Tuesday, December 12, 2017

ကမ္ဘာ့မှတ်တမ်း အမွေအနှစ်ဖြစ်သော ဘုရင့်နောင်မင်း ခေါင်းလောင်းစာ


ပုဂံမြို့ ရွှေစည်းခုံစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ရှိ ဘုရင့်နောင်မင်းတရားကြီး လှူဒါန်းခဲ့သော ခေါင်းလောင်းကြီးပေါ်တွင် ရေးထိုးထားသော စာ များကို ကမ္ဘာ့မှတ်တမ်းအမွေအနှစ်အဖြစ် သတ်မှတ်ခဲ့ကြပါသည်။ အဆိုပါ ခေါင်းလောင်းကြီးကို မြန်မာသက္ကရာဇ် ၉၁၇ ( အေဒီ ၁၅၅၇ ) ခုနှစ် နယုန်လပြည့်ကျော် ၁၁ ရက် တနင်္ဂနွေနေ့တွင် ကြေးခွက် ၂၁၀ဝ ဖြင့် သွန်းလုပ်ခဲ့ပြီး ပုဂံ ၊ ညောင်ဦးမြို့ရှိ ရွှေစည်းခုံဘုရားကြီး၏ ရင်ပြင်တော်ပေါ်တွင်လှူဒါန်းခဲ့ခြင်း ဖြစ်ပါသည်။

ခေါင်းလောင်းကြီးပေါ်တွင် ပါဠိ၊ မွန်၊ မြန်မာ သုံးဘာသာဖြင့် ဘုရင့်နောင်မင်းကြီး၏ ဆောင်ရွက်ချက်များကို ရေးထိုးမှတ်တမ်းတင် ထားခဲ့ခြင်း ဖြစ်ပါသည်။ ထိုကဲ့သို့ ရေးထိုးထားမှုကြောင့် ဘုရင့်နောင်မင်းလက်ထပ် ဆောင်ရွက်ချက်များ ၊ တိုက်ခိုက်အောင်မြင်ရာ တိုက်ပွဲများ ၊ အရပ်ဒေသများ ၊ သာသနာပြုခဲ့ပုံများကို ရက်စွဲများဖြင့် အတိအကျသိရှိခဲ့ကြရပါသည်။
ခိုင်လုံသော သမိုင်းမှတ်တမ်း ပြက္ခဒိန်များဖြင့် တိုက်ဆိုင်စစ်ဆေးကြည့်ရာတွင် မှန်ကန်ပြည့်စုံခြင်း ၊ နောက်ပိုင်းမှ ပေါ်ထွက်လာခဲ့သော မဟာရာဇဝင်၊ မှန်နန်းရာဇဝင်တော်ကြီးများမှ  အမှားအယွင်းများကို ပြင်ဆင်နိုင်ရန် အထောက်အကူပြုခြင်း၊ သမိုင်းတွင် မသိကြရသေးသည့် အကြောင်းအရာများကို သိရခြင်း စသည့် ဝိသေသ လက္ခဏာများနှင့် ပြည့်စုံသော မော်ကွန်းစာ ဖြစသဖြင့် ကမ္ဘာ့ အမွေအနှစ် (မှတ်တမ်း) အဖြစ် သတ်မှတ်ခံရခြင်း ဖြစ်ပါသည်။
ထိုကဲ့သို့ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်နိုင်ရန် ၂၀၁၆ ခုနှစ် မေလခန့်ကတည်းက ယူနက်စကိုရှိ မှတ်တမ်း အမွေအနှစ် ကော်မတီသို့ တင်ပြထားခဲ့ပါသည်။၂၀၁၇ ခု အောက်တိုဘာ ၂၄ ရက်နေ့မှ ၂၇ ရက်နေ့ထိ ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် ကျင်းပသည့် ကမ္ဘာ့မှတ်တမ်း အမွေအနှစ် ကော်မတီ အစည်းအဝေးပြီးနောက် ရွေးချယ်သတ်မှတ် ခံရခြင်း ဖြစ်ပါသည်။
ဘုရင့်နောင် ခေါင်းလောင်းစာသည် ဒေသတွင်း အာရှပစိဖိတ် မှတ်တမ်း အမွေအနှစ် ဝင်ထားသည့်အပြင် ကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်း ဝင်သွားခဲ့သဖြင့် မြန်မာနိုင်ငံအတွက် သာမက တစ်ကမ္ဘာလုံးနှင့် သက်ဆိုင်သည့် အမွေအနှစ်တစ်ခုအဖြစ် သတ်မှတ်ခံရခြင်းလည်း ဖြစ်ပါသည်။

ရှေးဟောင်း အမွေအနှစ်ဟုဆိုလျှင် ကမ္ဘာ့မှတ်တမ်း အမွေအနှစ် နှင့် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်ဟူ၍ နှစ်မျိုးရှိပြီး ၊ ကမ္ဘာ့မှတ်တမ်း အမွေအနှစ်ဆိုသည်မှာ စာပေနှင့်ပတ်သက်သည့် အထောက်အထားများကို မှတ်တမ်းမှတ်ရာအဖြစ် ကမ္ဘာနိုင်ငံများက အသိအမှတ်ပြုခြင်းဖြစ်ပါသည်။ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်ဆိုသည်မှာ ယဉ်ကျေးမှု အမွေအနှစ်များ၊ သဘာဝ အမွေအနှစ်များ စသည်တို့ကို ကမ္ဘာ့နိုင်ငံများက ထိန်းသိမ်းရမည့် အနေအထားအဖြစ် ကမ္ဘာ့အမွေအနှစ် စာရင်သွင်းခြင်းဖြစ်ပါသည်။
ယခု ဘုရင့်နောင် ခေါင်းလောင်းစာသည် မြန်မာနိုင်ငံ တစ်ခုတည်းအတွက် တတိယမြောက် စာရင်းဝင်နိုင်ခဲ့သော ကမ္ဘာ့အမွေအနှစ် တစ်ခုဖြစ်ပါသည်။ ယခင်ကလည်း မန္တလေးမြို့ရှိ ကုသိုလ်တော်ဘုရား ကျောက်စာများသည် ၂၀၁၃ ခုနှစ်တွင် ကမ္ဘာ့မှတ်တမ်း အမွေအနှစ် စာရင်းဝင်ခဲ့ပြီး ၊ ပုဂံမြို့ဟောင်းရှိ မြစေတီ ကျောက်စာခေါ် ရာဇကုမာရ် ကျောက်စာသည် ၂၀၁၅ ခုနှစ်တွင် ကမ္ဘာ့မှတ်တမ်း အမွေအနှစ် စာရင်းဝင်ထားပြီး ဖြစ်ပါသည်။ ထို့ပြင် ယခုအချိန်တွင် မြန်မာနိုင်ငံတွင် မရှိဘဲ စာရင်းဝင်ထားသည့် ကမ္ဘာ့အမွေအနှစ် တစ်ခုမှာ ဂျာမနီနိုင်ငံရှိ အလောင်းမင်းတရားကြီး၏ ရွှေပေလွှာ ဖြစ်ပါသည်။ ထိုအကြောင်းအရာများကို နေခရမ်းမှ သီးခြားပိုစ့်တစ်ခု ရေးတင်ပေးပြီး ဖြစ်ပါသည်။
ထို့ကြောင့် ပုဂံ ရွှေစည်းခုံစေတီတော်ကြီးရှိ ဟံသာဝတီဆင်ဖြူရှင် ဘုရင့်နောင်မင်း ခေါင်းလောင်းစာများသည် မြန်မာမြေပေါ်တွင် တည်ရှိသည့် တတိယမြောက် ကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်းဝင်အဖြစ် တင့်တယ်စွာ တည်ရှိနေပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...