Wednesday, October 4, 2017

မိုးပျံ တံတားကြီးအဖြစ်မှ သာယာလှပသည့် ချောင်းကလေးအဖြစ် အသွင်ပြောင်းခြင်း

တစ်ချိန်က ကားများသွားလာရာ အဝေးပြေး မိုးပျံတံတားကြီးကို ဖြိုချပစ်လိုက်ပြီး အများပြည်သူ အပန်းဖြေ အနားယူနိုင်သည့် သာယာလှပသော ချောင်းကလေးအဖြစ် ပြန်လည်ဖော်ဆောင်ပေးလိုက်တဲ့ အကြောင်းလေးကို တင်ပြပေးပါမည်။ တောင်ကိုရီးယားနိုင်ငံ ၊ ဆိုးလ်မြို့တော် ၊ ရှေးဟောင်း စီးပွားရေးဗဟိုဒေသတွင် တည်ရှိသည့် (၅) မိုင်ကျော်ရှည်လျားသည့် ကွန်ကရစ်တံတားကြီးကို ဖြိုချကာ ယခင်တံတားကြီး မတည်ဆောက်ခင်ကတည်းက ရှိနေသော ချန်ဂဲချန်ချောင်းကလေးအဖြစ် ပြန်လည်တူးဖော်ပေးခဲ့ခြင်း ဖြစ်ပါသည်။

ယခင်က ထိုနေရာတွင် ချန်ဂဲချန်ချောင်းတည်ရှိခဲ့ပြီး ရေအရင်းအမြစ် ခွဲဝေဖြန့်ဖြူးရာ အဓိကနေရာတစ်နေရာ ဖြစ်ခဲ့ပါသည်။ သို့သော် ၁၉၅၀ ခုနှစ်အလွန်ကာလများ၌ မြို့တော်၏ လူနေထူထပ်ခြင်း ၊ စက်မှုလုပ်ငန်းများ တိုးတတ်လာခြင်းတို့ကြောင့် ချောင်းရေမှာ နောက်ကျိ ညစ်ညမ်း လာခဲ့ပါသည်။

ထို့ကြောင့်ပင် တိုးတတ်လာသော လူမှုပုံစံများနှင့် အညီ ထိုချောင်းနေရာကို အဝေးပြေးလမ်းမကြီးအဖြစ် ပုံဖော်ခဲ့ကာ ထပ်မံလိုအပ်လာသော အဆင့်မြင့် လမ်းပန်းဆက်သွယ်ရေးအတွက် မိုးပျံတံတားကြီး တည်ဆောက်ခဲ့ပါသည်။


တိုးတတ်ထွန်းကာလာမှုနှင့်အတူ ပုံပေါ်လာသော မိုးပျံအဝေးပြေးတံတားကြီးကြောင့် သွားလာလွယ်ကူ လာပေမယ့် ကြာရှည်လာသည့်အခါ ဆိုးကျိုးများလည်း ဖြစ်ပေါ်စေခဲ့ပါသည်။ ဒါကတော့ အဆောက်အဦများ ကြံ့ခိုင်မှု စိတ်မချရတော့ခြင်း ၊ လေထုညစ်ညမ်းမှု နှင့်အတူ သဘာဝပတ်ဝန်းကျင် ဆိုးကျိုးများကို ခံစားလာခဲ့ကြပါသည်။ ထို့ကြောင့်ပင် ယခင်ကတည်ရှိခဲ့သော ပြေးလမ်း ၁၀ လမ်းပါ မိုးပျံတံတားကြီးကို ပြန်လည်ဖြိုချပြီး ယခင်တည်ရှိခဲ့သော ချောင်းကလေးကို ပြန်လည်ဆယ်ယူရန် ကြိုးပမ်းတိုက်တွန်းမှုများ ပြုလာကြပါသည်။

၂၀၀၂ ခုနှစ်တွင် ဆိုးလ်မြို့တော်အာဏာပိုင်များမှ မိုးပျံတံတား ပြန်လည်ဖြိုချရန် လက်ခံခဲ့ပြီး ၂၀၀၃ ခုနှစ်တွင် ထိုအဝေးပြေး မိုးပျံတံတားကြီးကို စတင်ဖြိုချခဲ့ကြပါသည်။ ထို့နောက် ထိုမိုးပျံတံတားကြီး နေရာတွင် ယခင်ရှိခဲ့သော ချန်ဂဲချန်ချောင်းကလေးကို ပြန်လည်တူးဖော် ခဲ့ပါသည်။ ချောင်းကလေးတစ်လျောက် အများပြည်သူ လွတ်လပ်စွာ အပန်းဖြေနိုင်သော စိမ်းလန်းသာယာသည့် အပန်းဖြေ ပန်းခြံ လျောက်လမ်းများကိုပါ ထည့်သွင်း တည်ဆောက်ခဲ့ပါသည်။

၂၀၁၅ ခုနှစ်၊ အောက်တိုဘာလတွင် စတင်ဖွင့်လှစ်ပေးခဲ့ပြီး အများပြည်သူ လွတ်လပ်အေးချမ်းစွာ အပန်းဖြေနိုင်ခဲ့ပါသည်။ ထိုစီမံကိန်းကို တည်ဆောက်ရန် (၂၇)လ ခန့်ကြာမြင့်ခဲ့ပြီး ဒေါ်လာ (၃၄၆) သန်းခန့် ကုန်ကျခဲ့ပါသည်။ ၃ မိုင်ခွဲ ရှည်လျားသော  ရေစီးကြောင်းနှင့် မြစ်ကြမ်းပြင်အသစ်တစ်ခုကို ဖော်ဆောင်ခဲ့ရပြီး တံတားသစ်၂၂ စင်း တည်ဆောက်ခဲ့ပါသည်။ ယခင်တည်ရှိပြီး အရင်းအမြစ်များကို ပြန်လည်ပြုပြင် တည်ဆောက်မှု လုပ်ငန်းများ များစွာ ပြုလုပ်ခဲ့ရပါသည်။

စမ်းချောင်းတစ်လျောက် အနားယူ အပန်းဖြေရန် နေရာများစွာ ဖော်ဆောင်ပေးထားပြီး စမ်းချောင်းကို အပိုင်း ၃ ပိုင်းခွဲကာ မတူညီသောအနုပညာ ပုံစံများဖြင့် လှပရန် ပြုလုပ်ပေးထားပါသည်။ စမ်းချောင်းအထက်ရှိ အပိုင်းသည် သမိုင်းနှင့် ရိုးရာ ၊  စမ်းချောင်းအလယ်ရှိ အပိုင်းသည် ယဉ်ကျေးမှုနှင့် ခေတ်သစ် ၊  စမ်းချောင်းအောက်ဘက်ရှိ အပိုင်းသည် သဘာဝနှင့် အနာဂါတ်ကို ပုံဖော်ပေးထားပါသည်။ အပိုင်းတစ်ခုစီအလိုက် ပျမ်းမျှကုန်ကျငွေမှာ ပေါင်သန်း ၆၀ခန့် ရှိပါမည်။

အများပြည်သူ အပန်းဖြေနိုင်မည့် ရင်ပြင်ငယ်များ ၊ ပြည်သူများ၏အနုပညာလက်ရာများ ၊ လျောက်လမ်းများ ၊ ပန်းခြံများ ၊ အလှမီးရောင်စုံများ ၊ စိမ်းလန်းစိုပြေသည့် ပန်းခြံငယ်လေးများ အပြင် စမ်းချောင်း ရေတံခွန်လေးများကို ကူးဖြတ်နိုင်သည့် ကျောက်တုံးတံတားလေးများကို အစီအစဉ်ကျစွာ ထည့်သွင်း ပုံဖော်ပေးထားပါသည်။

စမ်းချောင်းလေးတစ်လျောက် ရေများ ဖြတ်သန်းစီးဆင်း နေစေရန် ဟန်မြစ် နှင့် မြေအောက်ရေများကို ရယူစေပြီး ပျမ်းမျှ (၁.၃) ပေအနက်နှင့် ရေစီးဆင်းမှုအလျင် (၀.၂၅ m/s) ရှိပါသည်။ ထို့ပြင် အဝေးပြေး မိုးပျံတံတားကို ဖြိုချခဲ့ရသဖြင့် ဖြစ်ပေါ်လာနိုင်သည့် ယဉ်ကြောပိတ်ဆို့မှုများကိုလည်း ဖြေရှင်းရန် ကြိုတင်စီစဉ်ထားခဲ့ပြီး စမ်းချောင်းဖြတ် တံတားကြီးများကို တည်ဆောက်ပေးခဲ့ပါသည်။

တစ်ချိန်က ယာဉ်များထူထပ်စွာသွားလာပြီး မီးခိုးများနှင့် ညစ်နွမ်းနေသော မိုးပျံ အဝေးပြေးလမ်းမကြီး နေရာတွင် ယခုအခါ သာယာလှပသော စမ်းချောင်းလေးနှင့် မြို့အလယ်မှ ဖြတ်သန်းနေသော အစိမ်းရောင် နယ်မြေ ဖြစ်ပေးနေပါပြီ။ အများပြည်သူများမှလည်း နေ့ရော ညပါ သွားလာအပန်းဖြေ နေကြပါသည်။ ယခင်ကလည်း တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာပင် ကားများသွားလာသော မိုးပျံတံတားကြီးကို အများပြည်သူ အပန်းဖြေလမ်းလျောက်နိုင်သည့် မိုးပျံ ဥယျာဉ်ကြီးတစ်ခုအဖြစ် တည်ဆောက်ပုံဖော်မှုအကြောင်း နေခရမ်း တင်ပြပေးဖူးပါသည်။











သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...