Thursday, April 6, 2017

ရှေးခေတ် လူသားများကြား ကျားမတန်းတူ ညီမျှမှုရှိခဲ့


  ယနေ့ခေတ် လူသားများ၏ ဘိုးဘေးများ ဖြစ်သည့် အမဲလိုက် လူ့ အဖွဲ့အစည်းဝင် လူသားများကြားတွင် ကျားမခွဲခြားမှု မရှိခဲ့ဘဲ အမျိုးသမီးများက ဦးဆောင်သူများ၊ ပြောရေး ဆိုခွင့်ရှိသူများ ဖြစ်ကြကြောင်း သုတေသန ပညာရှင်များက လေ့လာ တွေ့ရှိခဲ့သည်။
            ရှေးခေတ် လူသားများသည် ကျားမတန်းတူ ညီမျှမှုနှင့် ပတ်သက်လျှင် တိုးတက်မှု ရှိသည် ဆိုရမည် ဖြစ်သည်။ ယနေ့ခေတ် အမျိုးသားများသည် ယောက်ျားဘသားဟု ကြွေးကြော် နေကြသော်လည်း အမဲလိုက် လူ့အဖွဲ့အစည်း ထွန်းကားစဉ် အချိန်အခါတွင် ၄င်းတို့သည် ဆုံးဖြတ်ချက် ချမှတ်စရာများ ရှိပါက အုပ်စုများထဲမှ ခွဲထွက်ကာ ဆွေမျိုးသားချင်းများနှင့် သွားရောက် နေထိုင်ရကာ အမျိုးသမီးများကသာ အရေးပါသော ဆုံးဖြတ်ချက်များကို ချမှတ်လေ့ ရှိကြောင်း လေ့လာမှုတွင် ဖော်ပြထားသည်။
            ကျားမ ခွဲခြားမှု ဆိုသည်မှာ ခေတ်သစ် ကမ္ဘာက ဖန်တီးလိုက်သော အရာသာ ဖြစ်ကြောင်း လေ့လာမှုတွင် သုံးသပ် ရေးသားထားသည်။ အမဲလိုက် လူ့အဖွဲ့အစည်း ထွန်းကားစဉ် ကာလတွင် အမျိုးသမီးများသည် အမျိုးသားများကဲ့သို့ ပြောရေး ဆိုခွင့်ရှိကာ မည်သူနှင့် နေထိုင်လိုသည် ကိုလည်း ဆုံးဖြတ်ခွင့် ရှိနေကြောင်း သုတေသန ပညာရှင်များက တွေ့ရှိခဲ့သည်။

            အမဲလိုက် လူ့အဖွဲ့အစည်းတွင် အမျိုးသမီးများ ကြီးစိုးခဲ့သည်ဟုပင် ဆိုလို့ ရနိုင်ကြောင်း၊ ကျားမ ခွဲခြားမှု ဆိုသည်မှာ အရင်းအမြစ်များကို စုဆောင်းမှု စတင်ခဲ့သည့် စိုက်ပျိုးရေး လူ့အဖွဲ့အစည်း ပေါ်ပေါက်မှသာ ရှိလာသည့် စနစ်ဟုပင် ပြောလို့ရနိုင်ကြောင်း လန်ဒန် တက္ကသိုလ်မှ သုတေသနကို ဦးဆောင် ပြုလုပ်ခဲ့သည့် မနုဿဗေဒ ပညာရှင် မာ့ခ်ဒိုင်ဘယ်က ဂါးဒီးယန်း သတင်းစာသို့ ပြောဆိုခဲ့သည်။
            သုတေသန ပညာရှင်များသည် ကွန်ဂိုနှင့် ဖိလစ်ပိုင် တို့တွင် ယနေ့အထိ ဆက်လက် ရှိနေဆဲ ဖြစ်သည့် အမဲလိုက် လူ့အဖွဲ့အစည်းဝင်များနှင့် နှစ်နှစ်ခန့် နေထိုင်ကာ လေ့လာမှုများကို ပြုလုပ်ခဲ့သည်။ အမဲလိုက် လူ့အဖွဲ့အစည်းတွင် လူများသည် ဆွေမျိုးတော်စပ်ခြင်း မရှိသူများနှင့် ပိုမိုရင်းနှီးစွာ နေထိုင်တတ်သည်ကို ပညာရှင်များ လေ့လာ တွေ့ရှိခဲ့သည်။
            ယင်းလူ့အဖွဲ့အစည်းများတွင် အရေးပါသော ဆုံးဖြတ်ချက်များကို ချမှတ်ခါနီးတွင် အမျိုးသားများသည် ဆွေမျိုးသားချင်းများနှင့် သွားရောက် နေထိုင်ရကာ အမျိုးသမီးများသည် ဆွေမျိုးတော်စပ်ခြင်း မရှိသူများနှင့် တိုင်ပင် ဆွေးနွေးကာ ဆုံးဖြတ်ချက်များကို ချမှတ်လေ့ ရှိကြသည်။       
  Source:Mirror
Credit: messengernewsjournal.com

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...