ်ဆေးနိုင်မည် ဖြစ်ရာ ခရီးသည်များ အနေဖြင့် အိတ်ဆွဲပြီး စက်ရှေ့က ဖြတ်လျှောက် သွားရုံသာ ဖြစ်ကြောင်း အနာဂတ် နည်းပညာ သုတေသန လုပ်ငန်း စီမံကိန်း ဖြစ်သော Future Laboratory မှ တာဝန်ရှိသူ စတိဗ်တုဇ်က ပြောသည်။
            တောင်ကိုရီးယား နိုင်ငံ အင်ချွန်း လေဆိပ်တွင် ဇီဝအာရုံခံ မျက်နှာ မှတ်တမ်းတင် စက်များ မကြာခင် သုံးတော့မည်။ အီလက်ထရောနစ် ပတ်စ်ပို့များကို ဖတ်နိုင်သော စက်များလည်း ထားရှိတော့မည်။ ၂၀၁၇ တွင် ဖွင့်လှစ်မည့် စင်ကာပူ ချန်ဂီ လေဆိပ် အမှတ် (၄) ဂိတ်တွင်လည်း အလားတူ ခေတ်ရှေ့ပြေး နည်းပညာများ အသုံးပြုမည် ဖြစ်သည်။
၂၀၅၀ ပြည့်နှစ် ရောက်သည့်အခါ
            Airbus လေယာဉ် ကုမ္ပဏီက လာမည့် နှစ် (၅၀) အတွင်း ရှိလာမည့် ခရီးသွား လုပ်ငန်း ကဏ္ဍကို ခန့်မှန်း ဖော်ပြထားရာ ထိုအချိန်တွင် ရှိနေမည့် လေယာဉ်များသည် သိပ္ပံဇာတ်ကားထဲက အတိုင်း ဖြစ်၏။ ခရီးသည်များသည် နှိပ်နယ်ပေးမည့် ခုံများဖြင့် ထိုင်ရမည်။
            အချိုရည်၊ ဗီတာမင်ရည်များ သောက်သုံးနိုင်မည်။ ပင်လယ်လေ၊ အယ်လ်ပိုင်း တောင်တန်းပေါ်ကလေ စသဖြင့် မိမိနှစ်သက်သည့် လေမျိုးကိုလည်း ရွေးချယ် ရှူနိုင်ဦးမည် ဖြစ်သည်။ ကောင်းကင် မြင်ကွင်းကျယ်ကြီး မြင်လိုပါကလည်း လက်တစ်ချက်လောက် ဝှေ့ရမ်းပြ လိုက်ရုံဖြင့် လေယာဉ်နံရံသည် မှန်သားကဲ့သို့ ဖြစ်သွားကာ တိမ်ပေါ် လမ်းလျှောက်သူ အလား မြင်ကွင်းများ ကြည့်ရှု ခံစားရမည်။
            ထိုင်ခုံများသည် ထိုင်သူ၏ ကိုယ်နေဟန်ထားကို မူတည်ပြီး အံဝင်ခွင်ကျအောင် အနေအထား ပြောင်းပေးနိုင်မည်။ လေယာဉ်ထဲတွင် ပါသော စမတ် အလင်းရောင်က ကမ္ဘာ့အချိန်ဇုန်များကို ဖြတ်ကျော် ပျံသန်းရင်း နေ့ည မှားခြင်းမျိုး မဖြစ်ရအောင် အသားချ ချိန်ညှိပေးမည် ဖြစ်သည်။
             ၂၀၃၀ ပြည့်နှစ် ရောက်သည့်အခါ အာကာသ ခရီးသွားခြင်းကို လူချမ်းသာများ လုပ်နိုင်လာမည် ဖြစ်ပြီး ၂၀၅၀ ခန့်ရောက်လျှင် လူလတ်တန်းစားများပင် သွားနိုင် လာနိုင်သော အနေအထားကို ရောက်လာမည် ဖြစ်သည်။
            အာကာသ ခရီးသွား လုပ်ငန်း စမ်းသပ်နေသော Virgin လုပ်ငန်း၏ Virgin Galactic ယာဉ်ပျံသည် အချိန် နှစ်နာရီခွဲဖြင့် ကမ္ဘာတစ်ပတ် ပတ်နိုင်သည် ဖြစ်ရာ ထိုယာဉ်ပျံ မျိုးဖြင့် အာကာသတွင်းမှ ပတ်ကာ ကမ္ဘာ့ နေရာများကို ခရီး သွားနိုင်မည် ဆိုပါက မည်သည့် နေရာကို သွားသွား အချိန် နှစ်နာရီခွဲထွက် ပိုကြာမည် မဟုတ်တော့။
၂၁၀၀ ပြည့်နှစ် ရောက်သည့်အခါ
            လာမည့် ၂၁၀၀ ပြည့်နှစ်ခန့် ဆိုလျှင် ယနေ့ လေယာဉ်များထက် များစွာ ပိုကြီးမားသော လေယာဉ်ကြီးများ၊ ရွေ့လျားနိုင်သော လူလုပ်ကျွန်းများ၊ နေထိုင်သူနှင့် လိုက်ဖက်အောင် စီစဉ်ပေးနိုင်သော ဉာဏ်ရည်မြင့် ဟိုတယ်ခန်းများ ဟူသည် လူတိုင်းအဖို့ မထူးဆန်းသော ကိစ္စများ ဖြစ်လာလိမ့်မည်။
               ကြိုက်သည့် နေရာကို ရွေ့လျားနိုင်သော လူလုပ်ရွေ့လျား ကျွန်းများသည် ကိုယ်ပိုင် အစားအသောက်နှင့် သောက်ရေကိုပင် ကျွန်းပေါ်မှာပင် ထုတ်လုပ် နိုင်လာလိမ့်မည်။ ထိုအချိန်တွင် အစိမ်းရောင် စွမ်းအင် နည်းပညာ ရာနှုန်းပြည့် သုံးနိုင်မည် ဖြစ်သောကြောင့် ခရီး သွားခြင်းကြောင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မည့် ကာဗွန်ဒိုင် အောက်ဆိုက်လည်း မထွက်တော့ရာ အစိမ်းရောင် ခရီးသွားစနစ်ဟု ဆိုနိုင်ပြီ။
              နေထိုင်သူ၏ အကြိုက်နှင့် လိုက်ဖက်အောင် အိုင့်တ်က တစ်ဆင့် အပူချိန်၊ အလင်းအမှောင်၊ သီချင်းသံ အတိုးအကျယ် စသဖြင့် အလုံးစုံကို ထိန်းချုပ်နိုင်သည့် စနစ်မျိုး ယခုကတည်းကပင် အချို့သော အဆင့်မြင့် ဟိုတယ်များတွင် အသုံးပြုနေကြပြီ။ လာမည့် ၂၁၀၀ ပြည့်နှစ်ခန့် ရောက်လျှင် နည်းပညာများသည် လူသား လိုအင်နှင့် ပိုပြီး အံဝင်ခွင်ကျ ဖြစ်လာလိမ့်မည်။
            လူသားကို တစ်နေရာမှ တစ်နေရာသို့ ရုတ်ချည်း လွှဲပြောင်း ပို့လိုက်နိုင်သော တယ်လီပိုတေးရှင်း နည်းပညာ သည်လည်း ၂၀၈၀ ခုနှစ် ရောက်လျှင် ကျိန်းသေ အသုံးပြုနိုင်မည်ဟု ဂလက်စဂို တက္ကသိုလ် ရူပဗေဒ ဌာနမှ ဒေါက်တာ မာရီဂျက်ကလင်း ရိုမီယို က ပြောသည်။
            ““နည်းပညာ တိုးတက် လာတာကြောင့် တယ်လီပိုတေးရှင်း ပို့ဆောင်ရေး စနစ်ဟာ လာမယ့် ၂၀၈၀ ပြည့်နှစ် ၀န်းကျင်ဆို ကျိန်းသေပေါက် အသုံးပြုနိုင်မယ်လို့ ပြောချင်ပါတယ်”” ဟု ဒေါက်တာ မာရီက ပြောသည်။
Ref: Daily Mail
Credit: messengernewsjournal.com

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...