
ပစိဖိတ်သမုဒ္ဒရာ အတွင်းရှိ အက်ကွေဒေါ နိုင်ငံပိုင် ဂါလာပါဂို့စ် ကျွန်းစုပေါ်တွင် လိပ်ကြီးမျိုးစိတ်သစ် တစ်မျိုး တွေ့ရှိရကြောင်း သိပ္ပံပညာရှင်များက ထုတ်ပြန် ပြောကြားသည်။
ဂါလာပါဂို့စ် ကျွန်းစုအတွင်းရှိ ဆန်တာခရတ်ဇ် ကျွန်းပေါ်မှ လိပ်ကြီးကောင်ရေ (၂၅၀)ခန့်သည် မှတ်တမ်း မတင်ရသေးသော မျိုးစိတ်သစ်ထဲတွင် ပါဝင်ကြောင်း မျိုးဗီဇ စစ်ဆေး အတည်ပြုနိုင်ခဲ့သည်။ ယခုမျိုးစိတ်သစ်နှင့်ပါဆိုလျှင် ဂါလာပါဂို့စ် ကျွန်းစုများပေါ်တွင် လိပ်မျိုးစိတ်(၁၅) မျိုးထိ ရှိလာခြင်း ဖြစ်သည်။ လေးမျိုးသည်ကား ယခုအခါ မျိုးသုဉ်း ပျောက်ကွယ်သွားကြပြီ ဖြစ်သည်။
တွေ့ရှိထားသော လိပ်ကြီးမျိုးစိတ်သစ်ကို ချလိုနိုင်ဒီ ဒွန်ဖူတိုင်ဟု အမည်ပေးထားသည်။ ဂါလာပါဂို့စ် သဘာဝဥယျာဉ် ထိန်းသိမ်းရေးမှူးဟောင်း တစ်ဦးကို ဂုဏ်ပြုမှည့်ခေါ်ထားခြင်း ဖြစ်သည်။ ဂါလာပါဂို့စ် လိပ်ကြီးမျိုးတို့သည် တစ်ကောင်လျှင် (၂၅၀)ကီလိုဂရမ်နီးပါး လေးပြီး နှစ် (၁၀၀) ကျော်ထိ အသက်ရှည်နိုင်ကြသည်။
ဆန်တာခရတ်ဇ် ကျွန်းပေါ်တွင် တွေ့ရသော လိပ်ကြီးမျိုးတို့သည် မျိုးဗီဇတစ်ခုတည်းမှ ဆင်းသက်သည်ဟု သိပ္ပံပညာရှင်များ ယခင်က ယူဆခဲ့သော်လည်း ယခုအခါ အသေးစိတ် စစ်ဆေးကြည့်သည်တွင်မှ မျိုးဗီဇ လုံးဝကွဲပြားကြကြောင်း တွေ့ခဲ့ရခြင်း ဖြစ်သည်။
နောက်ဆုံး တွေ့ရှိထားသော လိပ်ကြီးမျိုးစိတ်သစ်ကို ဆန်တာခရတ်ဇ် အရှေ့ ပိုင်းလိပ်ဟုလည်း ခေါ်ဝေါ်ကြသည်။ ဆန်တာခရတ်ဇ်ကျွန်း အရှေ့ခြမ်းတွင်သာ တွေ့ရပြီး၊ အခြားကျွန်းများမှ လိပ်များနှင့်လည်း မျိုးဗီဇီ လုံးဝကွဲလွဲကြောင်း သိရသည်။
ဂါလာပါဂို့စ် ကျွန်းစုများတွင် ယခုလိပ်ကြီးမျိုး (၂၅၀)အပြင် အခြားသောလိပ်ပေါင်း နှစ်ထောင်နီးပါး ကျက်စားနေကြောင်း သိရသည်။
Source: BBC
Credit: messengernewsjournal.com
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။