Monday, May 29, 2017

ရှေးခေတ် အီဂျစ်တွင် အမျိုးသမီး အခွင့်အရေး အလေးပေးခဲ့


ရှေးခေတ် အီဂျစ်လူမျိုးများသည် ၎င်းတို့၏ တရားဥပဒေအရ ရပိုင်ခွင့်များကို အလေးအနက် ထားတတ်ကြပြီး အထူးသဖြင့် လက်ထပ် ထိမ်းမြားမှုဆိုင်ရာ စာချုပ်စာတမ်းများနှင့် ပတ်သက်လျှင် အမျိုးသမီးများသည် ၄င်းတို့ရပိုင်ခွင့်များ မဆုံးရှုံးအောင် ရည်ရွယ်ချက်ရှိရှိဖြင့် ကြိုးပမ်းတတ်ကြောင်း လေ့လာမှု တစ်ခုအရ သိရသည်။
          အမေရိကန် ပြည်ထောင်စု ရှီကာဂို တက္ကသိုလ်ရှိ အရှေ့တိုင်း ပညာ အင်စတီကျူ၌ ချိတ်ဆွဲထားသည့် (၈) ပေ အရှည်ရှိ ကျောက်စာ တစ်ချပ်တွင် လက်မထပ်မီ ကြိုတင် သဘောတူညီချက် ရယူပုံများကို ဖော်ပြထားသည်။
           စာချုပ်မှာ နှစ်ပေါင်း (၂၄၈၀) သက်တမ်း ရှိနေပြီ ဖြစ်သည်။ စာချုပ်အား ဒီမိုတစ် အက္ခရာများဖြင့် ရေးသားထားပြီး အိမ်ထောင်ရေး အဆင်မပြေပါက ဇနီးဖြစ်သူငွေနှင့် အစားအစာများ မခိျု့မတဲ့ဖြင့် ဆက်လက် နေထိုင်နိုင်အောင် ကြိုတင် စီမံမှုများ ပါဝင်နေသည်။
          စာချုပ်ကို ရေးဆွဲခဲ့သည့် အမျိုးသမီးက လင်မယား ကွာရှင်း ပြတ်စဲပါက ဘ၀တစ်လျှောက်လုံး တစ်နှစ်လျှင် ငွေပြား (၁) ပြား ၊ (၂) ပြားနှင့် သီးနှံအိတ် (၃၆) အိတ်တို့ကို နစ်နာကြေး အဖြစ် ရလိုကြောင်း စာချုပ်တွင် ထည့်သွင်း ရေးသားခဲ့သည်။

          ''ရှေးခေတ် အီဂျစ်မှာ အမျိုးသမီးတွေဟာလည်း အမျိုးသားတွေလို တန်းတူ အခွင့်အရေး ရခဲ့တယ် ဆိုတာကို သိသူ သိပ်မရှိခဲ့ပါဘူး'' ဟု အင်စတီကျူမှ အီဂျစ်ရေးရာ ပညာရှင် ဒေါက်တာ အင်မလီ တီတာက ပြောဆိုခဲ့သည်။
          ရှေးခေတ် အီဂျစ်တွင် နေထိုင်ခဲ့သည့် အမျိုးသမီးများသည် ပစ္စည်းဥစ္စာများအား စီမံခွင့်၊ ပိုင်ဆိုင်ခွင့်နှင့် ရောင်းချခွင့်များ ရရှိခဲ့သည်။ ပစ္စည်းဥစ္စာများတွင် ကျွန်များ၊ အစေခံများနှင့် တိရစ္ဆာန်များ ပါဝင်သည်။ လက်ထပ် ထိမ်းမြားခြင်းမှာ အီဂျစ် လူ့အဖွဲ့အစည်း၏ အရေးပါသော အစိတ်အပိုင်းဖြစ်ပြီး အီဂျစ်လူမျိုးများသည် လက်ထပ် ထိမ်းမြားခြင်းကို မလုပ်မနေ လုပ်ရမည့် တာဝန်တစ်ရပ် အဖြစ် သတ်မှတ်ထားကြောင်း သမိုင်း ပညာရှင်များက ပြောဆိုခဲ့သည်။
          စာချုပ်အများစုကို ဇနီးသည် အတွက် အကျိုးကျေးဇူး များပြားစေရန် ရည်ရွယ်ချက်ဖြင့် ရေးဆွဲခဲ့ခြင်း ဖြစ်ကြောင်း ပါမောက္ခ ဂျနက်ဂျွန်ဆင်က ရှီကာဂို တက္ကသိုလ် စာကြည့်တိုက် အတွက် ရည်ရွယ်သည့် စာတမ်း တစ်စောင်တွင် ရေးသားခဲ့သည်။  
  Source:DM
Credit: messengernewsjournal.com 

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...