Thursday, April 6, 2017

ဖုန်းကင်မရာ အသုံးအဖြာဖြာ


ကိုယ့်ဖုန်းမှာ ပါသည့် ကင်မရာသည် ဆဲလ်ဖီ ရိုက်ဖို့လောက်သာ အသုံးဝင်သည် မဟုတ်။ နေ့စဉ် လူမှုဘ၀ ကိစ္စအ၀၀မှာ သုံးတတ်လျှင် သုံးတတ်သလောက် မိမိအတွက် အကျိုးရှိသည်။ ယနေ့ ဖုန်းကင်မရာ များသည် ရုပ်ထွက် အရည်အသွေး ကောင်းမွန်လာကြပြီ ဖြစ်ရာ ဆဲလ်ဖီ သာမက နေ့စဉ်ဘ၀ လှုပ်ရှားမှု မြင်ကွင်းများကိုပါ ဓာတ်ပုံ ကောင်းကောင်းများ ရိုက်ယူနိုင်သည်။
              ထို့အပြင် နေ့စဉ်ဘ၀ လုပ်ငန်း ဆောင်တာ များတွင်လည်း ဖုန်းကင်မရာများက အကူအညီ အများကြီး ပေးနိုင်သည်။
၁။          ရှောပင်းစင်တာတွေ သွားလျှင် ကားပါကင်မှာ ကားရပ်ခဲ့ ပြီးနောက် အပြန်တွင် ကိုယ်ဘယ်နားမှာ ကားထိုး ခဲ့မိကြောင်း စဉ်းစား မရတာမျိုး ဖြစ်ရတတ်သည်။ အထူးသဖြင့် ကားပါကင် အထပ်တွေများ၊ အကန့်တွေ များသည့် ရှောပင်း စင်တာများတွင် ဆိုလျှင် ပိုဆိုးသည်။
            ထိုအခက်အခဲကို ဖုန်းကင်မရာက လွယ်လွယ်လေးနဲ့ ကူညီပေးနိုင်သည်။ ရှောပင်း စင်တာမှာ ဖြစ်စေ၊ ကားတွေများသော တစ်နေရာရာမှာ ဖြစ်စေ ကားရပ်ထားပြီးလျှင် မိမိ ကားရပ်ထားသော နေရာဝန်းကျင်ကို ဖုန်းကင်မရာနဲ့ ဓာတ်ပုံ ရိုက်ထားလိုက်ပါ။ အထပ်တွေများ၊ အကန့်တွေ များသော ကားပါကင် ဖြစ်ပါကလည်း မိမိ ကားရပ်ထားသော အထပ်နံပါတ်၊ အကန့်နံပါတ်၊ အကွက် နံပါတ်များကို ဖုန်းကင်မရာနဲ့ ဓာတ်ပုံ ရိုက်ခဲ့လိုက်ပါ။
              ထိုသို့ဆိုလျှင် ပြန်အထွက်မှာ ကိုယ်ဘယ်အထပ် ဘယ်အကန့် ဘယ်အကွက်မှာ ကားရပ်ခဲ့ကြောင်း စဉ်းစားမရလျှင်ပင် ဖုန်းထဲက ဓာတ်ပုံကို ထုတ်ကြည့်လိုက်ရုံနဲ့ ပြဿနာ ပြေလည် သွားလိမ့်မည်။

၂။          အွန်လိုင်း ၀ဘ်ဆိုက်များတွင် အကောင့်သစ်များ ဖွင့်ထားပြီး နောက်တစ်ကြိမ် အကောင့် ရိုက်ထည့်ဝင်ဖို့ ရှိလျှင် အကောင့် နာမည်ကိုပါ မေ့နေတတ်တာမျိုး လူတော်တော် များများ ကြုံဖူး ကြလိမ့်မည်။ သို့ဖြစ်ရာ ၀ဘ်ဆိုက် တစ်ခု သို့မဟုတ် ဆိုရှယ် မီဒီယာ အပလီကေးရှင်း တစ်ခုခု အတွက် အကောင့် သီးသန့် ဖွင့်သည့်အခါ အကောင့်နာမည် အပြည့်အစုံ ရိုက်ထည့်ထားသော ဖန်သားပြင်ကို ဖုန်းနဲ့ ဓာတ်ပုံ ရိုက်ထားလိုက်ပါ။ နောင်တစ်ခါ ရိုက်ထည့်ဖို့ လိုလာသည့်အခါ မေ့နေပါက ဖုန်းထဲက ဓာတ်ပုံမှာ ပြန်ကြည့်နိုင်မည်။
၃။          ခရီးသွားရင်းဖြစ်စေ၊ ဟိုနားဒီနား သွားရင်းဖြစ်စေ အပြင်မှာ မိမိ မမြင်ဖူးသေးသော သဘောကျဖို့ ကောင်းသည့် အပင် တစ်မျိုးမျိုး မြင်ခဲ့ပါက ဓာတ်ပုံ ရိုက်ထားလိုက်ပါ။ ကိုယ့်အိမ်နားက စိုက်ပျိုးရေး ခြံသို့ ရောက်သည့်အခါ ထိုဓာတ်ပုံပြပြီး ဘာအပင်ဆိုတာ မေးနိုင်မည်။ ကိုယ် စိုက်ချင်သည် ဆိုလျှင် သူတို့ကို အကူအညီ တောင်းနိုင်မည်။
၎။           စားလို့ကောင်းသည့် ဟင်းလျာသစ် တစ်မျိုးတွင် ပါဝင်သော ဟင်းအမယ်စာရင်းများ ရေးသား ပြထားသည့် စာရင်းမျိုးတွေ့လျှင် စိတ်နဲ့ မှတ်နေရုံနဲ့ မတင်းတိမ်ပါနဲ့။ အာရုံတွေများပြီး မေ့သွားနိုင်သည်။ ဖုန်းနဲ့ ဓာတ်ပုံ ရိုက်လိုက်ပါ။ ထိုဟင်းမျိုး ချက်စားချင်၍ ဈေးသွား ၀ယ်သည့်အခါ ဖုန်းဓာတ်ပုံထဲက ဟင်းအမယ်များ ကြည့်ပြီး အေးအေး ဆေးဆေး ၀ယ်ရုံပင်။
              ဆံပင်ညှပ်ဆိုင် သွားရင်း မိမိအလှည့်ကျဖို့ စောင့်နေခိုက် ယူဖတ်လိုက်သော မဂ္ဂဇင်းထဲက အလှအပ အကြံပြုချက်လေး တစ်ခု သဘောကျသည် ဆိုပါက စာရွက်ခိုးဖြဲ မလာပါနဲ့။ ဖုန်းနဲ့ ဓာတ်ပုံ ရိုက်ယူခဲ့ပါ။
၅။           အိမ်မှာ မီးဖို သို့မဟုတ် တစ်ခုခုပျက်လို့ မိမိဖာသာ ပြင်ရင်း ဘယ်လိုအပို ပစ္စည်းမျိုး လဲတပ်ရင် ပိုကောင်းမည်နည်း စဉ်းစားရ ကျပ်နေပါသလား။ မီးဖိုကို ဖုန်းနဲ့ ဓာတ်ပုံ ရိုက်လိုက်ပါ။ ပစ္စည်းလဲ တပ်ရမည့် နေရာကိုလည်း ရိုက်လိုက်ပါ။
             သက်ဆိုင်ရာ မီးဖိုလုပ်ငန်း၏ ၀ဘ်ဆိုက်သို့ ၀င်ပြီး ဓာတ်ပုံပို့ကာ မည်သည့် ပစ္စည်းမျိုး ဖြုတ်လဲတပ်လျှင် ကောင်းမည်နည်း အကြံ တောင်းနိုင်သည်။ သို့မဟုတ် ဆိုရှယ် မီဒီယာများပေါ်မှာ ဓာတ်ပုံ တင်ပြီးလည်း မည်သည့်ပစ္စည်းလဲတပ်ရင် ကောင်းမည်နည်း အကြံဉာဏ် တောင်းနိုင်သည်။
              လူတစ်ကိုယ် ကျွမ်းကျင်မှု တစ်မျိုးစီ ရှိကြသည်ချည်း ဖြစ်သောကြောင့် ကိုယ်မကျွမ်းကျင်တာကို ကျွမ်းကျွမ်း ကျင်ကျင် အကြံပေးနိုင်သူ တစ်ဦးဦး ပေါ်လာလိမ့်မည်။
၆။            အိမ်ကို ဆေးသစ် သုတ်ဖို့ စိတ်ကူး နေပါသလား။ အရင်က သုတ်နေကျ အရောင်ပဲ သုတ်ရင် ကောင်းမလား။ အရောင်သစ် ပြောင်းရင် ကောင်းမလား ဝေခွဲရ ခက်နေပါသလား။ ယခင် အရောင်အတိုင်းပဲ ဆက်သုံးရင်ကော ယခုအရောင်ထက် ဘယ်လောက် ပိုတောက်လာမည်လဲ မှန်းရ ခက်နေပါသလား။
              အိမ်မှာ ဆေးပုံးအဟောင်း ရှိသေးသည် ဆိုလျှင် ထိုဆေးပုံးဟောင်းမှာ နမူနာ ပြထားသော ဆေးရောင် ပုံစံကို ဓာတ်ပုံရိုက်ပါ။ မိမိအခန်း၏ လက်ရှိ အရောင်ကိုလည်း ဓာတ်ပုံရိုက်ပါ။ ထိုနှစ်ပုံကို ယှဉ်ကြည့်လိုက်သည် နှင့် မိမိ၏ လက်ရှိ အခန်း ဆေးသား အရောင်မည်မျှ ကျသွားပြီကို မြင်နိုင်မည်။ ဆေးသစ် သုတ်လိုက်လျှင် အရောင်မည်မျှ ပြန်တက် လာမည်ကို မြင်နိုင်သည်။ အကယ်၍ အိမ်သုတ်ဆေးဆိုင် ရောက်ဖြစ်သည် ဆိုလျှင်လည်း မိမိအခန်း အရောင်ကို ရိုက်ထားသော ဖုန်းပုံကို ဖွင့်ထားကာ ဖုန်းကို ဆေးပုံးများမှာ လိုက်ကပ်ကြည့်ခြင်းဖြင့် ဘယ်အရောင် သုတ်လျှင် ကောင်းမည်ကို မှန်းကြည့်နိုင်သည်။
၇။            စားပွဲတင် ကွန်ပျူတာ သုံးလျှင် မော်နီတာနဲ့ ကွန်ပျူတာပုံးနဲ့ကို ကြိုးတွေ အများကြီးနဲ့ ရှုပ်ပွနေအောင် ဆက်ထားရတာ တွေ့လိမ့်မည်။ အကြောင်း တစ်ခုခုကြောင့် ကြိုးများ ဖြုတ်ရွှေ့စရာရှိလျှင် ကြိုးပေါက် ထိုးထားပုံများကို ဖုန်းနဲ့ဓာတ်ပုံ အရင် ရိုက်ထားလိုက်ပါ။ ပြန်တပ်တော့ ထိုပုံကိုကြည့် ပြီး အေးအေးဆေးဆေး တပ်နိုင်မည်။
၈။             လူတိုင်းလည်း သိပြီးဖြစ်မည် ထင်သည့် အသုံးအ၀င်ဆုံး တစ်နည်းကိုလည်း မပါမဖြစ် ထည့်ပြောရပါဦးမည်။ စာရွက် စာတန်း တစ်ခုခုကနေ ကူးရေးဖို့ လိုလာသည့်အခါ ဘောပင် မပါလာလျှင်ပင် စိတ်ညစ်ရန်မရှိ။ ဖုန်းထုတ်ပြီး ဓာတ်ပုံ ရိုက်လိုက်ရုံ ဖြစ်သည်။ အမျိုးမျိုးသော မှတ်တမ်း မှတ်ရာများကိုလည်း ရေးမှတ်နေမည့် အစား ဖုန်းဖြင့် ဓာတ်ပုံ ရိုက်လိုက်ခြင်းဖြင့် မြန်မြန်ဆန်ဆန် ကိစ္စပြီးသလို စနစ်တကျ ဖိုင်ခွဲထားလိုက်ခြင်း ဖြင့်လည်း လိုသည့်အချိန် ဖုန်းကောက်ကိုင်ကာ ချက်ချင်း ပြန်ကြည့်ရှုနိုင်မည်။
            အထက်ပါ အချက်များသည် ဖုန်းကင်မရာအား အမျိုးမျိုး အသုံးချနိုင်ပုံကို မြင်သာအောင် နမူနာဆောင်ပြခြင်းသာ ရှိသေးပြီး လက်တွေ့ ဘ၀တွင်ကား လူတိုင်းသည် မိမိတို့ အခြေအနေနှင့် လိုက်ဖက်အောင် အမျိုးမျိုး ဉာဏ်ထွင် အသုံးပြုလို့ ရသည်။
Ref: Just Snap It For the Record
Credit: messengernewsjournal.com

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...