Thursday, November 16, 2017

လှို့ဝှက်မှုများစွာနှင့် ကယားပြည်နယ်မှ ကြတ်ဂူကြီး

မြန်မာနိုင်ငံရှိ လှိုဏ်ဂူကြီးများတွင် အမည်ကြားယုံဖြင့် စိတ်ဝင်စားမှုခံရသော လှိုဏ်ဂူကြီးတစ်ခုမှာ ကြတ်ဂူပင် ဖြစ်ပါသည်။ ရှေးဟောင်းအခေါင်းများ တည်ရှိနေသည်ဟု နာမည်ကျော်ကြားသော ၊ ထူးဆန်းမှုများနှင့် ပြည့်နေသည့် ကြတ်ဂူကြီးသည် ကယားပြည်နယ် ၊ လွိုင်ကော်မြို့အနီးတွင် တည်ရှိနေပါသည်။

မြန်မာပြည်၏ အထင်ကရလှိုဏ်ဂူကြီးတစ်ခု အဖြစ်သတ်မှတ်ထားကြသော ကြတ်ဂူကြီးသည် ကယားပြည်နယ် လွိုင်ကော်မြို့မှ အရှေ့ဘက် ၁၀ မိုင်အကွာတွင် တည်ရှိပါသည်။ လွိုင်ကော်မှ ရှားတောသို့ သွားသည့် လမ်းပေါ်တွင် ပါလောင်းကျေးရွာအနီး၌ တည်ရှိနေပြီး ယခုအခါ သွားလာရသည်မှာ လွယ်ကူ အဆင်ပြေလှပါသည်။ ကြတ်ဂူကို ကယားဘာသာစကားဖြင့် ရာစုကု ဟုခေါ်ကြပါသည်။

မြန်မာနိုင်ငံတွင် တွေ့ရှိမှတ်တမ်းတင်ထားသမျှ လှိုဏ်ဂူကြီးများတွင် ကြတ်ဂူကြီးသည် တိုင်းတာ၍ ရသလောက်တွင် ပဉ္စမမြောက် အရှည်ဆုံး လှိုဏ်ဂူကြီး ဖြစ်ကြောင်း myanmarcaves.com မှ မှတ်တမ်းတင်ထားပါသည်။ ကယားပြည်နယ်တွင် ဖရူနိုဂူကြီးပြီးနောက် ဒုတိယအရှည်ဆုံး ဖြစ်ကြောင်း သိရပါသည်။ ဒါပေမယ့် ကြတ်ဂူ၏ အဆုံးသတ်ပိုင်းကို မည်သူမှ မရောက်ဖူးသေးဘဲ ဆက်လက်တိုင်းတာ သုတေသနပြုရန် ကျန်ရှိနေသော လှိုဏ်ဂူကြီး ဖြစ်ပါသည်။ ယခုလက်ရှိ ခန့်မှန်းတိုင်းတာ မှတ်တမ်းတင်ထားချက်တွင် ( ပေ ၇၂၀၀ ) ၂၁၉၄ မီတာ ခန့် လှိုဏ်ဂူအရှည်ရှိပါသည်။


ဂူအတွင်း၌ မည်သည့်အချိန်ကာလ ကတည်းက ရောက်ရှိနေမှန်းမသိရသည့် သစ်လုံးထွင်း အခေါင်းကဲ့သို့ အရာများကို တွေ့ရှိကြရပြီး ရိုးရာယုံကြည်မှုနှင့်အတူ ကြတ်ဂူဟူသော နာမည်ဆန်းဖြင့် ကျော်ကြားလာခဲ့ပါသည်။  ဂူအတွင်း၌ အရှည်ဆုံး(၁၅)ပေ ၊ အတိုဆုံး(၂)ပေခန့်ရှိသော သစ်လုံးထွင်း သစ်သားခေါင်းတလားများ နေရာစုံတည်ရှိနေပါသည်။ အချို့ကို ပေ(၂၀)၊ ပေ(၃၀) မြင့်သော လှိုဏ်ဂူ မျက်နှာကျက်၌တွေ့ရပါသည်။

ကယားပြည်နယ်မှ ကြတ်ဂူကြီးသည် ပင်လယ်ရေမျက်နှာပြင်အထက်(၂၉၉၀)ပေ တွင်ရှိသော ထုံးကျောက် (Limestone) ၊ ဒိုလိုမိုက်ကျောက် (Dolomite) များဖြင့် ဖွဲ့စည်းထားသည့် အလွန်ကြီးမားသည့် သဘာဝလှိုဏ်ဂူတစ်ခုဖြစ်ပါသည်။ လှိုဏ်ဂူကြီး၏ သက်တမ်း နှင့် အတွင်းမှ တွေ့ရှိရသော သစ်သားခေါင်းတလားများ၏ သမိုင်းဆိုင်ရာ အချက်အလက်များကို ဆက်လက်သုတေသနပြုဆဲ ရှိပါသည်။

ကြတ်ဂူကြီးသို့ အတက်လမ်း
ကြတ်ဂူသွားရာ လမ်းတွင် သာယာလှပသော ရှုခင်းများကို တွေ့မြင်ရမည် ဖြစ်ပြီး လှိုဏ်ဂူကြီးကို တောင်အလယ်တွင် တွေ့မြင်ကြရပါသည်။ တောင်ခြေတွင် ဘုန်းတော်ကြီးကျောင်းနှင့်အတူ ခရီးသွားများ အနားယူ အပန်းဖြေရန် အဆောင်များကိုလည်း တွေ့မြင်ရပါသည်။

ကြတ်ဂူကြီးကို ဟိုးယခင်ကတည်းက ဒေသခံများ တွေ့ရှိခဲ့ကြပေမယ့် ရိုးရာယုံကြည်မှုများကြောင့် အသွားအလာ မရှိသလောက် ဖြစ်ခဲ့ကြပါသည်။ တစ်ချို့က ဂျပန်ခေတ်ကတည်းက ထိုဂူကြီးရှိကြောင်း ဒေသခံများ သိရှိကြသည်ဟု ဆိုသော်လည်း ပြင်ပမှ ခရီးသွားဧည့်သည်များ သိရှိလာရောက်ကြသည်မှာ နှစ်အားဖြင့် များစွာ မကြာသေးပါ။

တောင်ပေါ်သို့တတ်ရန် လမ်းရှိပြီး ဂူပေါက်ဝသို့ မရောက်ခင်တွင် ကယားရိုးရာ တံခွန်တိုင်ရှည်ကြီးကို တွေ့မြင်ရပါသည်။ ကယားလူမျိုးတို့၏ ရိုးရာယုံကြည်မှုကို ပြသသည့် ထိုတံခွန်တိုင်များကို ကယားပြည်နယ် နေရာအများအပြားတွင် တွေ့မြင်ကြရပါသည်။

ထိုမှ တောင်တက်လမ်းအတိုင်း တက်သွားလျှင် နာမည်ကျော် ကြတ်ဂူကြီး၏ ၀င်ပေါက်ကို တွေ့မြင်ကြရပါသည်။ ဂူပေါက်ဝတွင် ဘုရားဆင်းတုတော်ကို ဖူးမျှော်ကြရပြီး ကြီးမားပြီး မဲမှောင်နေသော ဂူအတွင်းပိုင်းကို တွေ့မြင်ရသည်မှာ ကျောချမ်းစရာ ကောင်းလှပါသည်။

လှိုဏ်ဂူအတွင်းသို့ ၀င်ရောက်ရန် အမြင့်မှ လှေကားဖြင့် ဆင်ကြရပြီး ကျောက်တုံးများကြား လျှိုမြောင်ကို တံတားဖြင့် ကူးကြရပါသည်။ ဂူဝတွင် တွေ့ရှိရသော ပြုပြင်ဖန်တီးထားမှုများကို တွေ့မြင်ကြရသဖြင့် ဒီဂူကြီးကတော့ သဘာဝအတိုင်း တွေ့မှ တွေ့ရပါတော့မလားဟု ထင်မြင်မိပါသည်။ ဒါပေမယ့် မှောင်နေသော ဂူအထဲရောက်သွားမှ မိမိ ထင်မြင်ချက် အမှားကြီး မှားမှန်း သိလိုက်ရပါသည်။

လှိုဏ်ဂူအ၀င် လျောက်လမ်းပေါ်အရောက် တွေ့မြင်ရသော ကျောက်စက်ပန်းဆွဲအလှများမှာ ကြည့်မ၀ပါ။ လျောက်လမ်းမှ အောက်ခြေသို့ကြည့်လိုက်မိသောအခါ မြင့်နေပါသဖြင့် ရင်ထိတ်မိပါသည်။ လျောက်လမ်းတံတားလေးကြောင့်သာ လှိုဏ်ဂူအတွင်း သက်သာစွာ ၀င်ရောက်နိုင်ခြင်း ဖြစ်ပါသည်။

ကြတ်ဂူ၏ ရှေ့မျက်နှာစာလောက်သည်သာ ကျယ်ပြန့်သော လှိုဏ်ဂူဝကြောင့် လင်းနေသော်လည်း လှပသည့် ကျောက်စက်ပန်းဆွဲများကို ကျော်ဖြတ်ပြီးနောက် အတွင်းပိုင်းတွင် မှောင်နှင့်မဲမဲ စမ်းတ၀ါးဝါး ဖြစ်သွားရပါသည်။

လျှပ်စစ်မီး မရှိဘဲ မီးစက်မီးသာ ရှိကြောင်းသိရပြီး လှိုဏ်ဂူတစ်လျောက် မီးလုံးများ သွယ်တန်းထားပါသည်။ ဒါပေမယ့် နေခရမ်းသွားချိန်တွင် မီးထွန်းပေးထားခြင်း မရှိပါ။ လုံးဝမှောင်မဲထဲ ဖုန်းမှ မီးအလင်းရောင်ဖြင့်သာ ချီတက်ကြရပါသည်။ လင်းအားကောင်းသော ဓာတ်မီးများယူသွားဖို့ လိုအပ်သော ဂူဖြစ်ပြီး ဓာတ်မီးမပါသည့်အတွက် ဂူထဲရောက်လေ နောင်တရလေ ဖြစ်ခဲ့ရပါသည်။

ကြတ်ဂူအတွင်း ကျောက်သားလမ်းပေါ် လျောက်နေရင်းဖြင့် နာမည်ကျော် ခေါင်းတလားများ၏ အပျက်အစီးများကို စတင်တွေ့ရှိရပါသည်။ သစ်လုံးတစ်လုံးတည်းကို ထွင်းထုထားသည့် အခေါင်းပုံစံ များကို နေရာအနှံ့ တွေ့ကြရပြီး အရှည်ကတော့ လူတစ်ယောက်အတွက် တော်တော်ရှည်လှပါသည်။ အရှည်ဆုံး အခေါင်းမှာ ၁၅ ပေ ၊ ၁၆ ပေ အထိ ရှိကြောင်းသိရသလို အတိုဆုံးမှာ ၂ ပေခန့် ရှိပါသည်။ လွန်ခဲ့သည့် နှစ်၇၀ ကျော်က ဂူတွင်းဝင်ရောက်ဖူးသူများက အခေါင်းများအတွင်း အရိုးစုများ တွေ့ကြောင်း ပြောကြပြီး ၊ နောက်ပိုင်း အဖိုးတန်ပစ္စည်းများ ရှိမလားဟု ၀င်ရောက်ရှာဖွေ ဖျက်စီးမှုများကြောင့် ပျက်စီးသွားခဲ့ရသည်ဟု ဆိုကြပါသည်။ တိကျသော ပြောကြား မှတ်တမ်းတင်မှုများကတော့ မတွေ့ရပါ။

သစ်လုံးထွင်း လှေပုံစံအခေါင်းများကို နေရာစုံတွင် တွေ့မြင်ရပြီး အချို့ကို ပေ၂၀ ၊ ၃၀ မြင့်သော လှိုဏ်ဂူနံရံများတွင် တွေ့ကြရပါသည်။ စုပုံထပ်ထားခြင်းများကို တွေ့ရသလို ၊ အပျက်အစီးပုံများအဖြစ်လည်း တွေ့ကြရပါသည်။ လှိုဏ်ဂူအတွင်း မှောင်မဲနေသဖြင့် ဂူနံရံနှင့် မြင့်မားသော အမိုးကို သေခြာမကြည့်နိုင်သလို ၊ ကြမ်းတမ်းသော ဂူလျောက်လမ်းကို ဂရုစိုက် ကြည့်လျောက်နေရသဖြင့် သဘာဝအလှအပများကို ခံစားရရန် မဖြစ်နိုင်ခဲ့ပါ။ မှတ်တမ်းတင် ဓာတ်ပုံရိုက်ဖို့ပင် ကောင်းစွာမရလောက်အောင် မှောင်မဲနေသည်မှာ သဘာဝအတိုင်း ရှိမှ ရှိပါ့မလားဟု ဂူဝတွင် ထင်မြင်မိသည်ကို ရယ်ချင်မိပါသည်။ သဘာဝ အကျလွန်သွားသည်ဟုပင် ခံယူလိုက်ပါသည်။

တစ်ချို့နေရာများတွင် ထို ခေါင်းတလား အပိုင်းအစများကို လူသွားလမ်းခင်းထားသည်ကိုပါ တွေ့မြင်ရပါသည်။ လျောက်ရသည့်လမ်းမှာ ကျောက်ခဲချွန်ချွန်များနှင့် ပြည့်နှက်နေပြီး ဖိနပ်မစီးဘဲ ၀င်ရသည်မှာ သိပ်မလွယ်ကူပါ။ လမ်းတစ်လျောက် မီးမလာသော မီးလုံးလေးများ သွယ်တန်းထားသည်ကို အမှတ်အသားပြုပြီး ရှေ့သို့ လျောက်ခဲ့ရပါသည်။

ယုံကြည်မှုများကြောင့် အတိုက်အခံမပြုလိုကြသော်လည်း ထိုခေါင်းတလားများနှင့် ပတ်သတ်ပြီး ထင်မြင်ချက်များ အမျိုးမျိုး ရှိကြပါသည်။ အများအားဖြင့် ယုံကြည်ယူဆကြသည်မှာ ထိုခေါင်းတလားများသည် ရှေးတစ်ချိန်က ထိုဒေသတစ်ဝိုက်တွင် နေထိုင်ခဲ့သော အရပ်အလွန်ရှည်ကြသည့် ရှေးကျသည့် လူမျိုးများ၏ အခေါင်းများ ဖြစ်ကြောင်း ဆိုကြပါသည်။ သေဆုံးလျှင် သစ်လုံးထွင်း အခေါင်းများထဲ ထည့်ပြီး လှိုဏ်ဂူအတွင်းသို့ ရိုးရာယုံကြည်မှုအရ လာရောက်ထားကြောင်း ဆိုကြပါသည်။ ထို့ပြင် ထိုဂူကြီးသည် ကြတ်များ နေထိုင်ရာ ဂူကြီးဟုလည်း ဆိုကြပါသည်။ ထို့ကြောင့်ပင် ထိုဂူကို ကြတ်ဂူဟု ခေါ်ကြောင်း ဆိုကြပါသည်။ ထိုကဲ့သို့ သိရခက်သော ယုံကြည်မှုဆိုင်ရာများ ရှေးကျသည့် လူမျိုးတိုင်းတွင် ရှိတတ်ကြပါသည်။ ကျွန်တော်တို့ အရှေ့အာရှတွင်ပင် လူမျိုးတစ်မျိုးသည် သေပြီးလူများ၏ အခေါင်းများကို ကျောက်တောင်နံရံတွင် ချိတ်ဆွဲထားတတ်ကြပါသည်။ သို့သော် ယခုကဲ့သို့ အရပ်အလွန်ရှည်သောလူမျိုးများ နှင့် ဒီလောက်ကြီးသော ခေါင်းတလားများရှိကြောင်းကတော့ လက်မခံသူများအတွက် တွေးစရာ ဖြစ်နေပါသည်။

တစ်ချို့ကလည်း ကြတ်ဂူမှ ခေါင်းတလားများသည် တစ်ခေတ်တစ်ခါက မှောင်ခိုပစ္စည်းများ လဲလှယ်ရောင်းဝယ်ရာတွင် ထည့်သွင်းအသုံးပြုခဲ့ကြောင်း ဆိုကြပါသည်။ ထိုအဆိုကို လက်မခံသူများကတော့ မှောင်ခိုပစ္စည်းများကို အလွန်လေးသော သစ်လုံးထွင်းခေါင်းပုံစံထဲ ထည့်ရခြင်း အကြောင်းနှင့် ပေ ၂၀ ၊ ၃၀ မြင့်သော တောင်နံရံ အပေါက်များတွင် ဘာကြောင့်တင်ထားရကြောင်း မေးခွန်းထုတ်ကြပါသည်။

တစ်ချို့ကလည်း ကြတ်ဂူကြီးအောက်မှ ရေထွက်ပေါက်သည် တစ်ဖက်တွင် မြစ် (သို့) ပင်လယ်ထိ ရောက်သဖြင့် ဂျပန်ခေတ်က ဂျပန်များစစ်ပြေးရန် သစ်လုံးထွင်း လှေများပြုလုပ်ပြီး ဂူထဲ၌လာထားကြောင်း ဆိုကြပါသည်။ သစ်လုံးထွင်း လှေအယူအဆကို လက်ခံလိုသော်လည်း တစ်ဖက် မြစ် (သို့) ပင်လယ်အထိ တကယ်ပေါက်လျှင်ပင် အဆုံးထိသွားရောက်ရန် မလွယ်ပါ။ ဂျပန်များ စစ်ပြေးဖို့ဆိုသည်မှာ ပိုလို့ မဖြစ်နိုင်ဟု ယူဆမိပါသည်။

ထို့ပြင် ကြတ်ဂူအတွင်းရှိ လင်းနို့များ၏ ချေးခံယူရန် သစ်လုံးထွင်းခေါင်းတလားများ ထားကြောင်း ဆိုကြသူများကို ကြားဖူးခဲ့ပါသည်။ ထိုအရာမှာလည်း တိကျသော တင်ပြချက်တစ်ခုတော့ မဟုတ်ခဲ့ပါ။

မည်သည့်အတွက်ကြောင့်ပင် ဖြစ်ပါစေ ကြတ်ဂူကြီးအတွင်းတွင် သစ်လုံးထွင်း အခေါင်းပုံစံကြီးများ ရှိနေကြသည်မှာ အမှန်ပင်ဖြစ်ပြီး တိကျသော သုတေသနပြုချက်များ အဖြေမထွက်ခင်အထိ ပဟေဠိပေါင်း များစွာနှင့် ဆက်လက်တည်ရှိနေမည် ဖြစ်ပါသည်။ ရှေးဟောင်းသုတေသနဌာနမှ လာရောက် မှတ်တမ်းယူ သုတေသနပြုနေကြောင်း သိရပါသည်။

ကြတ်ဂူကြီး အတွင်းပိုင်းသည် ကြီးမားကျယ်ပြန့်သလို ကျောက်တုံးကျောက်စိုင်ကြီးများ နေရာအနှံ့ တည်ရှိနေပါသည်။ ထိုကြီးမားသော ကျောက်တုံး အပိုင်းအစကြီးများကြောင့် လူသွားလမ်းသည် ကျဉ်းလိုက် ကျယ်လိုက် ဖြစ်နေပါသည်။ လမ်းသည်လည်း မြင့်လိုက် ၊ နိမ့်လိုက်ဖြင့် သွားလာရသည်မှာ မြေအောက်ကမ္ဘာတစ်ခုကို ရောက်ရှိနေသလို ခံစားရစေပါသည်။

ကြတ်ဂူကြီး အတွင်းပိုင်းတွင် အခြားဂူများမှာကဲ့သို့ ရေစက်ရေပေါက်များ ကျဆင်းနေခြင်းမျိုး သိပ်မတွေ့ရပါ။ ကြီးမားပြီး ကွဲအပ်နေသော ကျောက်တုံးကျောက်ဆောင်ကြီးများကို နေရာအနှံ့ တွေ့မြင်ရပါသည်။ အတွင်းဘက်တွင် ကြီးမားသော ဂူကြီး တစ်ခုပင်ဖြစ်ပါသည်။

ကြတ်ဂူကြီး၏ လမ်းတစ်လျောက် မီးသီးများ သွယ်တန်းထားသလောက်အထိ သဘာဝအတိုင်း ပြုပြင်မှုမရှိသလောက် ၀င်ရောက်ကြရပါသည်။ ဂူအတွင်းပိုင်းတွင် စိုးရိမ်ထိတ်လန့်တတ်သူများ အနေဖြင့် မူးဝေ ခေါင်းမူးခြင်းမျိုးများ ဖြစ်ကြသည်ကိုလည်း တွေ့မြင်ခဲ့ရပါသည်။ မိမိ၏ စိတ်အခံကြောင့်သာ ဖြစ်ပေါ်ခြင်း ဖြစ်ပါသည်။ မရောက်ခင် ကတည်းက ကြားသိဖူးသော စကားများကြောင့် အချို့သူများ အသက်ရှုမ၀ ၊ ရင်ထိတ်ကာ လှည့်ပြန်သွားတတ်ကြပါသည်။ စူးစမ်းလိုသူများအနေဖြင့် ဂူအတွင်းပိုင်း ၀င်၍ရသလောက် ၀င်ရောက်လေ့လာသင့်ပါသည်။

ကြတ်ဂူအတွင်း နောက်ဆုံးမီးသီး သွယ်တန်းထားသည့်နေရာ
ကြတ်ဂူကြီးအတွင်းပိုင်း အန္တရာယ်ကင်း သွားနိုင်လောက်သည်အထိ မီးလုံးမီးသီးများ သွယ်တန်းထားပေးပါသည်။ နောက်ဆုံးမီးသီး အဆုံးသတ်နေရာသည် ဂူ၏ အဆုံးသတ်နေရာ မဟုတ်သေးပါ။ အောက်ဆင်း၍ ခက်ခဲလွန်းလောက်အောင် ကုန်းလျောဖြစ်ပေါ်နေပြီး မြင့်လွန်းနေပါသည်။ ကြိုးပါမှသာ အလွယ်တကူ ဆင်းနိုင်မည် ဖြစ်ပါသည်။ ထိုနေရာမှ ကြည့်လျှင် မှောင်မှောင်မဲမဲထဲ ဘာမှ သိပ်မမြင်ရတော့ပါ။ ဒီဂူကြီးသည် လူအများပြောကြသလို အဆုံးမဲ့သလောက် ရှည်လျားလွန်းသလားဟု ထင်မြင်မိပါသည်။ နိုင်ငံခြားသားများ ရသလောက် ၀င်ရောက်လေ့လာဖူးသည့် အရှည်မိုင်သည်ပင် မနည်းပါ။

ကြတ်ဂူအတွင်း မြေအောက်သို့ ဆင်းရမည့် တစ်နေရာ
 
ထို့ပြင် ကြတ်ဂူကြီး အတွင်းတွင် ဂူလမ်းကြောင်းခွဲများ ရှိပြီး လမ်းကြောင်းတစ်ခု၏ အဆုံးသတ်မှာ အောက်သို့တွင်းပေါက်အဖြစ် ကျဉ်းမြောင်းစွာ ထိုးဆင်းသွားပါသည်။ ထို အောက်သို့ ဆင်းသွားသည့် နေရာတွင် လှေကားတစ်ခု ပြုလုပ်ပေးထားပါသည်။ ဂူအတွင်း အလင်းရောင်မရှိ ၊ ဖုန်းမီးကိုသာ အားကိုးနေရခြင်းကြောင့် အောက်သို့ဆင်းကြည့်ဖို့ကို လက်လျော့ခဲ့ရပါသည်။ အောက်သို့ လှမ်းကြည့်ရသလောက်မှာ အတော်နက်နက် အောက်ဆင်းသွားရပြီး အောက်ခြေတွင် ရေပြင် တွေ့ရပါသည်။ သို့သော် မြေအောက် စမ်းချောင်းလား ၊ မြေအောက် ရေကန် ၊ ရေအိုင်းလား ဆိုတာ သေခြာ မသိရပါ။ မြေအောက်စမ်းချောင်းဆိုလျှင် ထိုမှ ဆက်၍သွားလို့ရနိုင်သေးသလို အဆုံးသတ်ကို ပြောဖို့ မဖြစ်နိုင်သေးပါ။

ဂူအဆုံးကိုတော့ ဘယ်သူမှ မရောက်ဖူးသေးကြောင်း ပြောကြပါသည်။ ဂူတွင်း အနက်ပိုင်းမှာ အောက်ဆီဂျင်လုံလောက်စွာ မရနိုင်တာတွေကြောင့် မည်သူမှဂူအဆုံးထိ သွားရောက်လေ့လာနိုင်ခြင်း မရှိကြောင်း ဆိုကြပါသည်။ အမှန်ပင်ဆိုပါက သေခြာ သုတေသနပြုရမည့် နေရာတစ်နေရာပင် ဖြစ်ပါသည်။

ကြတ်ဂူကြီး ပတ်ဝန်းကျင်
 
ကယားပြည်နယ် ကြတ်ဂူရောက် အမှတ်တရ
လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း ၊ ဒေသတွင် တည်ငြိမ်မှုအားနည်းခြင်းများကြောင့် လူသူအရောက်အပေါက် နည်းခဲ့ရသည့် ကယားပြည်နယ်တွင် ယခုအခါ ခရီးသွားပြည်သူများ စိတ်ဝင်တစား သွားရောက်တတ်ကြသည့် ပြည်နယ်တစ်ခု ဖြစ်လာပါပြီ။ သာယာလှပသည့် ကယားပြည်နယ်၏ ရှု့ခင်းအလှများနှင့် သဘာဝအလှအပများကို ခံစားနိုင်သည့် ခရီးစဉ်တစ်ခု ဖြစ်ပါသည်။ ထို့ပြင် အသိရခက်ပြီး လှို့ဝှက်မှုများရှိနေသည့် မြန်မာပြည်၏ အရှည်ဆုံးလှိုဏ်ဂူစာရင်းဝင် ကြတ်ဂူကြီးသို့ တစ်ခါတစ်ခေါက် သွားရောက်လေ့လာသင့်ပါကြောင်း နေခရမ်းမှ တိုက်တွန်းလိုက်ပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...