Wednesday, November 29, 2017

သာယာလှပသည့် ပြင်သစ်နိုင်ငံမှ ရှေးခေတ်တူးမြောင်းကြီး

Atlantic သမုဒ္ဒရာ နှင့် Mediterranean ပင်လယ်တို့ကို ပေါင်းကူးဆက်သွယ်ထားပြီး ပြင်သစ်နိုင်ငံ တောင်ပိုင်းစွန်းပိုင်းတွင် တည်ရှိသည့် Canal du Midi တူးမြောင်းရှည်ကြီးကို ကမ္ဘာ့အလှပဆုံး တူးမြောင်းများတွင် တစ်ခုအပါအ၀င်အဖြစ် သတ်မှတ်ထားကြပါသည်။ ထိုတူးမြောင်းကြီးသည် ၁၇ ရာစုခေတ်၏ အကြီးမားဆုံး တည်ဆောက်မှုများတွင် တစ်ခုအပါအ၀င် ဖြစ်သလို ရှေးခေတ် မြို့ပြ အင်ဂျင်နီယာ အတတ်ပညာ၏ အံ့ချီးလောက်သည့် တည်ဆောက်မှုတစ်ခုအဖြစ်လည်း သတ်မှတ်ခဲ့ကြပါသည်။

Canal du Midi တူးမြောင်းကြီးသည် ရှေးခေတ်အခါက Atlantic သမုဒ္ဒရာ နှင့် Mediterranean ပင်လယ်တို့ကို ဆက်သွယ်ရာတွင် ကြုံတွေ့ရသော အခက်အခဲများကို ဖြေရှင်းနိုင်ခဲ့သည့် တူးမြောင်းဖြစ်ပါသည်။ Atlantic သမုဒ္ဒရာ နှင့် Mediterranean ပင်လယ်တို့ကို ဆက်သွယ်ရာတွင် တူးမြောင်း အပိုင်း နှစ်ပိုင်း ပါဝင်ပြီး Canal du Midi နှင့် Canal de Garonne ဟူ၍ ဖြစ်ပါသည်။ သာယာလှပသည့် Canal du Midi တူးမြောင်းကြီးကို ၁၆၆၇ ခုနှစ်တွင် စတင်ဖောက်လုပ်ခဲ့ခြင်း ဖြစ်ပါသည်။

မတူညီသော သမုဒ္ဒရာ နှင့် ပင်လယ်ကို ဆက်သွယ်ရမည့် တူးမြောင်းကြီး ဖောက်လုပ်ဖို့အတွက် ခက်ခဲသော နည်းပညာများကို Pierre-Paul Riquet ဆိုသူ ပညာရှင်မှ ဖြေရှင်းတူးဖော်ပေးခဲ့ခြင်း ဖြစ်ပါသည်။ ၁၆၆၇ ခုနှစ်တွင် စတင်ဖောက်လုပ်ခဲ့သော တူးမြောင်းကြီးသည် ၁၆၈၁ ခု ၊ မေလ ၊ ၁၅ ရက်နေ့တွင် ပြီးစီးခဲ့ပါသည်။

Canal du Midi ရှေးဟောင်းတူးမြောင်းကြီးသည် မိုင် ၁၅၀ (၂၄၀ ကီလိုမီတာ) အထိ ရှည်လျားပါသည်။ တူးမြောင်းကြီး၏ မူလအမည်မှာ Canal royal en Languedoc ဖြစ်ပြီး ပြင်သစ်တော်လှန်ရေးကြီး ဖြစ်ပွားပြီးနောက်ပိုင်းမှ Canal du Midi ဟု အမည်ပြန်ပြောင်းခဲ့ခြင်း ဖြစ်ပါသည်။

Canal du Midi တူးမြောင်းကြီး စတင်ဖောက်လုပ်ပြီးချိန်ကတည်းက ကူးသန်းရောင်းဝယ် ပို့ဆောင်ရေးအတွက် များစွာ အသုံးဝင်ခဲ့ပြီး ယနေ့အချိန်အထိလည်း သုံး၍ ရနေပါသေးသည်။ ဥရောတိုက်တွင် ယနေ့အချိန်အထိ အသုံးပြု၍ရသော သက်တမ်းရင့် ရှေးဟောင်းတူးမြောင်းကြီးများတွင် တစ်ခုအပါအ၀င် ဖြစ်ပါသည်။ ၁၉၉၆ ခုနှစ်တွင် ယူနက်စကိုမှ ကမ္ဘာ့အမွေအနှစ်ဒေသ တစ်ခုအဖြစ်လည်း သတ်မှတ်ခဲ့ကြပါသည်။

ထို့ပြင် တူးမြောင်းတစ်လျောက် လှပသော ရှု့ခင်းများကြောင့် ခရီးသွား ဧည့်သည်များ၏ လာရောက်လည်ပတ်ရာ အဓိက နေရာတစ်နေရာလည်း ဖြစ်နေပါသည်။ Canal du Midi တူးမြောင်းကြီးတစ်လျောက် သာယာလှပသော ရှု့ခင်းများကို ကြည့်လိုက်ကြရအောင်ဗျာ…








သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...