ထိုင်ဝမ်ရှိ တိုင်ချွမ်မြို့ အပြင်ဘက်တွင် Caihongjuan ဆိုသည့် ရွာငယ်လေး ရှိပါသည်။ ထိုရွာငယ်လေးကို လူအများက သက်တံကျေးရွာလေးဟု အမည်တပ်ကြပါသည်။ တကယ်ပင် ထိုရွာကလေးသို့ ရောက်ရှိသည်နှင့် အိမ်များ ၊ လမ်းများ ၊ နံရံများတွင် နေရာလွတ်မရှိလောက်အောင် ရောင်စုံရုပ်ပုံများကို အပြည့်ရေးဆွဲထားသည်ကို တွေ့ရမှာပါ။ ထိုသို့ရေးဆွဲရသည်မှာလည်း နောက်ခံအကြောင်းအရင်း ရှိပါသည်။

တစ်ချိန်က ရွာသူရွာသားများနှင့် စည်ကားပျော်ရွှင်ဖွယ်ကောင်းခဲ့သည့် Caihongjuan ရွာကလေးသည် မြို့ပြအိမ်ရာသစ် စီမံကိန်းကြောင့် အဖျက်ခံရမည့် ရွာကလေး ဖြစ်လာပါသည်။ ထို့ကြောင့် ဒေသခံရွာသားများသည် ရွာကလေးမှ တဖြည်းဖြည်းစွန့်ခွာ သွားခဲ့ကြပါသည်။

ဟွမ်ယန်ဖူ ဟုအမည်ရသည့် အဘိုးအိုသည် ဖိုရွာကလေးတွင် နေထိုင်ရင်း ထိုရောင်စုံသက်တန့်ပုံကလေးများကို ၂၀၀၈ ခုနှစ်ကတည်းက စတင်ရေးဆွဲခဲ့ပါသည်။ မိမိ၏ အိမ်တွင်း အိမ်ပြင်အပြည့် ရေးဆွဲပြီးနောက် အခြား လူမနေတော့သည့် ရွာသားများ၏ အိမ်များပေါ်တွင်ပါ ရေးဆွဲခဲ့ပါသည်။ ထို့နောက် ရွာလမ်းများနှင့် နံရံများပေါ်တွင်ပါ တစိုက်မတ်မတ်ရေးဆွဲလာခဲ့ရာ ရောင်စုံရုပ်ပုံများနှင့် ပြည့်နှက်နေသော ချစ်စဖွယ် သက်တန့်ကျေးရွာလေး ဖြစ်လာခဲ့ပါသည်။

အဘိုးဟွမ်ကို သက်တန့်ဘိုးဘိုးဟု ခေါ်ကြပြီး သူသည် တစ်ချိန်ကစည်ကားပျော်ရွှင်ခဲ့သော ရွာသားများ၏ ပုံရိပ်များကို လွမ်းဆွတ်သတိရ ရေးဆွဲခဲ့ခြင်း ဖြစ်ပါသည်။ ထို့ပြင် ငှက် ၊ ကြောင် ၊ ပန်ဒါဝက်ဝံ စသည့် ချစ်စဖွယ် တိရိစ္ဆာန်ပုံကလေးများကိုလည်း ရေးဆွဲခဲ့ပါသည်။

ယခုအခါ ရွာသားများ ပြောင်းရွေ့သွားကြသဖြင့် အဘိုးဟွမ်တစ်ယောက်တည်းသာ ရှိတော့သည်ဟု သိရပြီး သူ့အတွက် ထိုရုပ်ပုံလေးများသည်ပင် အဖော်ပြုရာ ဖြစ်နေခဲ့ပါသည်။ သူရဲ့စိတ်ကူးထဲက ကျေးရွာတွင်းမှ ပျော်ရွှင်နေတဲ့မိသားစုတွေကို နံရံတွေမှာ ဆေးစက်ချရေးဆွဲခဲ့သည့် အကျိုးကျေးဇူးကို လက်တွေ့ ရရှိခဲ့ပါသည်။

ယခုအခါ အဘိုးဟွမ်၏ ရောင်စုံရုပ်ပုံများနှင့် ချစ်စဖွယ် သက်တန့်ရွာကလေးသည် ခရီးသွားဧည့်သည်များ၏ သွားရောက်လည်ပတ်စရာ နေရာတစ်နေရာ ဖြစ်နေပါသည်။အစိုးရမှလည်း ထိုရွာကလေးကိုဖျက်ပြီး တည်ဆောက်မည့် မြို့ပြစီမံကိန်းကို ရပ်နားထားပေးခဲ့ပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။