Thursday, April 6, 2017

ကျေးလက်မှာ လမ်းလျှောက်ခြင်းက စိတ်ဖိစီးမှုကို ကျစေ


လတ်ဆတ်သော လေသန့်သည် အဆုတ်နှင့် အရေပြားအတွက် အာဟာရ ကောင်းဖြစ်၏။ ထို့အပြင် ဦးနှောက်အတွက်လည်း ဆေးကောင်းတစ်ခွက်ဖြစ်၏။ လတ်ဆတ်သောလေ ရှူရင်း သဘာ၀၀န်းကျင် စိမ်းစိမ်းစိုစိုထဲတွင် လမ်းလျှောက်ရခြင်းသည် ဦးနှောက်ကို ကျန်းမာစေပြီး စိတ်ဖိစီးမှုကိုလည်း ကျစေနိုင်ပြန်ကြောင်း လေ့လာ တွေ့ရှိထားသည်။
          စိမ်းစိမ်းစိုစို နေရာများတွင် လမ်းလျှောက်ပါက အဆိုးမြင် အဖျက်တွေးစိတ်များလည်း လျော့ပါးစေနိုင်သည်။ မြို့ပြ၀န်းကျင်တွင် လမ်းလျှောက်ခြင်းသည်ကား ကျေးလက်ဝန်းကျင်မှာ လျှောက်ခြင်းလောက် သက်ရောက်မှု အားမကောင်းကြောင်း လေ့လာသုတေသနက ဆိုသည်။
          မြို့ပြ၀န်းကျင်မှာ နေထိုင်သူများသည် ကျေးလက်ဝန်းကျင်မှာ နေထိုင်သူများထက် အဆိုးမြင် အဖျက်တွေးစိတ် ရင်ထဲမှာ ဖြစ်နေတာ ပိုများတတ်ကြောင်း လေ့လာမှု စစ်တမ်းကဆိုသည်။ ထိုသို့ ဖြစ်ရခြင်းမှာ ပြဿနာစုံသော မြို့ပြ၀န်းကျင်၏ ဖိအားကြောင့်လည်း ပါသလို၊ လေကောင်း လေသန့်ကို မရှူရခြင်းကြောင့်လည်း ဖြစ်သည်ဟု စစ်တမ်းက ထောက်ပြထားသည်။
          လေ့လာမှုစစ်တမ်းတွင် လူ (၁၉) ဦးကို စိမ်းစိုသော ကျေးလက်ဝန်းကျင်၌ မိနစ် (၉၀) ကြာ လမ်းလျှောက်ထွက်ခိုင်းသည်။ နောက်ထပ် (၁၉) ဦးကိုကား မြို့ပြ၀န်းကျင်တွင် မိနစ် (၉၀) ကြာ လမ်းလျှောက် ထွက်ခိုင်းသည်။

          ထိုလူနှစ်စုကို လမ်းမလျှောက်ခင်နှင့် လမ်းလျှောက်ပြီး စိတ်ပိုင်းဆိုင်ရာ အခြေအနေများ တိုင်းတာ မှတ်တမ်းယူထားသည်။ ထိုနှစ်စု၏ လမ်းလျှောက်ပြီး စိတ်အခြေအနေကိုလည်း ယှဉ်ကြည့်သည်။ ထိုအခါ ကျေးလက်မှာ လမ်းလျှောက်သူများသည် မြို့ပြမှာ လမ်းလျှောက်သူများထက် အဆိုးမြင် အဖျက်တွေးစိတ်များ လျော့ပါးကာ စိတ်ကြည်လင် အေးချမ်းနေကြကြောင်း တွေ့ခဲ့ရသည်။
          ကျေးလက်မှာ လမ်းလျှောက်သူများ ၏ ဦးနှောက်ကို လေ့လာသည့်အခါတွင် လည်း စိတ်ပိုင်းဆိုင်ရာ ပြဿနာများ ဖြစ် ပွားလျှင် လှုပ်ရှားတတ်သည့် အပိုင်းများ သည် သိပ်များများစားစား မလှုပ်ရှား ကြောင်း တွေ့ခဲ့ရသည်။
          ကမ္ဘာ့လူဦးရေ (၅၀) ရာခိုင်နှုန်းသည် လက်ရှိတွင် မြို့ပြ၌ နေထိုင်ကြပြီး ၂၀၅၀ ခုနှစ်ရောက်သည့်အခါ မြို့ပြနေ (၇၀) ရာခိုင်နှုန်းထိ ဖြစ်လာမည်ဟု လူဦးရေ ခန့်မှန်းမှုများက ဖော်ပြထားရာ မြို့ပြ၀န်းကျင်၏ စိတ်ကျန်းမာရေး ဆိုးကျိုးသက်ရောက်မှုသည် ပိုကျယ်ပြန့်လာဖို့ရှိသည်ဟု စစ်တမ်းက ဆိုသည်။
          လေ့လာမှုစစ်တမ်းကို စတန်းဖို့ဒ် တက္ကသိုလ်မှ ပါရဂူဘွဲ့ ကျောင်းသား ဂရီဂိုရီ ဘရတ်မန်းနှင့်အဖွဲ့က ပြုလုပ်ထားခြင်းဖြစ်ပြီး PNAS ဂျာနယ်တွင် ထည့်သွင်းဖော်ပြထားသည်။
Source: Daily Mail
Credit: messengernewsjournal.com

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...